News

POST TYPE

ARTICLE

ဖန်ခါးမြေမှ ကျောက်မီးသွေးတွင်းများ
13-Sep-2018


မကွေးတိုင်းသည် ယခင်က ဖန်ခါးသီးကြောင့် နာမည်ကျော်ခဲ့သည်။ ယခုမူ ကျောက်မီးသွေးကြောင့် ပို၍ လူသိများလာခဲ့ပြန်သည်။ 

ပြီးခဲသည့် ရက်ပိုင်းက မကွေးတိုင်း ဆောမြို့နယ်တွင် လူ ၈ ဦး သေဆုံးခဲ့သည့် ကျောက်မီးသွေးတွင်း ပြိုကျမှုဖြစ်ပွားခဲ့ပြီး ယခင်နှစ်ကလည်း တရုတ်နိုင်ငံသားများအပါအဝင် ၈ ဦး သေဆုံးခဲ့သည့် မကွေးကျောက်မီးသွေးတွင်း ပေါက်ကွဲမှုများကြောင့် သေဆုံးသူ ၂ နှစ်အတွင်း စုစုပေါင်းမှာ ၁၆ ဦးအထိ ရှိလာပြီဖြစ်သည်။ 

မြန်မာနိုင်ငံ၏ ကျောင်းသုံးစာအုပ်များတွင် ကျောက်မီးသွေးကို ကလေးဝနှင့် ရှမ်းပြည်နယ် တီကျစ်၊ နမ္မကျောက်မီးသွေးတွင်းတို့တွင်သာ တွေ့နိုင်သည်ဟု ဖော်ပြနေဆဲဖြစ်ပြီး မကွေးတွင် ယခုအခါ တရုတ်နိုင်ငံသားများက လာရောက်တူးဖော်နေကြသည်အထိ အထွက်ကောင်းသော ကျောက်မီးသွေးတွင်းများ ရှိနေသည်ကို ကျယ်ကျယ်ပြန့်ပြန့် သိရှိခြင်း မရှိကြ။ မကွေးတိုင်းအတွင်း ကျောက်မီးသွေးတူးဖော်ရေးလုပ်ငန်းများကို စစ်အစိုးရလက်ထက်ဖြစ်သည့် ၂၀၀၉ ခုနှစ် အတွင်းမှစတင်၍ လုပ်ကိုင်ခဲ့ကြသည်။

မကွေးတိုင်း ဆောမြို့နယ်အတွင်းက ကျောက်မီးသွေးတွင်း စက်တင်ဘာလ ၆ ရက်နေ့က ပေါက်ကွဲမှုဖြစ်စဉ်ပြီးနောက် ယင်းတိုင်းလွှတ်တော်မှ မကွေးတိုင်းအတွင်းမှာရှိသည့် ကျောက်မီးသွေးတွင်းများကို လိုက်လံစစ်ဆေးတော့မည်ဟု ထုတ်ပြောလိုက်သည်။ 

မကွေးတိုင်းအတွင်းရှိ EITI လုပ်ငန်းစဉ်များ စောင့်ကြည့်ထိန်းသိမ်းရေးအဖွဲ့များ၏ စာရင်းများအရ မကွေးတိုင်းအတွင်း၌ ကျောက်မီးသွေးတူးဖော် လုပ်ကိုင်နေသည့် ကုမ္ပဏီ ၃၅ ခုခန့်မှ ကျောက်မီးသွေးတွင်း ၆၀ ကျော် တူးဖော်လုပ်ကိုင်နေကြသည်။ 

ထို့ကြောင့် ကျောက်မီးသွေးတွင်းများကို လိုက်လံစစ်ဆေးရန် တိုင်းလွှတ်တော်မှ ပြင်ဆင်ခြင်းဆိုသော်လည်း မည်သည့်အချိန်တွင် လိုက်စစ်မည်ကိုမူ လွှတ်တော်ကိုယ်စားလှယ်များက ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။

မကွေးတိုင်းအတွင်းက ကျောက်မီးသွေးတွင်းများကို လွန်ခဲ့သည့် နှစ်ပေါင်းများစွာကတည်းက လိုက်လံစစ်ဆေးရန် ဆန္ဒရှိခဲ့သော်လည်း သတ္တုတွင်း ဝန်ကြီးဌာနအပါအဝင် အစိုးရဌာနအချို့နှင့် ပတ်သက်နေသည့်အတွက် စစ်ဆေး၍မရခဲ့ဟု လွှတ်တော်ကိုယ်စားလှယ်များက ဆိုကြသည်။

