News

POST TYPE

ARTICLE

ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ဒေါက်တာ ဒင်းနစ် မာ့ခ်ကွီဂီ
11-Oct-2018



“ခင်ဗျား မုဒိမ်းမကျင့်ဘူး။ ဒါပေမဲ့ မုဒိမ်းကျင့်တာကို သိသိနဲ့ နှုတ်ဆိတ်နေတယ်။ အဲဒါ ခင်ဗျားလည်း အလိုတူအလိုပါပဲ”

ဒေါက်တာ ဒင်းနစ် မာ့ခ်ကွီဂီ (Denis Mukwege) သည် မီးယပ်နှင့်သားဖွားအထူးကုဆရာဝန်ကြီးဖြစ်ပြီး ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၏ စစ်ဘေးဒဏ်ခံ ဒေသတစ်ခုဖြစ်သော ကီဗူတွင် ဆေးကုသခြင်းလုပ်ငန်းများကို လုပ်ဆောင်ပေးနေသူတစ်ဦးဖြစ်သည်။ သူသည် ကီဗူရှိပန်ဇီ (Panzi) ဆေးရုံကြီး၌ လုပ်ဖော်ကိုင်ဖက်များနှင့် မုဒိမ်းကျင့်ခံခဲ့ရသူပေါင်း ၄၀၀၀၀ ခန့်၏ ပြဿနာများကို ဖြေရှင်းပေးနေရသူလည်း ဖြစ်သည်။ မုဒိမ်းမှုနောက်ကွယ်တွင် အမျိုးသမီးများ၌ ဖြစ်ပေါ်ခံစားနေရသည့် ဒုက္ခဝေဒနာအပေါင်းကို ကုသပေးနေရသူလည်း ဖြစ်သည်။ သူ့ဘဝတွင် တိုက်ခိုက်မှုပေါင်း အကြိမ်များစွာခံခဲ့ရသည်။ သို့သော်ကွန်ဂိုစစ်ပွဲ၏ အနိဋ္ဌာရုံများနှင့် အမျိုးသမီးများအပေါ် သက်ရောက်နေမှုများအား သူကဖော်ထုတ်ပြီး ကမ္ဘာသိအောင် လုပ်ဆောင်နေသူတစ်ဦးလည်း ဖြစ်သည်။

မာ့ခ်ကွီဂီသည် ခရစ်ယာန်ဘုန်းတော်ကြီးတစ်ဦး၏ သားဖြစ်သည်။ မွေးချင်းကိုးယောက်အနက် တတိယမြောက်သားဖြစ်သည်။ သူဆေးပညာကို ဝါသနာပါရခြင်းမှာ ဖခင်ဖြစ်သူ၏ မကျန်းမာသူများကို ဆုတောင်းပေးခြင်းအား တွေ့မြင်ရာကစသည်။ 

ဒင်းနစ် မာ့ခ်ကွီဂီကို ၁၉၅၅ ခုနှစ် မတ်လ ၁ ရက်နေ့တွင် ယနေ့ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံ၌ မွေးဖွားသည်။ ဘူရွန်ဒီသမ္မတနိုင်ငံတွင် ဆေးပညာကို သင်ကြားခဲ့ပြီး၊ ကွန်ဂိုအရှေ့ပိုင်း၊ ကီဗူးအရပ်ရှိ လီမီရာ ခရစ်ယာန်ဆေးရုံတွင် စတင်အမှုထမ်းခဲ့သည်။ ကွန်ဂိုနိုင်ငံ၏ အမျိုးသမီးများဘဝနှင့် သားဖွားရခြင်းအခက်အခဲများကို ကိုယ်ချင်းစာမိပြီး သူ့ကိုယ်သူ မီးယပ်နှင့် သားဖွားဆရာဝန်ကြီးဘဝခံယူမည်ဆိုကာ ပြင်သစ်နိုင်ငံတွင် မီးယပ်နှင့် သားဖွားပညာရပ်များကို အထူးပြုသွားရောက်လေ့လာခဲ့သည်။ ၁၉၈၉ ခုနှစ်တွင် ပြင်သစ်နိုင်ငံမှ ပြန်လာပြီး ကီဗူးတွင်ဆက်လက်အမှုထမ်းဆောင်ခဲ့သည်။

