News

POST TYPE

ARTICLE

Eleven မီဒီယာအပေါ် တရားစွဲဆိုထားမှုကို သတင်းမီဒီယာကောင်စီနှင့် ညှိနှိုင်းရန် သမ္မတညွှန်ကြား၊ တရားစွဲမှု ရုပ်သိမ်းပေးမှသာ ညှိနှိုင်းပေးမည်ဟု ကောင်စီအကြောင်းပြန်
19-Oct-2018


ရန်ကုန်၊ အောက်တိုဘာ ၁၈

ရန်ကုန်တိုင်းဒေသကြီးအစိုးရက Eleven မီဒီယာအပေါ် နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် တရားစွဲဆိုထားမှုအပေါ် သတင်းမီဒီယာဥပဒေအရ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီသို့ တိုင်ကြားပြီး နှစ်ဖက်ညှိနှိုင်းရန် နိုင်ငံတော်သမ္မတက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ ညွှန်ကြားလိုက်သည်။

ပြည်ထောင်စု အစိုးရအဖွဲ့ထံမှ ရန်ကုန်တိုင်းဒေသကြီးအစိုးရထံပေးပို့သော ပြန်ကြားစာအရ သမ္မတ၏လမ်းညွှန်မှုများတွင် သတင်းမီဒီယာဥပဒေပုဒ်မ ၂၁ အရ နစ်နာသော အဖွဲ့အစည်း၊ ဌာန (သို့မဟုတ်) ပုဂ္ဂိုလ်သည် ရှေးဦးစွာ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီသို့ တိုင်ကြားရန်၊ သတင်းမီဒီယာဥပဒေ ပုဒ်မ ၂၂ အရ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသည် နှစ်ဖက်တွေ့ဆုံညှိနှိုင်းဖြေရှင်းပေးရန်၊ သတင်းမီဒီယာဥပဒေ ပုဒ်မ ၂၃ အရ ညှိနှိုင်းဖြေရှင်းရာ၌ ပြေလည်မှုမရှိပါက တိုင်ကြားသူ (သို့မဟုတ်) ကျေနပ်မှုမရှိသူသည် သက်ဆိုင်ရာတရားရုံးတွင် ဥပဒေနှင့်အညီ တရားစွဲရန် လမ်းညွှန်မှုပေးခဲ့သည်။

Eleven မီဒီယာနှင့် အမှုအခင်းဖြစ်နေမှုအပေါ် ကြားဝင်ဖြေရှင်းပေးရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရက မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီထံ အောက်တိုဘာ ၁၈ ရက်တွင် လာရောက်တိုင်ကြားခဲ့သော်လည်း တရားစွဲဆိုထားသောအမှုကို ရုပ်သိမ်းပေးမှသာ ကြားဝင်ညှိနှိုင်းပေးနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဒုတိယဥက္ကဋ္ဌဦးအုန်းကြိုင်က ပြောကြားသည်။

Eleven ၏ သတင်းသမားသုံးဦးတရားစွဲထားခြင်းကို ပြန်ရုပ်သိမ်းရန် သင့်၊ မသင့် ရန်ကုန်တိုင်းအစိုးရ၏ ဆုံးဖြတ်ချက်ကို ယနေ့ (အောက်တိုဘာလ ၁၉ ရက်) သိရမည်ဖြစ်ပြီး ယင်းနေ့တွင် Eleven Media မှ တာဝန်ရှိသူများနှင့်တိုင်းအစိုးရအဖွဲ့တို့ကို တွေ့ဆုံမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ဒီနေ့ ဦးအောင်ကျော်ခိုင်ကိုယ်တိုင်လာပြီး ကြားဝင်ဖြေရှင်းပေးဖို့ တောင်းဆိုတယ်။ တိုင်ကြားတယ်။ အဖမ်းခံထားရတဲ့ ပုဂ္ဂိုလ်သုံးဦးကလည်း သူတို့အဖမ်းခံရတဲ့နေ့မှပဲ မီဒီယာကို ကြားဝင်ဖြေရှင်းပေးဖို့တင်ပြသွားတယ်။ နှစ်ဖက်စလုံးက ညှိနှိုင်းဖြေရှင်းပေးပါလို့ တောင်းဆိုကြတာပဲ။ အဲဒီနေရာမှာ ရုံးကို တိုက်ရိုက်ဦးတိုက်လျှောက်ပြီး ရောက်သွားတဲ့အတွက် အဘတို့ကောင်စီအနေနဲ့ ခက်ခဲသွားတယ်။ အခုလို လာရောက်ပြီး တောင်းဆိုတဲ့အတွက် အဘတို့ လမ်းကြောင်းပွင့်ပါတယ်။ အမှုရုပ်သိမ်းပေးမှ ဆောင်ရွက်လို့ရမယ်လို့ ပြောလိုက်ပါတယ်” ဟု ဦးအုန်းကြိုင်က ဆိုသည်။

