News

POST TYPE

ARTICLE

ဖေါ်ဆရာမှတ်တမ်း
14-Oct-2018

အကာလ ညသည် မှောင်လျက် မိုက်လျက်။ ထိုမိုက်သောအမှောင်တွင်းမှ လရောင်ပျပျကို အားပြုလျက် တရွေ့ရွေ့လှုပ်ရှားနေသော အရိပ်သုံးခု။

ထူထပ်စွာ ပိတ်ဆို့လျက်ရှိသော ချုံနွယ်ပိတ်ပေါင်းတို့ကြားမှာ ကွန်ကရစ်လမ်းနေရာကို မှန်းဆကာ သွားလာလျက်ရှိကြသည်။

တစ်ချက်တစ်ချက် ဟိုးအောက်ဘက် အိမ်အိုအိုဟောင်းများဆီမှ ခွေးအူသံများကလည်း ကြက်သီးထစဖွယ်ပင် 

“အူ...အူ...ဝူး...အူ”

လူသုံးဦးအနက် နောက်ဆုံးမှ လိုက်လာသူ စံကွေးသည် ခွေးအူသံများကြောင့် ကြောက်လန့်တကြားဖြင့် ရှေ့သို့ တိုးကပ်၏။

သူ့ရှေ့မှ မိုးကြီးကလည်း နောက်မှ တစ်စုံတစ်ရာ လာကပ်သဖြင့် ကြောက်အားလန့်အားဖြင့် ရှေ့ဆုံးမှသွားနေသော ဂမ္ဘီရဆရာသွင်၏ ကျောကို ဝင်တိုက်မိလေသည်။

ဆေးတောင်ဝှေးကို ထောက်လျက် ပျောက်သော လမ်းအား စမ်းတဝါးဝါးရှာနေသည့် ဆရာသွင်မှာ တပည့်ကျော်နှစ်ဦး၏ ဝရုန်းသုန်းကားအခြေအနေကြောင့် ဒေါသထွက်သွားလေသည်။

“ဟဲ့...နှစ်ကောင်...နင်တို့ ယောကျာ်းတွေ မဟုတ်ဘူးလား...ဒါ...ဘာဖြစ်နေကြတာတုံး”

စံကွေးနှင့် မိုးကြီးမှာ ဆရာသွင်အား မျက်နှာငယ်လေးများဖြင့် ကြည့်နေကြသည်။

“ဪသာ်...နင်တို့က ခွေးအူသံကို ကြောက်နေကြတာကိုး...အဲ့ဒါ ဟိုးအောက်ဘက် အိမ်ပျက်၊ တိုက်ပျက်တွေက အစာငတ်နေတဲ့ ခွေးတွေအသံ၊ နင်တို့လုပ်တာနဲ့ ငါလမ်းမှားသွားရင် ဒီကွန်ကရစ်နိဗ္ဗာန်လမ်းပေါ်က ချော်ပြီး အကုန်အောက်ပြုတ်ကျမှ ခွေးစာဖြစ်မှာဟဲ့...သိကြရဲ့လား”

ရွှေကျင်ခတ် ခေါင်းပေါင်းပဝါ၊ နှုတ်ခမ်းမွေးကားကားကြီးနှင့် ဆရာကြီး၏ မာန်မဲမှုကြောင့် တပည့်နှစ်ဦးမှာ ကွန်ကရစ်နိဗ္ဗာန်လမ်းများ၏အောက် အသူတစ်ရာနက်သောချောက်ထဲမှ အိမ်ကလေးများထံ မရဲတရဲလှမ်းကြည့်ရင်း ကြက်သီးမွေးညင်းများပင် ထလာလေ၏။

အုံ့အုံ့ဆိုင်းဆိုင်း၊ မှိုင်းမှိုင်းညို့ညို့မှောင်သော၊ မည်းသော တောကြီးအလယ်တွင် ထိုလူသားသုံးယောက်သည် မည်သည့်အရာကို ရှာဖွေနေကြပါသနည်း။