၁၉၉၆ ခုနှစ်တွင် လီမီရာရှိ ဆေးရုံမှာ ပြည်တွင်း စစ်ကြောင့်လုံးဝပျက်စီးသွားခဲ့ရသည်။ နိုင်ငံတကာ အထောက်အပံ့များဖြင့် ဒေါက်တာမာ့ခ်ကွီဂီသည် ပန်ဇီဆေးရုံကြီးကို ပြန်လည်ထူထောင်ခဲ့သည်။ ထိုဆေးရုံတွင်လည်း သူသည် မန်နေဂျာနှင့် ခွဲစိတ်အထူးကု ဆရာဝန်ကြီးဖြစ်လာသည်။ ပန်ဇီဆေးရုံကြီးသည် မာ့ခ်ကွီဂီကြောင့် ထင်ရှားလာရပြီး မီးယပ်နှင့် သားဖွားပညာရပ်များကို အထူးလာရောက်လေ့လာစရာ ဆေးရုံကြီးတစ်ရုံလည်း ဖြစ်လာသည်။ 

မာ့ခ်ကွီဂီ သည် ၁၉၉၉ ခုနှစ်မှစတင်ပြီး ကွန်ဂိုနိုင်ငံအတွင်း ဖြစ်ပွားနေသော လိင်မှုဆိုင်ရာ အကြမ်းဖက်လုပ်ရပ်များနှင့် အမျိုးသမီးများအပေါ် လူမဆန်သည့် လုပ်ရပ်များအပေါ် ရှုတ်ချသလို ကုသမှုကိုလည်းပေးနေသည်။ ယနေ့အထိ ပန်ဇီဆေးရုံကြီးတွင် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံ အမျိုးသမီးပေါင်း ၄၀၀၀၀ ခန့်ကို ကုသပေးခဲ့သည်။ သူကိုယ်တိုင်က နေ့စဉ် လူနာ ၂၀ ကို ကြည့်ရှုကုသပေးသည်။ လူနာ ၂၀ ထဲတွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရသောကြောင့် ဖြစ်ပေါ်လာသော ရောဂါဝေဒနာသည်များက ၇ ဦးမှ ၁၀ ဦးအထိ ရှိသည်။ 

ကွန်ဂိုနိုင်ငံတွင် ဆေးရုံသို့ရောက်လာသည့် ဝေဒနာရှင် ထက်ဝက်ခန့်နီးပါးမှာ လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်ခံရခြင်း၏ နောက်ဆက်တွဲအကျိုးဆက်ကို ရရှိထားသော စိတ်ပိုင်း၊ ရုပ်ပိုင်းချွတ်ယွင်းအားနည်းသူများ ဖြစ်နေသည်။ အချို့သော အမျိုးသမီးလေးများမှာ မအင်္ဂါများကို ဖျက်ဆီးထားခြင်း ခံထားရရုံမက ဆိုးရွားစွာဖြင့် ဝေဒနာခံစားရသူများဖြစ်နေသည်။

“အမျိုးသမီးတွေအပေါ် မတရားကျင့်သူတွေက စော်ကားရုံတင်မကဘူး ဘဝတစ်ခုလုံးကိုပါ ပျက်စီးသွားအောင် လုပ်ပစ်နေကြတာ။ ဘယ်လောက်အထိ ယုတ်မာသလဲဆိုရင် ကလေးမရနိုင်အောင်ဆိုပြီး လုပ်ချင်သလို လုပ်လိုက်တာတွေလည်း ရှိနေတယ်။ ဒီအမျိုးသမီးတွေမှာ အချို့ဆိုရင် အေအိုင်ဒီအက်စ်တွေတောင် ပါလာကြတယ်။ သူပုန်တွေဟာ လူမဆန်တဲ့သူတွေပါ။ သူတို့ဟာ စော်ကားရုံတင်မက ဘဝပျက်အောင်ပါ ဖျက်ဆီးနေကြသူတွေပါ။ နောက်ထပ်မျိုးဆက်တွေကို မွေးမထုတ်နိုင်အောင်လုပ်နေသူတွေဟာ အနာဂတ်ကိုပါ ဖျက်ဆီးနေသူတွေဖြစ်ပါတယ်” ဟု မာ့ခ်ကွီဂီကဆိုသည်။

