News

POST TYPE

ARTICLE

အိန္ဒိယတွင် ဘာသာရေးပွဲတော်တစ်ခုသို့ တက်ရောက်နေသည့် လူအုပ်ကြီးထဲသို့ အမြန်ရထား အရှိန်ဖြင့်ဝင်တိုက်၊ လူ ၆၀ ခန့် သေဆုံး
21-Oct-2018


နယူးဒေလီ၊ အောက်တိုဘာ ၂၀

အိန္ဒိယနိုင်ငံ ဟိန္ဒူဘာသာရေးပွဲတော်တစ်ခုကျင်းပနေသည့် လူအုပ်ကြီးထဲသို့ အမြန်ရထားတစ်စီး အရှိန်ဖြင့်ဝင်တိုက်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၆၀ ခန့် သေဆုံးသွားကြောင်းနှင့် ယင်းဖြစ်ရပ်သည် ယခုနှစ်အတွက် အိန္ဒိယနိုင်ငံ၏ အဆိုးရွားဆုံးမီးရထားမတော်တဆမှုဖြစ်ကြောင်း အာဏာပိုင်များ၏ ပြောကြားချက်ကို DW သတင်းဌာနက ရေးသားဖော်ပြသည်။ 

ပန်ဂျက်ပြည်နယ်ရှိ အမရစ်ဆာစီတီးတွင် သောကြာနေ့က ဟိန္ဒူလူမျိုးတို့၏ ဒူဆီရာအမည်ရ ဘာသာရေးပွဲတော်တစ်ခုကို ကျင်းပနေစဉ် လူအမြောက်အမြားမှာ ရထားသံလမ်းအနီးတစ်ဝိုက်တွင် စုဝေးရောက်ရှိနေခဲ့သည်။

မျက်မြင်သက်သေများအဆိုအရ ဘာသာရေးပွဲတော်သို့တက်ရောက်လာသူအများစုမှာ သံလမ်းပေါ်တွင် မတ်တတ်ရပ်နေခဲ့ကြောင်း၊ ဗြောက်အိုးများ အဆက်မပြတ်ဖောက်သံများကြောင့် ရထားလာနေသည်ကို သတိမထားမိခဲ့ကြကြောင်း ပြောကြားသည်။ ရထားမှာ ရုတ်တရက်ဘရိတ်အုပ်ကာ မရပ်တန့်နိုင်ခဲ့သောကြောင့် ဘာသာရေးပွဲတော်လာသူအများစုမှာ ရထားတိုက်မိကာ ပွဲချင်းပြီးသေဆုံးသွားခဲ့သည်။ ပွဲတော်အနီးတစ်ဝိုက်တွင် လူ့ခန္ဓာကိုယ်အစိတ်အပိုင်းများ ပြန့်ကြဲသွားသည်ကို တုန်လှုပ်ချောက်ချားဖွယ်မြင်တွေ့ရကြောင်း ၎င်းတို့က ဆိုသည်။ 

ပြည်တွင်းသတင်းမီဒီယာများ၏ အဆိုအရ ဒဏ်ရာရရှိသွားသူအမြောက်အမြားရှိခဲ့ပြီး ၎င်းတို့ကိုအနီးရှိ ဆေးရုံများသို့ အရေးပေါ်တင်ပို့လိုက်ကြောင်း သိရသည်။ 

မီးရထားဌာနမှ တာဝန်ရှိသူ ဗစ်ဝက်စ်ဝါချောင်ဘီက လူအများစုမှာ ရထားသံလမ်းပေါ်တွင်ရပ်ကာ မိစ္ဆာဘုရင် ရာဗနာရုပ်တုအား မီးရှို့သည့် အခမ်းအနားကို ကြည့်ရှုနေခဲ့ကြောင်း၊ ရထားတိုက်ခံရသူများသည် ဗြောက်အိုးသံနှင့် အခြားလော်စပီကာသံများကြောင့် ရထားသံကို မကြားခဲ့ကြောင်း ပြောကြားသည်။ 

အခြား မျက်မြင်သက်သေတစ်ဦးက “လူတချို့က ရထားလာနေတယ်၊ အရမ်းမြန်တယ်လို့ အော်ဟစ်သတိပေးကြတယ်။ လူတွေလည်း ကြောက်လန့်တကြားနဲ့ ထွက်ပြေးကြတယ်၊ အဲဒီအချိန်မှာပဲ ရထားက လူအုပ်ထဲကို အရှိန်နဲ့ဝင်တိုက်တော့တာပဲ” ဟု ပြောကြားသည်။ 

အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ မီးရထားဌာနတွင် တာဝန်ရှိသလော သို့မဟုတ် ဘာသာရေးပွဲတော်ကို ကျင်းပပေးသည့် အဖွဲ့အစည်းတွင် တာဝန်ရှိသလောဟူသည့်မေးခွန်းမှာ ပြည်သူများအကြားအပြောများနေသည်။ ထို့ပြင် အမြန်ရထားများ ခုတ်မောင်းသွားလာနေသောရထားလမ်းအနီး ပွဲတော်ကျင်းပရာ၌ သံလမ်းပေါ်သို့ လူများမတက်နိုင်အောင် အဟန့်အတား တစ်စုံတစ်ရာမထားရှိခြင်းအတွက်လည်း ပြစ်တင်ဝေဖန်ခံနေရသည်။ 

ယင်းဘာသာရေးပွဲတော်သို့ တက်ရောက်ခဲ့သည့် ကွန်ဂရက်ပါတီမှ နိုင်ငံရေးသမားတစ်ဦးက ယင်းပွဲတော်မှာ နှစ်စဉ်ကျင်းပလေ့ရှိကြောင်း၊ ကျင်းပချိန်တွင် ရထားများအနေနှင့် အဆိုပါနေရာအရောက်တွင် အရှိန်လျှော့ကာမောင်းနှင်ပေးရန် သတိပေးချက်ပုံမှန်ထုတ်ပြန်ထားကြောင်း ပြောကြားသည်။

F-01