သူတို့ ဖြတ်သန်းနေကြသည့် ထိုထိုသောတော ကြီးမျက်မည်းသည် လွန်ခဲ့သည့်နှစ်ပေါင်းများစွာက ဒဂုံပူရအမည်ရှိ ရွှေမြို့တော်ကြီးဖြစ်ခဲ့လေသည်။

မိုးထိအောင်မြင့်မားသည့် ကွန်ကရစ်နိဗ္ဗာန်လမ်းကြီးများ၊ အသူတစ်ရာနက်သောချောက်ထဲမှ တိုက်ခန်းလူနေအိမ်များဖြင့် စည်ကားခဲ့သော ထိုမြို့တော်ကြီးမှာ နှစ်ပေါင်းများစွာကြာပြီးသည့်နောက် ချုံနွယ်ပိတ်ပေါင်းတို့ ဖုံးလွှမ်းပြီး အဂ္ဂိရတ်ဆရာ၊ ဘုမ္မိရတ်ဆရာ၊ သိုက်ဆရာတို့ မပြတ်လာရောက် ကျက်စားရာ ဌာနကြီးတစ်ခုဖြစ်နေလေပြီ။

ဂမ္ဘီရဆရာသွင်မှာ ဘိုးဘွားမိဘလက်ထက်မှစပြီး ဂမ္ဘီရအတတ်၊ မှော်အတတ်တို့ကို များစွာလိုက်စားသူဖြစ်သည့်အတိုင်း ယခုမြို့ဟောင်းကြီးရှိ မာဆတ်သိုက်၊ ကေတီဗီသိုက်၊ ကလပ်သိုက်၊ မူးယစ်သိုက်၊ ဘလူးလေဘယ်သိုက်၊ နာရီသိုက်၊ ဝိုင်ဘီအက်စ်သိုက်၊ ချေးငွေသိုက်များကို များစွာဖော်ထုတ်လိုချင် တပ်မက်လျက်ရှိလေသည်။

ဂမ္ဘီရဆရာသွင်၏ ဆရာနှစ်ဦးမှာ ဒဂုံနယ်စားကြီး၏ နာရီသိုက်ကို တူးရန်ကြိုးစားခဲ့သော်လည်း သိုက်စာအဖတ်မှားသဖြင့် ကန်တော့ပွဲမှောက်၊ စည်းပေါက်ပြီး ဒုက္ခရောက်ခဲ့ကြသည်က မကြာလှသေး။

ထိုကာလကတည်းက အခဲမကျေဖြစ်နေသော ဂမ္ဘီရဆရာသွင်သည် ယခုတစ်ဖန် ဒဂုံနယ်စားကြီး၏ သိုက်များကို အပြီးတိုင်လက်ရဖော်ရန် ကြံစည်ခြင်းပင်။

ဆရာသွင်နှင့် တပည့်နှစ်ဦးမှာ နိဗ္ဗာန်ကွန်ကရစ် လမ်းဟုခေါ်သော ဒဂုံပူရမြို့ဟောင်း၏ မိုးပျံလမ်းဟောင်းအတိုင်း ချုံနွယ်ပိတ်ပေါင်းများကို ရှင်းလင်းလျက် ခရီးဆက်လာကြပေသည်။

တစ်နေရာအရောက်တွင် မီးရောင်ထိန်ထိန်များနှင့် ဈေးတန်းကြီးကို မြင်ရသည့်အခါ အားငယ်နေသော တပည့်နှစ်ဦးမှာ ဝမ်းသာအားရဖြစ်သွားကြ၏။

ခြေကျင်ခရီးကို များစွာလျှောက်လာရသဖြင့် ဆာလောင်နေပြီဖြစ်သော စံကွေးမှာ ဝမ်းသာအားရဖြင့် ထိုပွဲဈေးတန်းအတွင်းသို့ သွားရန် ဟန်ပြင်လိုက်သည်။