“ကျောက်မီးသွေးတူးဖော်တဲ့ ကုမ္ပဏီတွေဘက်က သတ်မှတ်ချက်တွေကို ဘယ်လောက်ထိ လိုက်နာလဲဆိုတာ ကြည့်မယ်။ ပြီးမှ လိုအပ်ရင် လွှတ်တော်ထဲမှာ ဆွေးနွေးပြီး ပြည်ထောင်စုအစိုးရဖြစ်ဖြစ်၊ တိုင်းအစိုးရဖြစ်ဖြစ် တစ်ခုခုကို တိုက်တွန်းသွားမယ်”ဟု ဆောမြို့နယ်၊ အမှတ် (၁) မဲဆန္ဒနယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးထင်လင်းက ဆိုသည်။

ထိုကျောက်မီးသွေးတွင်းများကို ယခင်က သတ္တုတွင်းဦးစီးဌာနအပါအဝင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့က တစ်လ (သို့မဟုတ်) နှစ်လတစ်ကြိမ် စစ်ဆေးမှုများ ပြုလုပ်လေ့ရှိသော်လည်း လိုက်လံစစ်ဆေးမည်ဆိုပါက ကြိုတင်အကြောင်းကြားပြီးမှ စစ်ဆေးတတ်သည်ဟု မကွေးတိုင်းအတွင်းမှ သဘာဝပတ်ဝန်းကျင်လေ့လာသူများက ဆိုသည်။

ထိုသို့တိုင်းလွှတ်တော်က မကွေးတိုင်းအတွင်း ကြီးမားသည့် ကျောက်မီးသွေးတွင်း ပေါက်ကွဲမှုနှစ်ကြိမ်အထိ ကျောက်မီးသွေးတွင်းပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် စစ်ဆေးရန်ပြင်ဆင်ခြင်းဖြစ်သည်။ ယခင်တုန်းက လိုက်လံစစ်ဆေးမည်ဆိုပါက ကုမ္ပဏီများကို ကြိုတင်အကြောင်းကြားပြီး စစ်ဆေးပါက ပြင်ဆင်ချိန်များ ရရှိသွားမည်ဆိုး၍ လိုက်စစ်အချိန်ကိုတော့ အသိပေးခြင်းမရှိပေ။

မကွေးတိုင်းအတွင်းရှိ ကျောက်မီးသွေးတူးဖော် ရေးလုပ်ကွက်များအတွင်း ထိုသို့ကြီးမားသည့် ပေါက်ကွဲမှုများမဟုတ်ဘဲ အသေးစားပေါက်ကွဲမှုကဲ့သို့ ဖြစ်စဉ်များမှာလည်း မကြာခဏ ဖြစ်ပွားလေ့ရှိသည်ဟု မကွေး EITI လုပ်ငန်းများ စောင့်ကြည့်အကောင်အထည်ဖော်ရေးအဖွဲ့ထံမှ သိရသည်။

ထိုသို့ အသေးစားပေါက်ကွဲမှုဖြစ်စဉ်များမှ လူအနည်းငယ် သေဆုံး၊ ဒဏ်ရာရမှုများနှင့် ပတ်သက်၍ တာဝန်ရှိသူများအနေနှင့် မည်သို့လုပ်ဆောင်လေ့ရှိသည်ကို ယင်းအဖွဲ့ ညှိနှိုင်းရေးမှူး ကိုအိုလာကတော့ ယခုလိုဆိုသည်။

“တစ်ခါတလေ ကျိတ်ရှင်းလိုက်တာတွေလည်း ရှိတာပေါ့” ဟု ဆိုသည်။

ထို့ပြင် ယခုကဲ့သို့ မိုင်းတွင်းပေါက်ကွဲမှုဖြစ်စဉ်များရှိသကဲ့သို့ ကျောက်မီးသွေးတွင်းများ၏ စနစ်မကျမှု၊ လူကို အန္တရာယ်ဖြစ်စေသည့် မီသိန်းဓာတ်ငွေ့၊ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့များကို ထိန်းချုပ်နိုင်ခြင်းမရှိသကဲ့သို့ ယင်းသို့ဖယ်ရှားသည့် ကိရိယာများကို ကျောက်မီးသွေးတူးဖော်ရေးလုပ်သားများကို အလုံအလောက်ပေးအပ်ခြင်းမရှိသည့်အတွက် အသက်ရှူလမ်းကြောင်းနှင့်ဆိုင်သည့် ရောဂါများ၊ အသေးစားပေါက်ကွဲမှုများကြောင့် ထိခိုက်မှုများ ဖြစ်ပေါ်နေရသည်။

