News

POST TYPE

ARTICLE

မြို့ သစ်စီမံကိန်းရှယ်ယာရှင်စာရင်းတွင်ဝန်ကြီးများ ပါဝင်နေခြင်း၊ လွှတ်တော်မတင်ဘဲ ဘဏ်များမှ ငွေချေးခဲ့ခြင်းတို့အား ရန်ကုန်လွှတ်တော်တွင်ဝေဖန်
03-Oct-2018



ဧရာဝတီဘဏ်နှင့် ကမ္ဘောဇဘဏ်တို့မှ ရန်ကုန်အစိုးရကချေးယူထားသော ငွေများအား စတင်ချေးယူ ကတည်းက လွှတ်တော်သို့မတင်ပြခြင်း၊ခွင့်ပြုချက်မယူခဲ့ခြင်းတို့ကြောင့် အများပြည်သူ ဘဏ္ဍာငွေများဖြင့်ပြန်ဆပ်ခွင့်မပြုနိုင်ဟု ဒေါ်စန္ဒာမင်းက ဆိုသည်။

ရန်ကုန်၊ အောက်တိုဘာ ၂

မြို့ သစ်စီမံကိန်းရှယ်ယာရှင်စာရင်းတွင်ဝန်ကြီးများ လူပုဂ္ဂိုလ် အနေဖြင့် ပါဝင်နေခြင်း၊ လွှတ်တော်မတင်ဘဲ ဧရာဝတီနှင့် ကမ္ဘောဇဘဏ်တို့မှငွေချေးခဲ့ခြင်းတို့အား ယနေ့ ကျင်းပသည့် ရန်ကုန်လွှတ်တော်တွင် လွှတ်တော်အမတ်များကဝေဖန်ခဲ့ကြသည်။

ရန်ကုန်မြို့ သစ်စီမံကိန်းအကောင်အထည်ဖော်ရန် တည်ထောက်ထားသည့် အများပိုင်ကုမ္ပဏီ၏ အစုရှယ်ယာရှင်စာရင်းတွင် ရန်ကုန်တိုင်းအစိုးရအရာရှိများက ဝန်ကြီးအဖြစ်မဟုတ်ဘဲ လူပုဂ္ဂိုလ် အနေဖြင့်ပါဝင်နေခြင်းကို လွှတ်တော်အမတ်များက ဝေဖန်ခဲ့ကြသည်။

“တိုင်းအစိုးရအဖွဲ့ရဲ့ ကိုယ့်စားပြုပါမယ်ဆိုရင် ဘယ်ဝန်ကြီးဌာနက ဝန်ကြီးဆိုတဲ့ ရာထူးနဲ့ ထည့်လို့ရတယ်။ အမည်နာမနဲ့ ထည့်လို့မရဘူး။ ဒီရာထူးတွေက သက်တမ်းတစ်ခုပြီးရင် နောက်ဝန်ကြီးတစ်ယောက် ဖြစ်လာမှာ ဖြစ်တဲ့အတွက် ကုမ္ပဏီဆိုတာ နှစ်ပေါင်းများစွာ ကြာမှာဖြစ်ပါတယ်။ အဲ့ဒီတော့ အစိုးရရဲ့ ၅၁ ရာခိုင်နှုန်းကို တာဝန်ခံရမယ့်သူတွေက ဌာနရာထူးပုံစံပဲဖြစ်သင့်တယ်။ အမည်နာမတပ်ပြီးတော့ ပြည်သူ့ဘဏ္ဍာငွေတွေကို ကိုယ်စားပြုလို့မရပါဘူး” ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ၅၁ ရာခိုင်နှုန်းပါဝင်သည့် Yangon Metropolitan Development Public Co., Ltd (YMD) နှင့်ပတ်သက်ပြီး ဆိပ်ကြီး/ခနောင်တို လွှတ်တော်အမတ် ဒေါ်စန္ဒာမင်းက သတင်းထောက်များကို ပြောသည်။

အဆိုပါအစုရှယ်ယာရှင်များအဖွဲ့တွင် ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်း၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်၊ ရန်ကုန်တိုင်းအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမျိုးအောင်ဌေး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ကော်မတီဝင် ဒေါ်မေမေသွယ် တို့ပါဝင်နေကြောင်း ၎င်းကထောက်ပြသည်။

ထို့အပြင် ဧရာဝတီဘဏ်နှင့် ကမ္ဘောဇဘဏ်တို့မှ ရန်ကုန်အစိုးရကချေးယူထားသော ငွေများအား စတင်ချေးယူ ကတည်းက လွှတ်တော်သို့မတင်ပြခြင်း၊ခွင့်ပြုချက်မယူခဲ့ခြင်းတို့ကြောင့် အများပြည်သူ ဘဏ္ဍာငွေများဖြင့် လွှတ်တော်မှ ခွင့်ပြုထားသည့် ဘဏ္ဍာငွေထဲမှ ပြန်ဆပ်ခွင့် မပြုပါကြောင်း သူက လွှတ်တော်အတွင်း ဆက်ပြောသည်။

ဒေါ်စန္ဒာမင်း၏အဆိုအရ ခရီးသည်တင်ယာဉ် သယ်ယူပို့ဆောင်ရေး အများပိုင်ကုမ္ပဏီတွင် ရင်းနှီးမြှုပ်နှံရန် လွှတ်တော်မှ ကျပ် ၇ဝ ဘီလီယံကို ခွင့်ပြုပေးပြီးနောက် မော်တော်ယာဉ် မလုံလောက်သဖြင့် ဧရာဝတီဘဏ်မှ ကျပ် ရှစ်ဘီလျံချေးယူခြင်း၊ ကျောင်းအကြိုအပို့ကားအစီးရေ ၂ဝဝ ဝယ်ယူရန်အတွက် ကမ္ဘောဇဘဏ်မှ ကျပ်သန်း ၅၅ဝဝ ချေးယူထားခြင်း ဖြစ်သည်။