သို့သော် ဆရာသွင်က သူ့တပည့်ကျော်နှစ်ယောက်ကို တောင်ဝှေးဖြင့် ဟန့်တားလိုက်ပြီး ချုံပုတ်တစ်ခုအတွင်းထိုင်ရန် အချက်ပြလိုက်သည်။

“ဆရာကြီး...ကျွန်တော်တို့ မောလည်းမော၊ ဗိုက်လည်းဆာလှပြီ...ပွဲဈေးတွေ့တုန်းလေး ရေလေးဘာလေးသောက်၊ မုန့်လေးဘာလေးစား ခဏနားချင်သေးတယ်”

စံကွေးက စောဒကတက်မှုကို ဆရာသွင်က ခေါင်းတညိတ်ညိတ်ဖြင့် ပြုံးသည်။

“နင်တို့ တယ်ခက်တဲ့အကောင်တွေပဲ... ဒီလောက်တောကြီးမျက်မည်းထဲ ဘယ်က ပွဲဈေးက ရှိရမှာလဲ...အဲ့ဒါ...ညဈေးကြပ်သိုက်လို့ ခေါ်သကွဲ့... မယုံသေချာကြည့်...ဈေးရောင်းသူတွေပဲရှိပြီး ဝယ်သူတစ်ယောက်မှာမရှိတာ တွေ့ရလိမ့်မယ်”

ဆရာသွင့် စကားကြောင့် စံကွေးနှင့်မိုးကြီးသည် ချုံပုတ်အတွင်းမှနေပြီး အောက်ဘက်ရှိပွဲဈေးကို အသာလှမ်းကြည့်ကြလေသည်။

ဈေးတန်းမှာ မီးများထိန်ထိန်လင်းနေသော်လည်း ရောင်းသူများသာရှိနေပြီး လာရောက်ဝယ်ယူ စားသောက်သူကား မရှိသလောက်ပင်။ ထိုအပြင် အချို့ဈေးဆိုင်များမှာ ခြေချင်းဝတ်ခန့်ရှိသည့် ရေများထဲတွင် ဖွင့်ထားသည်ကို တွေ့ရလေသည်။

“ဆရာကြီးပြောတာ...ဟုတ်ပါတယ်...ဒါနဲ့...ညဈေးကြပ်သိုက်သမိုင်းလေး ကျွန်တော်တို့ကို ပြောပြပါဦး”

“အေးကွဲ့ ...ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ကျော်က ဒီဒဂုံပူရမြို့တော်ကြီးမှာရှိတဲ့ လမ်းဘေးဈေးသည်တွေကို အခု ဒီညဈေးဆိုတဲ့နေရာကို နယ်စားကြီးကိုယ်တိုင် ပြောင်းရွှေ့ပေးခဲ့တာပေါ့ကွယ်... အစမှာတော့ မြို့သူမြို့သားတွေဟာ ဒီနေရာကို အထူးအဆန်းတစ်ခုအနေနဲ့လာပြီး စားကြသောက်ကြပေါ့။ ကြာလာတဲ့အခါတော့ တိုက်ပေါ်က တိုက်အောက်တောင် မနည်းဆင်းရတဲ့ ငပျင်းမြို့သားတွေဟာ ဒီနေရာကို တကူးတကလာ မစားကြတော့ဘဲ...အွန်လိုင်းဆိုတာ ကနေသာ အစားအစာတွေ မှာစားကြတော့သတဲ့...ဒီနေရာလေးကလည်း နေပူရင် နေထိုး၊ မိုးရွာရင် ရေကြီးလွန်းလို့ နေပူ...ရေပေါ်ဈေးလို့တောင် ခေါ်ကြရတာပဲ။ မိုးဆိုတာလည်း ဒီရွှေမြို့တော်ကြီးမှာ တစ်နှစ်ခြောက်လလောက် ရွာတာကိုးကွယ်...ဒီလိုနဲ့ ဈေးလည်းမရောင်းရလို့ ရေစပ်စပ်မှာ ဖောက်သည်မျှော်နေရတဲ့ ဒီဈေးတန်းကြီးဟာ အခု ညဈေးကြပ်သိုက်ဖြစ်နေတော့တာပါပဲ... ငါတို့က ဒီနေရာကို လမ်းမှားပြီး ရောက်လာတာကွ”