ကွန်ဂိုနိုင်ငံ၏ ယနေ့ပြဿနာမှာ အမျိုးသမီးများအပေါ် မတရားကျင့်နေသူများ ဒဏ်ခတ်ပြစ်ဒဏ်အပေးမခံရဘဲ လွတ်မြောက်နေခြင်းဖြစ်သည်။ ဆေးရုံသို့ရောက်လာသည့် အမျိုးသမီးအများစုကို လူမဆန်စွာဖြင့် ဖျက်ဆီးနေသူများမှာ လက်နက်ကိုင် လူရမ်းကားတွေ ဖြစ်နေသောကြောင့်ပင်။ 

၂၁၀၃ ခုနှစ်တွင် ပန်ဇီဆေးရုံ၌ ဝန်ထမ်း ၃၉၈ ဦး ရှိသည်။ နှစ်စဉ် ဘတ်ဂျက်အဖြစ် နိုင်ငံတကာက ထောက်ပံ့နေသည်ကိုလည်း ဒေါ်လာ ၃ ဒသမ ၂ သန်း အထိရရှိနေသည်။ ထိုဆေးရုံသည် ခုတင် ၄၅၀ ရှိပြီး၊ ၂၅၀ ကို လိင်မှုအကြမ်းဖက်ခံရပြီး ရောက်လာသည့် အမျိုးသမီးများအတွက် သီးသန့်ထားသည်။ မတတ်နိုင်သူများကို အခမဲ့ကုသပေးသည်။ 

၂၀၁၂ ခုနှစ်က ဒေါက်တာ မာ့ခ်ကွီဂီသည် ကုလသမဂ္ဂကိုရောက်လာပြီး စကားပြောခွင့်ရခဲ့သည်။ သူကကွန်ဂို သမ္မတ ဂျိုးဆက်ကာဘီလာအစိုးရကို ပြစ်တင်ဝေဖန်ခဲ့သည်။ ကာဘီလာသည် စစ်ပွဲကိုဆင်နွှဲနေခြင်းအား မရပ်သည့်အပြင် အမျိုးသမီးများအားမတရားကျင့်ခြင်းကို စစ်ပွဲ၏ ဗျူဟာတစ်ရပ်အနေနှင့် ကျင့်သုံးနေခြင်းကြောင့် ဖြစ်သည်။ 

ထိုသို့ဝေဖန်ပြီး နောက်တစ်လအကြာ ၂၀၁၂ ခုနှစ်အောက်တိုဘာ ၂၅ ရက်နေ့တွင် သေနတ်သမားလေးဦးက သူ့အိမ်ကို အဓမ္မဝင်ရောက်လာပြီး သူ၏ သမီးများကို ဓားစာခံအဖြစ် ဖမ်းဆီးထားသည်။ ထိုစဉ်က မာ့ခ်ကွီဂီသည် အိမ်တွင်မရှိပေ။ အကြမ်းဖက်သမားတွေက သမီးတွေကို ဖမ်းထားပြီး သူပြန်လာအောင် စောင့်နေကြသည်။ သူပြန်လာမှ ပါလာသည့် လုံခြုံရေးက အကြမ်းဖက်သမားများကို ပြန်လည်ပစ်ခတ်သဖြင့် အကြမ်းဖက်သမားများထွက်ပြေးကြသည်။ ထိုသို့ အကြမ်းဖက်သမားများ ဝင်ရောက်စီးနင်းစဉ် သူ၏ ခင်မင်ရသော မိတ်ဆွေတစ်ဦးနှင့် လုံခြုံရေးအစောင့် ပစ်သတ်ခံခဲ့ရသည်။ မာ့ခ်ကွီဂီသည် မိသားစုကိုခေါ်ပြီး ဆွီဒင်နိုင်ငံကိုထွက်ပြေးခဲ့ရသည်။ ဆွီဒင်မှ ဘယ်လ်ဂျီယံသို့ကူးပြီး ထိုနိုင်ငံတွင် ခိုလှုံနေခဲ့ရသည်။