ထို့ကြောင့် မကွေးတိုင်းအတွင်းရှိ ကျောက်မီးသွေးတွင်းများ ပေါက်ကွဲမှုဖြစ်ပွားခြင်းသည် သတ်မှတ်စည်းမျဉ်းစည်းကမ်းဥပဒေများအတိုင်း လိုက်နာခြင်းမရှိဘဲ တူးနေခြင်း ဟုတ် မဟုတ် လိုက်လံစစ်ဆေးသွားမည်ဖြစ်ကြောင်း ဆောမြို့နယ်၊ အမှတ် (၁) မဲဆန္ဒနယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးထင်လင်းက ပြောကြားသည်။

ကျောက်မီးသွေးတွင်းတစ်တွင်း တူးဖော်မည်ဆိုပါက အဓိကလိုက်နာရမည့် အချက်များအဖြစ် တွင်းတူးမည့်နေရာ အနီးတစ်ဝိုက်နှင့် တူးမည့်နေရာတွင် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုမရှိစေရ၊ အသံဆူညံမှုမရှိစေရ (ဥပမာ-တူးဖော်စက်သံများ) နှင့် အနံ့ဆိုးများမထွက်ရဟူသည့် သတ်မှတ်ချက်များ ရှိသည်ဟု EITI အဖွဲ့များထံမှ သိရသည်။

သို့သော် မကွေးရှိ ကျောက်မီးသွေးတွင်း တူးဖော်သည့် ကုမ္ပဏီအများစုသည် အနီးနားရှိ သစ်ပင်များခုတ်ကာ လိုဏ်ခေါင်းများ မပြိုကျရန် ထောက်တိုင်များပြုလုပ်မှုကြောင့် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုများရှိနေပြီး သစ်ပင်များကို ပြန်လည်စိုက်ပျိုးပေးခြင်းမရှိခြင်း၊ တူးဖော်ရရှိသည့် ကျောက်မီးသွေးများကို မြေပြင်ပေါ်တွင် စုပုံခဲ့သည့်အတွက် မိုးရွာသည့်အခါတွင် အနံ့ဆိုးများထွက်ခြင်းကြောင့် ဒေသခံများအတွက် ကျန်းမာရေးထိခိုက်မှုများရှိနေကြောင်း မကွေး EITI စောင့်ကြည့်လေ့လာရေးအဖွဲ့မှ မကွေးတိုင်းကိုယ်စားလှယ် ဦးသန့်ဇင်က ပြောပြသည်။

ထို့ပြင် တိုင်းအတွင်းရှိ ကျောက်မီးသွေးတွင်းကိစ္စများနှင့်ပတ်သက်၍ တိုင်းအစိုးရအဖွဲ့မှ မည်သည့်အချက်အလက်မျှ သိရှိခြင်း မရှိသကဲ့သို့ မည်သည့်လုပ်ပိုင်ခွင့်မျှလည်းမရှိကြောင်း မကွေးတိုင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူများနှင့် ယင်းတိုင်းအတွင်းက EITI စောင့်ကြည့်ရေးအဖွဲ့များက ဆိုသည်။

ကျောက်မီးသွေး တူးဖော်ထုတ်လုပ်ခြင်းများနှင့် ပတ်သက်၍ ပြည်ထောင်စုအစိုးရက တိုက်ရိုက်ကိုင်တွယ်သည့်အတွက် အဆိုပါဌာနမှ တာဝန်ရှိသူများက လိုက်လံစစ်ဆေးသည့်အခါတွင် အားနည်းချက်များရှိကြောင်း မကွေးတိုင်းဒေသကြီးလွှတ်တော်၊ သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာကော်မတီအဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။

“မြေပေါ်မြေအောက် သယံဇာတတူးဖော်တာတွေနဲ့ ပတ်သက်တာတွေကို ပြည်ထောင်စုအစိုးရက ကိုင်တယ်။ ထိန်းချုပ်တာ၊ ခွင့်ပြုတာကို ပြည်ထောင်စု အစိုးရက လုပ်တာ။ ဒေသတွင်းမှာ ဘာတွေထုတ်တယ်၊ ဘယ်လောက်ထုတ်တယ်ဆိုတာကိုပဲ သိရတယ်။ ဥပဒေအရ ပြည်ထောင်စုအစိုးရကပဲ လုပ်ရမှာ” ဟု မကွေးတိုင်းဒေသကြီး သဘာဝပတ်ဝန်းကျင်၊ သယံဇာတရေးရာ၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်က ပြောဆိုသည်။