“ကားအစီးရေ ၁,ဝဝဝ ဝယ်တာမှာ ချေးယူထားတာ ကျွန်မတို့က ဒီအစီရင်ခံစာတွေ့ရမှ သိရတာဖြစ်တဲ့ အတွက် ကျွန်မတို့မှာ တာဝန်မရှိဘူး။ ချေးယူထားတဲ့ပိုက်ဆံတွေကို ပြန်ဆပ်ရင် အများပိုင်လို့ ပုဂ္ဂလိက ကုမ္ပဏီတွေက ပြန်ဆပ်လို့ရပါတယ်။ ကျွန်မတို့က ပြည်သူ့ဘဏ္ဍာတွေနဲ့ ရင်းနှီးမြှုပ်နှံဖို့ ပေးထားတယ်ဆိုတဲ့ ကျပ် ၇ဝ ဘီလျံဘက်ကတော့ ကျွန်မတို့ ဆပ်ခွင့်မပြုပါဘူး” ဟု သူကပြောသည်။

တိုင်းလွှတ်တော်မှ ခွင့်ပြုထားသည့် ငွေဖြင့် မလုံလောက်လျှင် လိုအပ်သောငွေကြေးများကို လွှတ်တော်သို့ တင်ပြတောင်းခံနိုင်ခွင့်ရှိကြောင်းကို ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အတိအလင်း ပြဌာန်းထားပြီးဖြစ်သလို နိုင်ငံခြားမှ ချေးသည်ဖြစ်စေ၊ မည်သည့်နေရာမှ ချေးသည်ဖြစ်စေ လွှတ်တော်၏ အတည်ပြုချက်ကို ရယူပြီးမှသာ ချေးငွေကို သုံးစွဲခွင့်ရှိသည်ဟု သူက ဆိုသည်။

ကျောင်းအကြိုအပို့ကားများတွင်လည်း ဈေးနှုန်းမြင့်မားမှုကြောင့် သယ်ယူပို့ဆောင်စရိတ် မြင့်မားပြီး လိုအပ်သည့်ကျောင်းများ သုံးစွဲရန် ခက်ခဲနေကြောင်း၊ လုပ်ငန်းဆောင်ရွက်ရာတွင် ပြည်သူလူထု၏ စီးပွားရေးနှင့် လူနေမှု အခြေအနေကို အလေးထားသင့်ပါကြောင်း မရမ်းကုန်းမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးရန်ရှင်းက လွှတ်တော်တွင် ဝေဖန်လိုက်သည်။

ထို့အပြင် ပြည်တွင်းပုဂ္ဂလိက ဘဏ်များမှ ငွေကြေးအမြောက်အများ ချေးငှားထားခြင်းက ဖွဲ့စည်းပုံအရ လွှတ်တော်သို့ တင်ပြခွင့်ပြုချက်တောင်းခံထားခြင်းမရှိသောကြောင့် လွှတ်တော်တွင် တာဝန်မရှိဟု သူက ဆက်ပြောသည်။

ထို့အပြင် ရန်ကုန်မြို့လယ်ရှိ ရန်ကုန်ညဈေးတန်း စီမံချက်ကို ကျပ်သိန်းပေါင်း ၁၈,ဝဝဝ ခန့် သုံးစွဲထားကြောင်း အစီရင်ခံစာမှာတွေ့ရသော်လည်း မြေပြင်ကွင်းဆင်းကြည့်သည့်အခါ အဘယ့်ကြောင့် ယခုလောက်အထိ ငွေကြေးကုန်ကျနေသည်ကို ဆက်စပ်ကြည့်၍မရသောကြောင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအနေဖြင့် ဘာ့ကြောင့်ကုန်ကျခဲ့သည်ကို လွှတ်တော်သို့ အမြန်ဆုံး ရှင်းလင်းရန် သူက တောင်းဆိုခဲ့သည်။

“စာရင်းစစ်ချုပ် အစီရင်ခံစာအရ ရန်ကုန်တိုင်းအစိုးရအနေဖြင့် ရစရာရှိသည့် အကြွေးများကို ဖိဖိစီးစီး တောင်းခံဖို့နဲ့ တိုးမြှင့်ရရှိသင့်သည့် စာချုပ်များနဲ့ ငှားရမ်းထားတဲ့ နိုင်ငံပိုင်အဆောက်အဦ၊ မြေတွေကို ထိုက်သင့်တဲ့တိုးမြှင့်ရရှိရေးအတွက် ညှိနှိုင်းဆောင်ရွက်မှု အားနည်းခဲ့တာတွေ့ရတယ်။ ဒါဟာ နိုင်ငံတော်ဘဏ္ဍာ နစ်နာမှုများစွာဖြစ်စေတာတွေ့ရတယ်။ ဧရာဝတီနဲ့ ကမ္ဘောဇဘဏ်များက ငွေကြေးတွေ လွယ်လွယ်ကူကူ ချေးယူတာ၊ ဘယ်ကချေးငွေရမလဲဆိုတာစဉ်စားပြီးမှ လုပ်ငန်းဆောင်ရွက်တာတွေဟာ အဖွဲ့အစည်းတစ်ခုရဲ့ ကြီးပွားတိုးတက်ရာမဟုတ်ဘဲ ဆုတ်ယုတ်ရာကို ဦးတည်နိုင်စေပါတယ်” ဟု သူက ဆိုသည်။

ထက်ခေါင်လင်း/ Myanmar Now