News

POST TYPE

ARTICLE

ဆော်ဒီအမျိုးသမီးတစ်ဦး ဂီတသမားချစ်သူကို လက်ထပ်ခွင့် တားမြစ်ခံရ
04-Oct-2018


ရီယာ့ဒ်၊ အောက်တိုဘာ ၃

ဆော်ဒီအမျိုးသမီးတစ်ဦးသည် သူမ နှစ်သက်သူနှင့် လက်ထပ်ခွင့်ရရန် တရားရုံးသို့ လျှောက်ထားခဲ့ရာ သူမ၏ချစ်သူမှာ တူရိယာတီးခတ်သူဖြစ်သောကြောင့် ဘာသာရေးအရ လျော်ကန်မှုမရှိဟုတရားရုံးက ဆုံးဖြတ်မှုကြောင့် တရားရှုံးသွားခဲ့သည်ဟု ဆော်ဒီသတင်းစာက အင်္ဂါနေ့တွင် သတင်းထုတ်ပြန်ခဲ့ကြောင်း  AFP သတင်းတွင် ဖော်ပြထားသည်။

အစွန်းရောက် ရှေးရိုးစွဲဆော်ဒီဘုရင့်နိုင်ငံတွင် အမျိုးသမီးများသည် ခရီးသွားရန်၊ လက်ထပ်ရန်နှင့် အခြားအလုပ်များအတွက် ဖခင်၊ ခင်ပွန်းနှင့် ဆွေမျိုးများစသော ယောကျာ်းအုပ်ထိန်းသူများထံမှ ခွင့်ပြုချက်ရရန် လိုအပ်သည်။

ဆော်ဒီနိုင်ငံအချို့ဒေသများတွင် တူရိယာတီးခတ်သော အမျိုးသားများကို အဆင့်အတန်းနိမ့်ပြီး ဂုဏ်သိက္ခာမရှိဟု သတ်မှတ်ယူဆကြသည်။

လွန်ခဲ့သော ၂ နှစ်ကရီယာ့ဒ်မြို့တော်၏ မြောက်ဘက်ရှိရှေးရိုးစွဲကာဆင်မ်ဒေသမှ အသက် ၃၈ နှစ်အရွယ် ဘဏ်မန်နေဂျာ အမျိုးသမီးတစ်ဦးကို လက်ထပ်လိုသော ဆရာတစ်ဦးက လက်ထပ်ခွင့်တောင်းခဲ့သော်လည်း ၎င်းသည် အာရပ်ကမ္ဘာတွင် ခေတ်စားသော ဗျပ်စောင်းတူရီယာတီးသူ ဖြစ်သောကြောင့် ဘာသာရေးအရ မလျော်ကန်ဟုဆိုကာ အမျိုးသမီး၏ မိသားစုက ပယ်ချခဲ့သည်။

အမည်မဖော်လိုသော အဆိုပါအမျိုးသမီးက သူမ၏အမှုကို တရားရုံးသို့ တင်ပြလျှောက်ထားခဲ့သည်။

အမျိုးသမီးရှင်ဘက်က အလေးသာသော အောက်တရားရုံးက “အမျိုးသားသည် တူရိယာတီးသူဖြစ်သောကြောင့် ဘာသာရေးရှုထောင့်အရ သင့်လျော်မှုမရှိပါ” ဟု ဆုံးဖြတ်ကာ လက်ထပ်ခွင့်ကိုပယ်ချခဲ့ခြင်းဖြစ်ကြောင်း Okaz သတင်းစာက ရေးသားထားသည်။

အောက်ရုံး၏ စီရင်မှုကိုအယူခံ တရားရုံးက လက်ခံသဘောတူသောကြောင့် အဆိုပါ ဆုံးဖြတ်ချက်မှာ အတည်ဖြစ်သွားသည်ဟု သိရှိရသည်။

ဘဏ်မန်နေဂျာအမျိုးသမီးကသူမ၏ချစ်သူသည် ဘာသာရေးကိုင်းရှိုင်းသူဖြစ်ပြီး နာမည်ကောင်းရှိသူဖြစ်ကြောင်း၊ သူမအနေနှင့် ချစ်သူအား လက်ထပ်ရန်ဆုံးဖြတ်ထားကြောင်းနှင့် နိုင်ငံ၏ အမြင့်ဆုံးအာဏာပိုင်များထံမှ ကြားဝင်စေ့စပ်ပေးမှုကိုရရှိရန် ကြိုးစားသွားမည်ဖြစ်ကြောင်း သတင်းစာသို့ ပြောကြားခဲ့သည်။

ရှေးရိုးစွဲဆော်ဒီနိုင်ငံသည် နိုင်ငံပုံရိပ်ကို မြှင့်တင်ရန်အတွက် အမျိုးသမီးများ ကားမောင်းခွင့် ပိတ်ပင်ထားမှုကို ရုပ်သိမ်းပေးခြင်းအပါအဝင် ပြုပြင်ပြောင်းလဲမှုများကို စတင်ပြုလုပ်နေသော်လည်း ယောကျာ်းများအား မိန်းမများ၏အရေးကိစ္စမှန်သမျှအပေါ် စိတ်ထင်ရာဆုံးဖြတ်ခွင့် ပေးထားသည့် ယောကျာ်းအုပ်ထိန်းမှုစနစ်ကြောင့် ပြစ်တင်ဝေဖန်မှုများကို ဆက်လက် ရင်ဆိုင်နေရသည်။

F-03