“ကျွန်တော်တို့ အခုနေ အဲ့ဒီထဲသွားရင် ဘာဖြစ်မှာလဲ...ဆရာကြီး” 

“ဘာဖြစ်ရမတုံး...နင်တို့သွားရင်...ဟိုက ဈေး မရောင်းရတဲ့သူတွေက ဖမ်းချုပ်ပြီး အတင်းဝယ်စားခိုင်းမှာပေါ့”

“အမယ်လေး...နေကပူ ရေကစိုနဲ့ ကြောက်စရာကောင်းလိုက်တာ...ဆရာကြီးရယ်...တော်ပါသေးရဲ့... ဆရာကြီး ဆွဲထားပေးလို့ပဲ”

“ကဲ... မကြာခင် ခုနစ်စင်ကြယ်ပြောင် အမြီးထောင်တော့မယ်...အဲ့ဒီမတိုင်ခင် တို့ပန်းတိုင်ကို ရောက်မှကွဲ့...လာလာ ခရီးဆက်ကြမယ်”

ဆရာသွင်နှင့် တပည့်နှစ်ဦးမှာ ညဈေးကြပ်သိုက်ကို ရှောင်ကွင်းပြီး ရှေ့ခရီးဆက်ခဲ့ကြလေသည်။

အမှောင်ကြီး အမိုက်ကြီးထဲ လင်ကောင်ပိုးငှက်တို့၏ တဂီးဂီးအော်သံမှတစ်ပါး တိတ်ဆိတ်သည်။

ချုံနွယ်များ အုပ်ဆိုင်းလျက်ရှိသော တောတန်းလေးတစ်ခု ရှေ့အရောက်တွင် ဆရာသွင်သည် ရုတ်တရက် ရပ်တန့်ရန် အချက်ပြလိုက်လေသည်။ ထို့နောက် သူ၏ ဆေးလွယ်အိတ်ကြီးထဲမှ အေဖိုးစာရွက်တစ်ရွက်ကို ထုတ်လိုက်၏။

“ကကြီး ကျောင်း ၊ ကကြီး ကား ၊ ခ ခွေးချုံထဲ ဝါဝါထား ၊ ခခွေး ချေးငွေ အစဉ်မပြေ၊ ဘယ်သူယူလဲဟေ”

“အိမ်း...သိုက်စာအရတော့...ဒီနေရာပဲ...ကဲ...စံကွေးရေ...မိုးကြီး ကျောပေါ်တက်ပြီး သေချာကြည့်စမ်း...ဒီတောတန်းထဲမှာ ဘာမြင်သလဲလို့”

စံကွေးက မိုးကြီးကျောပေါ်သို့တက်ကာ ကြည့်လိုက်သည်။

“အဝါရောင်ပစ္စည်း ဘာမြင်သလဲဟေ့...စံကွေး”

“တွားသွားသတ္တဝါလို ဝါဝါအကောင်ကြီးတွေ တန်းစီရပ်နေတာမြင်တယ်...ဆရာကြီး”

“ကဲ...တပည့်တို့ မင်းတို့ ငါတို့ ချမ်းသာပြီသာမှတ်ဟေ့...ငါတို့ ရှေးဟောင်းကျောင်းကားသိုက်ကို ဖော်နိုင်ပြီ...ချမ်းသာပြီဟေ့”

ဂမ္ဘီရဆရာသွင်သည် သူ၏လက်သုံးတော် ဆေးတောင်ဝှေးကို မြေမှာ ဆောင့်ချလိုက်ရင်း...