ထွက်ပြေးနေရသည့် မာ့ခ်ကွီဂီသည် ကွန်ဂိုနိုင်ငံ၌ ဖြစ်ပွားနေသည့် ၁၆ နှစ်အကြာစစ်ပွဲကို ဝေဖန်သည်။ ထိုစစ်ပွဲ ငြိမ်းချမ်းစေရန် ကုလသမဂ္ဂကိုဆောင်ရွက်ပေးရေးအတွက် မေတ္တာရပ်ခံသည်။ သူမရှိသည့် ကာလများတွင် ကွန်ဂိုနိုင်ငံ၌ အမျိုးသမီးများ၏ဘဝသည် ခိုကိုးရာမဲ့သလိုဖြစ်ခဲ့ရသည်။ သူတို့ဘက်က မားမားမတ်မတ်ရပ်တည်ပြီး အကာအကွယ်ပေးမည့်သူ မရှိသလောက်ဖြစ်နေသည်။ ထို့ကြောင့် သူ့ကိုပြန်လာပါရန် မေတ္တာရပ်ခံကြသည်။

၂၀၁၃ ခုနှစ်မှ သူသည် ကွန်ဂိုနိုင်ငံကို ပြန်လာသည်။ သူပြန်လာနိုင်ရေးအတွက် ဒေသခံအမျိုးသမီးများသည် လေယာဉ်လက်မှတ်ဖိုးစုဆောင်းပေးခဲ့ရသည်။ မာ့ခ်ကွီဂီသည် ပြန်လာပြီးကတည်းက အမျိုးသမီးများအတွက် တိုက်ပွဲဝင်ပေးပြီး ဆေးရုံတစ်ခုဖြစ်အောင် ကြံဆောင်ခဲ့ရသည်။ တဲလေးထိုးပြီး ဆေးကုသပေးရာမှ စတင်ခဲ့သော သူ၏ ကုသမှုလုပ်ငန်းမှာ ယခုဆေးရုံအဖြစ်ကို ရောက်လာနိုင်ခဲ့ပြီဖြစ်သည်။ 

“ကျွန်တော့်ဘဝက ဒီကိုပြန်ရောက်လာကတည်းက ပြောင်းလဲသွားပါပြီ။ ကျွန်တော် ဆေးရုံထဲမှာပဲနေတယ်။ ကြိုတင်ကာကွယ်တဲ့အနေနဲ့ လုံခြုံရေးတွေပါထားရတယ်။ ကျွန်တော့်လွတ်လပ်မှုကတော့ ဆုံးရှုံးသွားတာပေါ့”ဟု သူက ကွန်ဂိုတွင် နေထိုင်ရသည့် သူ့ဘဝကို ပြောပြသည်။ 

ဒေါက်တာ မာ့ခ်ကွီဂီက ကွန်ဂိုနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော အမျိုးသမီးများ အဓမ္မအကျင့်ခံနေရမှုများနှင့် စစ်ပွဲကို အဆုံးသတ်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်သည်။ မည်သူ့ကိုမဆို အမျိုးသမီးများအား မတရားကျင့်လျှင် အရေးယူနိုင်ရေးကို အခွင့်အရေးတစ်ရပ်အဖြစ်ပေးရန် တောင်းဆိုသည်။ 

ဒေါက်တာမာ့ခ်ကွီဂီကို ဒေါက်တာထူးဆန်းဟုလည်း သူ့ဒေသခံတွေကခေါ်ကြသည်။ အဘယ်ကြောင့်ဆိုသော် သူသည် အမျိုးသမီးများအပေါ် တန်ဖိုးမထားသည့် လူ့ဘောင်၌ အမျိုးသမီးများဘဝကို လေးစားစွာဖြင့် မြှင့်တင်ပေးနေသောကြောင့်လည်းဖြစ်သည်။ နိုဘယ်လ်ဆုရွေးချယ်ရေးအဖွဲ့က သူနှင့်အတူ ပူးတွဲဆုရှင်အဖြစ် ရွေးချယ်ခဲ့သည့် နာဒီယာတို့အား ဆုချီးမြှင့်ရခြင်းအကြောင်းကို ထုတ်ဖော်ပြောကြားရာတွင် သူတို့နှစ်ဦးစလုံးသည် လိင်အကြမ်းဖက်စော်ကားမှုများကို စစ်ပွဲ၏ လက်နက်သဖွယ်အသုံးပြုနေကြခြင်းအား ရပ်တန့်ရန် လှုံ့ဆော်နေကြသည့် သူရဲကောင်းများဖြစ်သောကြောင့်ဟုဆိုသည်။ 

