News

POST TYPE

ARTICLE

မန္တလေးတိုင်း စိုက်ပျိုးစရိတ်ချေးငွေ လျာထားချက်အောက်လျော့
16-Oct-2018
မန္တလေး၊ အောက်တိုဘာ ၁၅

မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် (မန္တလေးတိုင်း) က တိုင်းအတွင်းရှိ တောင်သူများကို မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေထုတ်ချေးပေးခဲ့သော်လည်း လျာထားချက်အောက် လျော့ကျခဲ့ကြောင်း ယင်းဘဏ်ထံမှ သိရသည်။

မန္တလေးတိုင်းအတွင်းရှိ မြို့နယ် ၂၃ မြို့နယ်မှ တောင်သူများကို ၂၀၁၈ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်အတွက် ကျပ် ၁၂၄ ဘီလီယံ ထုတ်ချေးရန် လျာထားခဲ့သော်လည်း တောင်သူနှစ်သိန်းကျော်ကို ကျပ် ၁၀၈ ဘီလီယံသာ ထုတ်ချေးပေးခဲ့ရကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (မန္တလေးတိုင်း) မန်နေဂျာ ဦးစုက ပြောကြားသည်။

“တောင်သူတွေ ဘဏ်ချေးငွေထုတ်တာ လျော့နည်းလာတာက ပြီးခဲ့တဲ့ ဘဏ်ချေးငွေအကြွေးကျန်တာ။ တချို့ကပုံစံ (၇) ကို ပေါင်နှံရောင်းချထားကြလို့ မူရင်းမပေးနိုင်တာမျိုးကြောင့်ပေါ့။ ချေးငွေယူဖို့ စိတ်မဝင်စားကြတာလည်းရှိတယ်” ဟု ၎င်းက ရှင်းပြသည်။

တောင်သူများထံမှ လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ (၇) မူရင်းကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က အပေါင်အဖြစ်သိမ်းဆည်းသည့်စနစ်ကို ၂၀၁၈ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေး ငွေကာလမှ စတင်ပြောင်းလဲအသုံးပြုခဲ့သည်။

၂၀၁၇ ခုနှစ်တွင် မိုးရာသီဘဏ်ချေးငွေလျာထားချက်၏ ၉၀ ဒသမ ၂၇ ရာခိုင်နှုန်း ထုတ်ချေးပေးနိုင်ခဲ့ပြီး ၂၀၁၈ ခုနှစ်၌ လျာထားချက်၏ ၈၈ ဒသမ ၇ ရာခိုင်နှုန်းသာ တောင်သူများကိုထုတ်ချေးပေးခဲ့ရကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (မန္တလေးတိုင်း) ၏ စာရင်းများအရ သိရသည်။

မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်သည် စပါးတစ်ဧကလျှင် ကျပ်တစ်သိန်းခွဲ၊ ကြံစိုက်တစ်ဧကလျှင် ကျပ်တစ်သိန်း၊ မြေပဲ၊ နှမ်း၊ ပဲမျိုးစုံ၊ ချည်မျှင်ရှည်ဝါ၊ အစေ့ထုတ်ပြောင်း၊ ဆီမုန်ညင်း၊ ဂုန်လျှော်စိုက်ခင်းများအတွက် တစ်ဧကလျှင် ကျပ်ငါးသောင်းနှုန်းဖြင့် ထုတ်ချေးပေးခြင်းဖြစ်သည်။

M-08