“ကဲ...တပည့်တို့...ဒီသိုက်မှာ စည်းကြိုးပေါင်း (၆၆) ကြိုးရှိတယ်...ဒါတွေကို ကာကွယ်ဖို့ ငါ အစီအရင်လုပ်ပြီးသား...မင်းတို့သာ သွေးပျက်ပြီး စည်းမပေါက်စေနဲ့ဟေ့”

ဆရာသွင်သည် (၆၆) ရှောင် သိုက်ကြိုးဖျက်ဂါထာကို ရွတ်လျက် သိုက်အတွင်းစည်းအတွင်းသို့ ခြေတစ်လှမ်းချလိုက်သည်နှင့်တစ်ပြိုင်နက် လျှပ်စစ်မိုးကြိုးကျသကဲ့သို့ တစ်ခဲနက်ပြင်းထန်လှသော အသံကြီးကို ကြားလိုက်ရပြီး ဝန်းကျင်တစ်ခုလုံးဝင်းခနဲ လက်ခနဲဖြစ်သွား၏။ ကားဟွန်းတီးသံများ၊ ဝါးတားဘတ်စ် ဥဩသံများ တညံညံဆူပွက်ထလာသည်။ တပည့်နှစ်ယောက်လည်း ဆရာသွင်၏ လွယ်အိတ်အစကို ဆွဲလျက်တစ်ဖန်၊ ပုဆိုးစကိုကိုင်လျက်တစ်ဖုံ ကြောက်လန့်နေကြ၏။ ထိုအချိန်တွင် ဆရာသွင်၏ ရှေ့သို့ မီးခိုးလုံးကြီးတစ်လုံး ဝုန်းခနဲပေါ်လာလေသည်။ မီးခိုးလုံးထဲမှာ မျက်လုံးပြူးပြူး၊ ကြီးမားသောမျက်နှာရှည်ကြီးနှင့် လူထွားကြီးတစ်ဦးသည် တင်းပုတ်ကြီးကိုကိုင်လျက် ပေါ်လာလေသည်။

“ငါကား ဒဂုံသိုက်အပြင်စည်းကို စောင့်သော ဒဂုံမြို့ဝန်ကြီးဖြစ်တော့သကိုး...ရာရာစစ ငါတို့ သိုက်နန်းကို ကျူးလွန်သူများ...ဥုံ...ပေါက်...လွှတ်...ပဲ...စား၊ ပေါက်...လွှတ်...ပဲ...စား”

သိုက်စောင့်မြို့ဝန်ကြီးက ထူးဆန်းသောဂါထာကို ရွတ်လိုက်သည့်အခါ ဆရာသွင်သည် နောက်သို့ အတန်ငယ်ယိုင်ထွက်သွား၏။ သို့သော် ဆရာသွင်သည် ကိုယ်ကိုပြန်မတ်လိုက်ရင်း လွယ်အိတ်ထဲမှ ဆေးလုံးတစ်လုံးကိုယူကာ လှမ်းပစ်ရင် အောက်ပါဂါထာကို ရေရွတ်လိုက်လေသည်။

“ဥုံ...စက်သုံးဆီ...စက်သုံးဆီ...ချေးငွေ...ချေးငွေ...ကျောင်းကား...ကျောင်းကား”

ထိုဂါထာကြားသည်နှင့် မြို့ဝန်ကြီးမှာ ဝုန်းခနဲပျောက်ကွယ်သွား၏။

“အောင်ပြီ...အောင်ပြီ...အောင်ပြီ”