လွန်ခဲ့သည့်နှစ်ပေါင်း ၂၀ ခန့်ကတည်းက မာ့ခ်ကွီဂီအနေနှင့် ပန်ဇီဆေးရုံကြီးတွင် ကုသပေးနေရသော ဝေဒနာသည်များမှာ စစ်သွေးကြွတို့ နှိပ်စက်ခြင်းကို ခံထားရသည့် အမျိုးသမီးများဖြစ်သည်။ တိုင်းပြည်မငြိမ်သက်မှုကြောင့် အမျိုးသမီးအရွယ်စုံတို့ ဒုက္ခရောက်နေကြသည်။ မာ့ခ်ကွီဂီ၏ ခံယူချက်က အမျိုးသမီးများ၏ ကိုယ်ခန္ဓာပိုင်းဆိုင်ရာ ဖျက်ဆီးခြင်းခံရသည်ကို ကုသပေးရန်မက စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့ပေးနိုင်ရေးကိုပါ အလေးထားသည်။ သူပုန်တို့က အမျိုးသမီးများကို ကလေးမမွေးနိုင်ရန် (အနာဂတ်အတွက် မျိုးဆက်များ မပြန့်ပွားရန်) ဆိုကာ နည်းမျိုးစုံဖြင့် ဖျက်ဆီးလိုက်ကြသည်များကို သူက ရုပ်ပိုင်းဆိုင်ရာ ပြန်ကောင်းအောင် ကုသပေးရုံမက စိတ်ဓာတ်မြှင့်တင်ရေးများကိုပါ လုပ်ဆောင်နိုင်ရန် အားထုတ်နေရသည်။ 

ယခုအခါ အသက် ၆၃ နှစ်အရွယ်ရှိနေပြီဖြစ်သည့် မာ့ခ်ကွီဂီသည် ခရစ်ယာန်တို့၏ သဘောတရားကို ကောင်းစွာ နှလုံးပိုက်ထားသူတစ်ဦးဖြစ်သည်။ သူကယောကျာ်းဖြစ်စေ၊ မိန်းမဖြစ်စေ ဘုရားသခင်၏ ရှေ့တော်မှောက်တွင် အားလုံးအတူတူပင်ဖြစ်သည်ဆိုသည့် သဘောတရားကို လက်ကိုင်ထားသည်။ ထို့ကြောင့်လည်း သူဆေးရုံလာလျှင် ဝတ်ဆင်သည့် ဂျူတီကုတ်တွင် ကျွန်ုပ်တို့၏ မဟာရင်းမြစ်များ၊ စွမ်းအားရှင် အမျိုးသမီးများအား မုဒိမ်းကျင့်ခြင်းကိုရပ်ဆိုသည့်စာတန်းကို တပ်ဆင်ထားတတ်သည်။

ခရစ်ယာန်အုပ်စုသည် မာ့ခ်ကွီဂီ၏ လှုပ်ရှားမှုများဖြစ်သည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် လူမျိုးစုခွဲခြား အကြမ်းဖက်မှုများ ဆန့်ကျင်ရေးကို အားပေးထောက်ခံကြသည်။ သူပုန်နှင့် အကြမ်းဖက်သမားများ၏ လုပ်ရပ်သည် ကွန်ဂိုနိုင်ငံ၏ အနာဂတ်ကိုပါ ဖျက်ဆီးနေသလိုဖြစ်သည်။ ၁၉၉၆ ခုနှစ်က ကွန်ဂို နိုင်ငံတွင် လူပေါင်း ၃ ဒသမ ၉ သန်းခန့် အသတ်ခံခဲ့ရပြီး အမျိုးသမီး ၄၀၀၀၀ ကျော်မှာ မုဒိမ်းကျင့်ခြင်းကို ခံခဲ့ရသည်။ ထိုပြဿနာသည် ၂၀၀၃ ခုနှစ်လောက်မှ ပြည်တွင်းစစ်ရပ်ဆဲသွားသည်ဆိုစေ ယနေ့တိုင် မာ့ခ်ကွီဂီကတော့ တိုက်ပွဲဝင်နေရဆဲဖြစ်သည်။ 