နိုင်ငံတော် သမ္မတရုံးအနေနှင့်လည်း မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီမှ ဆုံးဖြတ်ချက်ကို မကျေနပ်မှသာလျှင် တရားရုံးကို တိုင်ကြားဖို့ ညွှန်ကြားထားကြောင်း မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဒုတိယဥက္ကဋ္ဌ ဦးအုန်းကြိုင်က ဆက်လက်ဆိုသည်။

“ဒီကိစ္စနဲ့ ပတ်သက်လို့ မနက်ဖြန်တွေ့ဆုံပြီးရတဲ့အပေါ် မူတည်ပြီး ဆက်လက်ပြီး ဆောင်ရွက်သွားမှာပါ” ဟု Eleven Media မှ အမှုဆောင်အယ်ဒီတာဖြစ်သူ ကိုဦး (သင်္ချာ) က ဆိုသည်။

အောက်တိုဘာလ ၈ ရက်က ထွက်ရှိ ခဲ့သည့် Weekly Eleven News Journal တွင် ဖော်ပြခဲ့သော “အမြဲရှုံးနေတဲ့ စက်သုံးဆီဆိုင်တွေ ပိတ်ရေး၊ ငွေချေးသူဘယ်သူမှန်းမသိတဲ့ ကျောင်းကားနဲ့ လူနာမည်ပေါက်ပြည်သူ့ရှယ်ယာ” ဟူသော ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့သော စီးပွားရေးသုံးသပ်ချက်နှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ခိုင်က နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ) ဖြင့် အယ်ဒီတာ ၃ ဦးအား သတင်းမီဒီယာကောင်စီကို အသိမပေးဘဲ တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

Eleven Media Group မှ အယ်ဒီတာချုပ် ကိုကျော်ဇောလင်း၊ တာဝန်ခံအယ်ဒီတာ ကိုနရီမင်းနှင့် သတင်းထောက်ချုပ် ကိုဖြိုးဝေဝင်းတို့ကို အောက်တိုဘာလ ၈ ရက်ထုတ် Weekly Eleven New ဂျာနယ်စာမျက်နှာ ၂၆ တွင် ဖော်ပြထားသော ဆောင်းပါးနှင့် ပတ်သက်ပြီး ညှိနှိုင်းဆောင်ရွက်ပေးရန်နှင့် သတင်းမီဒီယာ ဥပဒေပုဒ်မ ၉၊ ပုဒ်မခွဲ (က) (င)(ဆ) (ဈ) ပါ သတင်းမီဒီယာသမားတစ်ဦး၏ တာဝန်နှင့် ကျင့်ဝတ်စည်းကမ်းများကို ချိုးဖောက်သည့်အတွက် ညှိနှိုင်းဖြေရှင်းပြီး အရေးယူပေးပါရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ခိုင်က မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသို့ အောက်တိုဘာလ ၁၈ ရက်တွင် လာရောက်တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ခိုင်က နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲခဲ့မှုကြောင့် Eleven မီဒီယာမှ ကိုကျော်ဇော်လင်း (အယ်ဒီတာချုပ်)၊ နရီမင်း (တာဝန်ခံ အယ်ဒီတာ)၊ ဖြိုးဝေ (အကြီးတန်း အယ်ဒီတာ) တို့ ၃ ဦးတို့ကို အင်းစိန်အကျဉ်းထောင်တွင် ဖမ်းဆီးချုပ်နှောင်ထားပြီး တာမွေမြို့နယ် တရားရုံးတွင် တရားရင်ဆိုင်နေရသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေနှင့် သက်တမ်းနှစ်နှစ်ခွဲကာလအတွင်း သတင်းမီဒီယာကို တရားစွဲဆိုခြင်း (၂) ကြိမ်ရှိခဲ့ပြီး ပထမအကြိမ် တရားစွဲဆိုစဉ်ကလည်း Eleven မီဒီယာ CEO နှင့် အယ်ဒီတာချုပ်တို့နှစ်ဦးကို ဆက်သွယ်ရေးဥပဒေဖြင့် တရားစွဲဆိုခဲ့သည်။

NLD အစိုးရလက်ထက် သတင်းမီဒီယာသမားများအပေါ် တရားစွဲဆိုထားသည့် အမှုပေါင်း ၂၄ မှုအထိရှိပြီး တရားစွဲဆိုမှုများတွင် အစိုးရဝန်ထမ်းများက တရားစွဲဆိုထားသောအမှု ၁၅ မှု၊ တပ်မတော်က တရားစွဲဆိုထားသော အမှု ၃ မှုနှင့် အခြားသူများက စွဲဆိုထားသော အမှု ၆ မှုအထိရှိကြောင်း စက်တင်ဘာလအတွင်းက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားမှုအဖွဲ့ (အသံ) အဖွဲ့က ထုတ်ဝေခဲ့သည့် သုတေသနစာတမ်းတွင် ဖော်ပြထားသည်။

J-10