News

POST TYPE

ARTICLE

တပ်မတော်နှင့် KIA တိုက်ပွဲပြန်ဖြစ်
14-Oct-2018
ရန်ကုန်၊ အောက်တိုဘာ ၁၃

ကချင်လွတ်လပ်ရေးအဖွဲ့ (KIA/KIO) လက်နက်ကိုင်အဖွဲ့နှင့် တပ်မတော်တို့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်အတွင်းတွင် ယခုရက်ပိုင်းအတွင်းက တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ကြောင်း အဆိုပါ KIA အဖွဲ့သတင်းနှင့် ပြန်ကြားရေးဌာနက အတည်ပြုသည်။

မြစ်ကြီးနားမြို့နယ်ရှိ ဆင်ဘိုဒေသ၊ ဧရာဝတီမြစ် ပထမမြစ်ကျဉ်းအနီးတွင် အောက်တိုဘာလ ၁၁ ရက်မှ စတင်ကာ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါ တိုက်ပွဲဖြစ်ပွားမှုနှင့်ပတ်သက်၍ တိကျသည့် သတင်းအချက်အလက်များ မရသေးကြောင်း၊ လက်ရှိတွင် တပ်မတော်စစ်ကြောင်းနှင့် KIA အဖွဲ့၏ တပ်ရင်း (၅) တို့ ထိပ်တိုက် အနေအထားသို့ ရောက်ရှိနေပြီး တိုက်ပွဲအချိန်မရွေး ဆက်လက်ဖြစ်ပွားနိုင်ကြောင်း အဆိုပါဌာနထံမှ ဆက်လက်သိရသည်။

လက်ရှိ တိုက်ပွဲဖြစ်ပွားသည့် အနီးတစ်ဝိုက်တွင် ဆင်ဘိုရွာသည် ရွာကြီးတစ်ခုဖြစ်ပြီး ဧရာဝတီမြစ်၏ ပထမမြစ်ကျဉ်း နေရာဖြစ်သည့်အတွက် မြစ်ကြီးနားမြို့နှင့် ရေလမ်းကုန်းလမ်း အဆင်ပြေသည့် ဒေသဖြစ်ပြီး ယခုလို တိုက်ပွဲအသံများ ကြားရသည့်အတွက် စိုးရိမ်ကြောင်း အဆိုပါဒေသခံတစ်ဦးက ပြောကြားသည်။

“အဲဒီဘက်မှာ အရင်က တပ်မတော်က ထောက်ပို့တပ်တွေ ရှိတယ်။ KIA တပ်တွေလည်းရှိသလို တရုတ်နိုင်ငံသားတွေ ငှက်ပျော လာစိုက်တာတွေလည်း အဲဒီမှာရှိတယ်။ အရင်ကလည်း တိုက်ပွဲဖြစ်တာတွေ ရှိပါတယ်။ အခုဖြစ်တာတော့သိတယ်။ သိပ်တော့ မဆိုးသေးပါဘူး”ဟု အဆိုပါဒေသခံက ပြောကြားသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) နှင့် တပ်မတော်တို့သည် တိုက်ပွဲများ မဖြစ်ပွားသည်မှာ ခြောက်လခန့် ကြာမြင့်နေခဲ့ပြီး ယခုအကြိမ် ပြန်လည်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါတိုက်ပွဲဖြစ်ပွားမှုနှင့်ပတ်သက်၍ တပ်မတော်ဘက်မှ သတင်းထုတ်ပြန်မှု တစ်စုံတစ်ရာ ပြုလုပ်ထားခြင်းလည်း မရှိသေးပေ။

တပ်မတော်နှင့် KIA အဖွဲ့တို့ကြား စစ်ရေးတင်းမာမှု လျှော့ချရန် ဖေဖော်ဝါရီနှင့် စက်တင်ဘာလများအတွင်းက တွေ့ဆုံမှုအချို့ ရှိခဲ့သော်လည်း ပြေလည်မှု မရရှိခဲ့ပေ။

J-08


  • VIA