News

POST TYPE

ARTICLE

အိန္ဒိယရှိ ဆာဘရီမာလာဘုရားကျောင်းအနီးတွင် အမျိုးသမီးများကို လူအုပ်ကြီးက တိုက်ခိုက်
19-Oct-2018


ဒေလီ၊ အောက်တိုဘာ ၁၈

အိန္ဒိယနိုင်ငံဆာဘရီမာလာဟိန္ဒူဘုရားကျောင်းသို့ အမျိုးသမီးများဝင် ရောက်ခွင့်ကိုသမိုင်းဝင် ခုံရုံးဆုံးဖြတ်ချက်ဖြင့် ခွင့်ပြုပေးလိုက်ပြီဖြစ်သော်လည်း ဒေါသထွက်နေသော ဟိန္ဒူအမျိုးသား လူအုပ်ကြီးက အမျိုးသမီးများမဝင်ရောက်စေရန် တားဆီးတိုက်ခိုက်ခဲ့ကြသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

ကာရာလာပြည်နယ် ဆာဘရီမာလာ ဘုရားကျောင်းအနီးတွင် ဒေါသထွက်နေသောလူအုပ်ကြီး၏ တိုက်ခိုက်မှုကြောင့် အမျိုးသမီးများနောက်ပြန်လှည့်ခဲ့ရသည်။ လူအုပ်ကြီးက ကားများကိုကျောက်ခဲများဖြင့် ပစ်ပေါက်ခဲ့သည့်အပြင် ရဲများကိုတိုက်ခိုက်ခဲ့သောကြောင့် အမျိုးသမီးကြီးများ အပါအဝင် လူအမြောက်အမြားဒဏ်ရာ ရရှိခဲ့သည်။

၎င်းဘုရားကျောင်းသည် ဓမ္မတာ ရာသီလာသည့် အသက်အရွယ် အမျိုးသမီးအားလုံးကို သန့်စင်မှုမရှိဟု ယူဆကာ ယခင်ကတည်းက ဝင်ခွင့်ပိတ်ပင်ထားခဲ့သည်။

အိန္ဒိယအထက်ခုံရုံးက ဘာသာရေး ယုံကြည်ကိုးကွယ်ခွင့်သည် ကျား၊ မ တန်းတူ ဖြစ်ရမည်ဟုပြောကြားကာ အမျိုးသမီးများအား ဘုရားကျောင်းသို့ ဝင်ခွင့်ပေးရန် ယခင်လက သမိုင်းဝင် ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့သည်။

တရားရုံးအမိန့်ကြောင့် ဘုရားကျောင်း တံခါးများကိုဖွင့်ပေးခဲ့ရသော်လည်း ဆန္ဒပြ လူအုပ်၏တားဆီးမှုကြောင့် အမျိုးသမီးတစ်ဦးတလေမှ ဝင်ခွင့်မရခဲ့ပေ။

ဆန္ဒပြလူအုပ်ကြီးသည် လမ်းကိုပိတ်ဆို့ထားပြီး ဓမ္မတာရာသီလာသည့်အရွယ် အသက် ၁၀ နှင့် ၅၀ အကြားအမျိုးသမီးများ လိုက်ပါလာသည့်ကားများကို ရှာဖွေကာ ကျောက်ခဲများဖြင့် ပစ်ပေါက်တားဆီးခဲ့ကြသည်။ အကာအကွယ်ပေးနေသော ရဲများကိုလည်း တိုက်ခိုက်ခဲ့ကြသည်။

ထို့ပြင် ဆန္ဒပြလူအုပ်က သတင်းထောက်များကိုလည်း မျှတစွာရေးသား ဖော်ပြခဲ့ခြင်းမရှိဟု ယူဆသတ်မှတ်ကာ တိုက်ခိုက်ခဲ့ကြသည်။ ဆန္ဒပြလူအုပ်ထဲတွင် အမျိုးသမီးများလည်း ပါဝင်သည်ဟု သိရှိရသည်။ 

နှစ် ၈၀၀ သက်တမ်းရှိပြီး မတ်စောက်သော တောင်ထိပ်တွင် ရှိသောဘုရားကျောင်းသို့ နှစ်စဉ် အမျိုးသားဘုရားဖူးများအရေအတွက် သန်းနှင့်ချီ၍ လာရောက်လေ့ရှိသည်။ ၎င်းတို့သည် ဘုရားကျောင်းသို့ မလာမီ ၄၁ ရက် ဥပုသ်စောင့်ရသည်ဟု သိရှိရသည်။

ဘုရားကျောင်းသို့ အမျိုးသမီးများအား ဝင်ခွင့်ပြုရေးလှုပ်ရှားမှုသည် ၂၀၁၆ တွင် ကျောင်းသူများ၏ ဆန္ဒပြတောင်းဆိုမှု အပြီး၌ အရှိန်ရလာခဲ့သည်။ လှုပ်ရှားမှုကို စတင်ခဲ့သူ နီကီတာအဇတ်က အမျိုးသမီးများသည် သွားချင်သည့်နေရာသို့ သွားချင်သည့်အချိန်တွင် သွားနိုင်ခွင့် ရှိရမည်ဟု ပြောကြားခဲ့သည်။ 

ခုံရုံးသို့ ဦးတိုက်လျှောက်ထားခဲ့သော အမျိုးသမီးအရေးလှုပ်ရှားသူများက ဘုရားကျောင်း၏ ဓလေ့ထုံးစံသည် အခြေခံဥပဒေက ပြဋ္ဌာန်းသတ်မှတ်ထားသော တန်းတူညီမျှရေးကို ချိုးဖောက်သည့်အပြင် အမျိုးသမီးများ၏ ယုံကြည်ကိုးကွယ်ခွင့်ကို ဖိနှိပ်ထားသည်ဟု တင်ပြခဲ့ကြသည်။

F-04
 


  • VIA