မကွေးတိုင်းအတွင်းရှိ ကျောက်မီးသွေးတွင်းအမျိုးအစားများကို အသေးစား၊ အကြီးစားနှင့် စမ်းသပ်တွင်းဟူ၍ သတ္တုတွင်းဦးစီးဌာနက လုပ်ကိုင်ခွင့်ပြုထားပြီး လက်ရှိကုမ္ပဏီကြီးများမှ လုပ်ကိုင်နေသည့် အကြီးစား ၃ တွင်း၊ အသေးစား ၃၇ တွင်းနှင့် စမ်းသပ်လုပ်ကွက် ၂၃ တွင်းရှိသည်ဟု မကွေး EITI စောင့်ကြည့်လေ့လာရေးအဖွဲ့ထံမှ သိရသည်။

လက်ရှိမကွေးတိုင်းအတွင်းရှိ ကျောက်မီးသွေးတူးဖော်နေသည့် ကုမ္ပဏီများအနေနှင့် တာဝန်ခံမှု၊ တာဝန်ယူမှုနည်းပါးလျက်ရှိသည်ဟု ကျောက်မီးသွေးတွင်းများအနီးရှိ ဒေသခံများနှင့် သဘာဝပတ်ဝန်းကျင် လေ့လာစောင့်ကြည့်ရေးအဖွဲ့များက ဆိုသည်။

“စက်တင်ဘာလ ၆ ရက်နေ့က ဖြစ်စဉ်ဟာဆို လုပ်သား ၈ ဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရစေခဲ့တာ ကုမ္ပဏီဘက်က စည်းမျဉ်းစည်းကမ်းလိုက်နာဖို့ ပျက်ကွက်ခဲ့တာကြောင့် ဖြစ်ပါတယ်” ဟု ဆောလွှတ်တော် ကိုယ်စားလှယ်ဦးထင်လင်းက ပြောဆိုသည်။

ထိုသို့တာဝန်ခံမှု၊ တာဝန်ယူမှုဟုဆိုရာတွင် ကုမ္ပဏီများမှ တူးဖော်ထားသည့်တွင်းများကို ပြန်လည်မပိတ်ခြင်း၊ ခြံမခတ်ခြင်းတို့ကြောင့် လူနှင့် တိရစ္ဆာန်များ ပြုတ်ကျသေဆုံးမှုများ ဖြစ်ပေါ်နေရသကဲ့သို့ စွန့်ပစ်မြေစာများကြောင့် လယ်ယာမြေများ ပျက်စီးဆုံးရှုံးနေရသည်ဟု ယင်းဒေသခံများက ဆိုသည်။

ထို့ကြောင့် မကွေးတိုင်းအတွင်းရှိ ကျောက်မီးသွေးတွင်းများ ပေါက်ကွဲမှုဖြစ်ပွားခြင်းသည် သတ်မှတ်စည်းမျဉ်းစည်းကမ်း ဥပဒေများအတိုင်း လိုက်နာခြင်းမရှိဘဲ တူးနေခြင်းဟုတ်မဟုတ် လိုက်လံစစ်ဆေးသွားမည်ဖြစ်ကြောင်း ဆောမြို့နယ်၊ အမှတ် (၁) မဲဆန္ဒနယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးထင်လင်းက ပြောကြားသည်။

ထို့ပြင် ကျောက်မီးသွေး တူးဖော်ထုတ်လုပ်ခြင်းများနှင့် ပတ်သက်၍ ပြည်ထောင်စုအစိုးရက တိုက်ရိုက်ကိုင်တွယ်သည့်အတွက် အဆိုပါဌာနမှ တာဝန်ရှိသူများက လိုက်လံစစ်ဆေးသည့်အခါတွင် အားနည်းချက်များရှိကြောင်း မကွေးတိုင်းဒေသကြီး လွှတ်တော်၊ သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာ ကော်မတီအဖွဲ့ဝင်တစ်ဦးက ပြောပြသည်။