ကွန်ဂိုနိုင်ငံတွင် ယနေ့ရင်ဆိုင်နေရသည့် ပြဿနာမှာ စစ်လက်နက်တစ်ခုအဖြစ် မုဒိမ်းကျင့်ခြင်းကို ရက်စက်စွာလုပ်ဆောင်နေကြခြင်းဖြစ်သည်။ ၂၀၀၈ ခုနှစ်ကတည်းက အကြမ်းဖက်သမားများက မုဒိမ်းစစ်ကို ဆင်နွှဲလာခြင်းဖြစ်ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။ ဆယ်စုတစ်စုအကြာ ဖြစ်ပွားခဲ့သည့် ပြည်တွင်းစစ်တွင် ယောကျာ်းတွေက တိုက်ပွဲတွင်သေပြီး မိန်းမတွေက လူမသေသော်လည်း ဘဝတွေသေအောင် မုဒိမ်းကျင့်ခြင်းခံနေကြရသည်။ ပြည်တွင်းစစ် အကျိုးဆက်များသည် လူသားတို့အပေါ် ရက်စက်စွာ ဒဏ်ခတ်သလိုဖြစ်နေသည်။

ယခုအခါ ဒေါက်တာမာ့ခ်ကွီဂီသည် ပန်ဇီဆေးရုံကို ထူထောင်ထားရုံမက ကွန်ဂိုပန်ဇီဖောင်ဒေးရှင်းကိုလည်း ထူထောင်ထားပြီး လူသားအကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်ပေးနေသည်။ သူ၏ ပန်ဇီဖောင်ဒေးရှင်းခွဲကို အမေရိကန်ပြည်ထောင်စုတွင်လည်း ရုံးစိုက်ထားပြီး နိုင်ငံတကာမှ အလှူရှင်များ၏ လှူဒါန်းငွေများဖြင့် ကွန်ဂိုနိုင်ငံရှိ အမျိုးသမီးများဘဝကို ထူထောင်ပေးနိုင်ရန် ကြိုးစားလုပ်ဆောင်လျက်ရှိသည်။

သူသည် ၂၀၀၈ ခုနှစ်က ကုလသမဂ္ဂက ပေးအပ်ချီးမြှင့်သော UN Human Rights Prize ကိုလည်း ရရှိထားသည်။ ၂၀၀၉ ခုနှစ်က အာဖရိကတိုက်၏ အတော်ဆုံးလူသားတစ်ဦးအဖြစ်လည်း မှတ်တမ်းတင် ဂုဏ်ပြုခြင်းခံခဲ့ရသည်။ 

သူ့ကို နိုဘယ်လ်ဆုရွေးချယ်ရေးအဖွဲ့က ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကို ချီးမြှင့်လိုက်ကြောင်း ထုတ်ပြန်စဉ် ခွဲစိတ်ခန်းထဲ ဝင်နေသည်။ ထိုသတင်းကို သူ့ထံ အတူတူလက်တွဲလုပ်နေသည့် ဆရာဆရာမတွေက ယူလာသည်။ အားလုံးပျော်ရွှင်စွာဖြင့် အော်ဟစ်ခုန်ပေါက်လိုက်ကြသည်။ သူတို့ဘဝ၊ သူတို့ဆရာကို ကမ္ဘာက ဂုဏ်ပြုရလောက်အောင် အသိအမှတ်ပြုခြင်းကို ခံလိုက်ရပြီ မဟုတ်ပါလား။

(Ref: World Economic Forum, The Right Livelihood Award, Christianity Today, BBC, The Guardian)