News

POST TYPE

ARTICLE

လွိုင်ကော်၌ ဗိုလ်ချုပ်ကြေးရုပ်မထားရန် ဆန္ဒပြ၍ တရားစွဲခံထားရသူများ စုပေါင်းရုံးဖြင့် စစ်ဆေးရန် လျှောက်ထား
18-Oct-2018
တောင်ငူ၊ အောက်တိုဘာ ၁၇

ကယားပြည်နယ် လွိုင်ကော်မြို့တွင် ပြည်နယ်အစိုးရအဖွဲ့က စိုက်ထူရန် ပြင်ဆင်ခဲ့သည့် ဗိုလ်ချုပ်ကြေးရုပ်ကိစ္စနှင့် ပတ်သက်ပြီး ကန့်ကွက်ဆန္ဒပြသူ ကရင်နီလူငယ် ၂၃ ဦး တရားစွဲဆိုခံထားရသည့်အနက် ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားရင်ဆိုင်နေကြရသူ လူငယ် ၉ ဦးက စုပေါင်းရုံးဖြင့် တရားရင်ဆိုင်ခွင့်ပြုရန် တင်ပြလျှောက်ထားခဲ့ကြောင်း တရားစွဲခံထားရသူ မျိုးလှိုင်ဝင်း (ခ) ပါစကွားလယ်က ပြောကြားသည်။

“တရားရုံးပေါင်းငါးခုမှာ တရားရင်ဆိုင်ကြရတာ တနင်္လာကနေ သောကြာနေ့ထိ မနားရဘူး၊ ဒါကြောင့် တရားစွဲခံရတဲ့ ကိုးဦး ပြည်နယ်တရားလွှတ်တော်ရုံးမှာ တရားရင်ဆိုင်ခွင့်ရဖို့ ကနေ့ပဲ စတင်လျှောက်ထားလိုက်ပါတယ်၊ ရမယ်မရဘူးတော့မသိသေးဘူး” ဟု ၎င်းက ပြောကြားသည်။

ဗိုလ်ချုပ်ကြေးရုပ်ပြဿနာနှင့် ပတ်သက်ပြီး နိုင်ငံတော်ကိုအကြည်ညို ပျက်စေမှုပုဒ်မ ၅၀၅ (ခ) (ဂ) နှင့် ငြိမ်းစုစီ ပုဒ်မ ၁၉/၂၀ တို့ဖြင့် ကရင်နီလူငယ် ၂၃ ဦး တရားရင်ဆိုင်နေကြရပြီး ပြီးခဲ့သည့် ဩဂုတ်လနောက်ဆုံးပတ်က သက်ဆိုင်ရာနယ်မြေ တရားရုံးများတွင် အချုပ်လွှတ်တရားရင်ဆိုင်ခွင့်ရရှိခဲ့သော်လည်း မြို့နယ်ငါးခုတွင် နေ့စဉ်နီးပါး တရားရင်ဆိုင်နေကြရသဖြင့် ယခုကဲ့သို့ ပုဒ်မတူသူ ၉ ဦးက စုပေါင်းရုံးဖြင့် လျှောက်ထားခွင့်တင်ခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

ပြည်နယ်တရားလွှတ်တော်ရုံးတွင် စုပေါင်းရုံးကို ဖွင့်လှစ်ပေးပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မများဖြင့် တရားစွဲခံထားရသူများကို တရားရင်ဆိုင်ခွင့်ပေးရန် လျှောက်ထားသူ ၉ ဦးမှာ မျိုးလှိုင်ဝင်း (ခ) ပါစကွားလယ်၊ ဒီးဒီ၊ ခွန်သောမက်၊ ဖိလစ်၊ ကောရီယို၊ ဘွဲ့ထူး၊ ဖရစ်စ္စကို၊ မကာမေးလာနှင့် ရိုစီကျော်တို့ဖြစ်ပြီး တရားရုံးဘက်မှ အကြောင်းပြန်ကြားချက်မရရှိသေးပေ။

ကယားပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်ပြီး လွိုင်ကော်မြို့နယ် ကန္ဒာဟေဝန် ပန်းခြံတွင် စိုက်ထူရန်ပြင်ဆင်ခြင်းနှင့် ပတ်သက်ပြီး ကရင်နီလူငယ်များနှင့် အရပ်ဘက်အဖွဲ့အစည်းများကို ပြည်နယ်အစိုးရ အဖွဲ့ရုံးတွင် ခေါ်ယူတွေ့ဆုံခဲ့ပြီးနောက်အစိုးရက ဖွဲ့စည်းပေးထားသည့် ကြေးရုပ်တု ဖြစ်မြောက်ရေးကော်မတီကို ရပ်ဆိုင်းခဲ့သော်လည်း ရပ်မိရပ်ဖများ အကူအညီဖြင့် ပြန်လည်လုပ်ဆောင်ရန် ပြင်ဆင်နေကြောင်း ကရင်နီလူငယ်များက ဆိုသည်။

R-15