News

POST TYPE

ARTICLE

ရိုးမဘဏ်နှင့် MC Easy တို့ ပူးပေါင်းပြီး အသေးစားလုပ်ငန်းများကို ကျပ် ၈ ဘီလီယံ ချေးမည်
16-Oct-2018
ရန်ကုန်၊ အောက်တိုဘာ ၁၅

ရိုးမဘဏ်နှင့် အသေးစားငွေရေးကြေးရေးကုမ္ပဏီ MC Easy Micro-finance တို့ ပူးပေါင်းပြီး အသေးစားလုပ်ငန်းများနှင့် စွန့်ဦးတီထွင်သူများကို ကျပ် ၈ ဘီလီယံ ချေးငွေထုတ်ချေးမည်ဖြစ်ကြောင်း ရိုးမဘဏ်ထံမှ သိရသည်။

အဆိုပါချေးငွေများ ထုတ်ချေးနိုင်ရန်အတွက် ကုမ္ပဏီနှစ်ခုအကြား ကျပ် ၄ ဘီလီယံစီတန်ဖိုးရှိ ငွေကြေးသဘောတူညီမှုနှစ်ခုကို စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း ယင်းကုမ္ပဏီများထံမှ သိရသည်။

ယင်းသဘောတူညီမှုများအရ MC Easy အသေးစားငွေရေးကြေးရေး ကုမ္ပဏီ၏ လုပ်ငန်းများကို တိုးချဲ့လုပ်ဆောင်နိုင်မည်ဖြစ်ပြီး လုပ်ငန်းလည်ပတ်ရန်အတွက် အရင်းအနှီးလိုအပ်နေသော အသေးစားစီးပွားရေးလုပ်ငန်းရှင်များနှင့် စွန့်ဦးတီထွင်သူပေါင်း ၂၈,၀၀၀ ခန့်ကို ချေးငွေများ ထုတ်ချေးပေးနိုင်မည်ဖြစ်ကြောင်း ရိုးမဘဏ်ထံမှ သိရသည်။ 

“ရိုးမဘဏ်နဲ့ ပူးပေါင်းဆောင်ရွက်ခွင့်ရခြင်းက ကျွန်တော်တို့ရဲ့လုပ်ငန်းတွေ တိုးချဲ့လုပ်ဆောင်နိုင်ဖို့အပြင် အသေးစားလုပ်ငန်းရှင်တွေရဲ့ လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာစေဖို့၊ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်ဖို့နဲ့ လူမှုဘဝတွေ ဖွံ့ဖြိုးတိုးတက်လာစေဖို့ အဓိကလိုအပ်တဲ့ ချေးငွေဝန်ဆောင်မှုတွေ ပေးနိုင်မှာဖြစ်ပါတယ်” ဟု MC Easy အသေးစားငွေရေးကြေးရေးကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာ Mr.Frank Snieders က ပြောကြားကြောင်း ရိုးမဘဏ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

MC Easy ကုမ္ပဏီသည် လက်ရှိအချိန်တွင် ရန်ကုန်၊ နေပြည်တော်၊ စစ်ကိုင်း၊ မကွေးတိုင်းဒေသကြီး၊ မွန်နှင့် ကရင်ပြည်နယ်တို့တွင် ရုံးခွဲပေါင်း ၁၂ ခု ဖွင့်လှစ်ထားပြီး လူပေါင်း ခုနစ်သောင်းကို ကျပ် ၂၀ ဘီလီယံကျော်အထိ ချေးငွေထုတ်ချေးပေးထားလျက်ရှိသည်။

J-01