ဘိုး၊ ဘေး၊ ဘီ၊ ဘင်၊ ဆရာသမားများလက်ထက်ကတည်းက လိုက်နေခဲ့သော ဒဂုံပူရသိုက်ကြီးကို ဖော်နိုင်ပြီဆိုသောအသိနှင့် ဆရာသွင်မှာ လက်ပမ်းပေါက်ပြင်းစွာတီးလျက် ရုတ်တရက်ထအော်ကာ ကျောင်းကားသိုက်ရှိရာသို့ တစ်ဟုန်ထိုးပြေးသွားလေ၏။ တပည့်ကျော်နှစ်ယောက်ကလည်း နောက်က ထက်ကြပ်မကွာလိုက်လေသည်။

သို့သော် ရောက်လုရောက်ခင်တွင် ကျောင်းကားကြီးများအထက်မှ ပုဂ္ဂိုလ်ကြီးတစ်ဦးသည် မခို့တရို့ အပြုံးကလေးဖြင့် ပေါ်လာသည်ကို တွေ့လိုက်ရလေသည်။

“ဟယ်...ငါလို နယ်စားကြီးကို မကြည်မညို...အမိုက်ကြီးမိုက်တဲ့...မလောက်လေးမလောက်စား သိုက်ဆရာတွေ...ဒဂုံနယ်စားကြီးအမိန့်...ငါးသုည ငါး...ခခွေး...ငါးသုည...ငါး...ခခွေး” ဟု အသံပြာကြီးဖြင့် ဂမ္ဘီရဆရာသွင်တို့အား လက်ညှိုးထိုးလျက် ရေရွတ်လိုက်လေလျှင် ..

“ဝှီးရွန်...ဝှီးရွန်...ဝှီးရွန်” ဟူသော ကြောက်မက်ဖွယ်အသံကြီးနှင့်အတူ မီးတန်းကားကြီးများ ရောက်လာ၏။

ထို့နောက် ငါးရာ့ငါးခုသော ရေလှိုင်းလုံးကြီးများသည် ဆရာတပည့်သုံးဦးထံ အရှိန်ပြင်းပြင်းဖြင့် ရိုက်ခတ်လာသဖြင့် ဂမ္ဘီရဆရာသွင်တို့မှာ ရေထဲ အသည်းအသန်ကူးခတ်ရရှာလေသည်။ အတန်ကြာသောအခါမှ ဂမ္ဘီရဆရာသွင်မှာ ရေကူးလျက်က လည်ပင်းတွင်ပါလာသော လွယ်အိတ်ထဲမှ လက်ဖွဲ့ကလေးကိုပြကာ “ကြည်ညိုမပျက်...ကြည်ညိုမပျက်...ကြည်ညိုမပျက်” ဟု သုံးကြိမ်ဂါထာစုတ်လိုက်၏။

ထိုအခါမှ ပတ်ဝန်းကျင်သည် ပကတိမူလရှိမြဲ မြေပြင်ကြီးပြန်ဖြစ်ကာ တည်ငြိမ်သွားလေတော့သည်။

ဆရာသွင်တို့ ဆရာတပည့်တစ်သိုက်ကား ၅၀၅ ခုသော သိုက်ကြိုးကို ၆၆ ခု အမှတ်ဖြင့် ဖြတ်မိရာမှသိုက်စည်းပေါက်ခဲ့ရသည်ပင်။

“ကြည်ညိုမပျက်” မှသာ ကံကောင်းရချေတော့သည်။

စာရှုသူ...ယခု ကျွန်ုပ်ရေးသားဖော်ပြခဲ့သော ဖော်ဆရာမှတ်တမ်းဇာတ်လမ်းအား ဖတ်ရှုပြီး ဒဂုံပူရ သိုက်နန်းကြီးတကယ်ရှိသည်ဟု မမှတ်ယူပါနှင့်။ မှတ်ယူလျှင်လည်း ဆရာသွင်တို့ သိုက်ဆရာတစ်စု၏အဖြစ်ကို နမူနာယူပြီး နာနာသာ ကြည်ညိုကြပါကုန်လေ။

ဥုံ...ရှရီ...ရှရီ..ဘေးကင်းလတ္တံ့။

ဗြိတိသျှကိုကိုမောင်