ထို့ကြောင့် ကျောက်မီးသွေးတွင်းများ လိုက်လံစစ်ဆေးရာတွင် သတ္တုတွင်းဦးစီးဌာနနှင့် သယံဇာတထိန်းသိမ်းရေး ဦးစီးဌာနတို့မှ အဖွဲ့ဝင်များသာမကဘဲ သဘာဝပတ်ဝန်းကျင်စောင့်ရှောက်ရေး အရပ်ဘက်အဖွဲ့အစည်းများအပြင် လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းအစိုးရအဖွဲ့များ ပါဝင်သည့်အဖွဲ့ တစ်ခုဖွဲ့၍ လိုက်လံစစ်ဆေးသင့်ကြောင်း အရပ်ဘက်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်သူများက ဆိုသည်။

“အဲလိုစစ်ဆေးမှုတွေလုပ်တဲ့အခါ တွေ့ရှိချက်အစစ်အမှန်တွေကို အစီရင်ခံစာထဲမှာ ထည့်ရေးသလား၊ မရေးဘူးလားပေါ့။ ရေးတယ်ဆိုရင်ရော ထိထိမိမိရေးတာလား၊ ဖော့ရေးတာလားဆိုတာ သိရဖို့လိုပါတယ်။ သွားစစ်တဲ့ ဌာနဆိုင်ရာတွေက အမှန်တွေ့ရှိချက်တွေ တင်ပြနိုင်ဖို့ဆိုရင် ကုမ္ပဏီက ကားလာကြိုတာတို့၊ ကုမ္ပဏီကကျွေးတဲ့ ထမင်းစားတာတို့ ရှောင်ဖို့လိုမယ်ထင်တယ်” ဟု ကိုအိုလာက မှတ်ချက်ပြုပြောကြားသည်။

လက်ရှိ မကွေးတိုင်းအတွင်း၌ ကျောက်မီးသွေး တူးဖော်နေမှုများတွင် ဥပဒေမဲ့ တူးဖော်မှုများပြားလျက်ရှိပြီး အသေးစားလုပ်ကွက်အများစုမှာ လယ်ယာမြေပိုင်ဆိုင်ကြောင်း လက်မှတ် (ပုံစံ ၇) ရှိရုံဖြင့် တူးဖော်နေကြသည်ဟု မကွေးတိုင်း Extractive Industries Transparency Initiative(EITI ) သဘာဝသယံဇာတ တူးဖော်ထုတ်လုပ်ရေး ပွင့်လင်းမြင်သာမှုအဖွဲ့မှ တာဝန်ရှိသူများက ပြောဆိုသည်။

“ကျောက်မီးသွေးကုမ္ပဏီတွေက အရပ်ဘက်အဖွဲ့အစည်းတွေက လာကြည့်တာကို လက်မခံဘူး။ ပွင့်လင်းမြင်သာအောင် ဘယ်တော့မှ မလုပ်ကြဘူး။ ဘယ်လောက်ထုတ်နေတယ်ဆိုတာကို မသိရဘူး။ ပွင့်လင်းမြင်သာစွာ ချပြရမှာကို အစိုးရအဖွဲ့က နားလည်မှုရှိပုံမပေါ်ဘူး” ဟု မကွေးတိုင်း EITI စောင့်ကြည့်လေ့လာရေးအဖွဲ့ ကိုယ်စားလှယ် ဦးသန့်ဇင်က ဆိုသည်။

မကွေးတိုင်းအတွင်း တူးဖော်နေသည့် ကျောက်မီးသွေးတွင်းများသည် သက်တမ်းနုများသာဖြစ်သည့်အတွက် ထုတ်လုပ်မှုများ မပြုလုပ်သင့်သေးဘဲ နောက်မျိုးဆက်အတွက် ချန်ရစ်ကာ လယ်ယာကဏ္ဍကိုသာ ဖွံ့ဖြိုးစေရန် လုပ်ဆောင်သင့်ကြောင်း မကွေးတိုင်းလယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေးအဖွဲ့ဝင် ဦးအောင်ကျော်ကျော်က သုံးသပ်ပြောဆိုသည်။

မြန်မာနိုင်ငံအတွင်း ကျောက်မီးသွေးတူးဖော်မှုအများဆုံးအဖြစ် မန္တလေးတိုင်းဒေသကြီးတွင် တွင်း ၄၅၀ ကျော်ရှိပြီး တစ်နိုင်ငံလုံး အတိုင်းအတာအဖြစ် ၁၃၉၀ ကျော်ရှိသည်ဟု သတ္တုတွင်းဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

ထို့ကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ယှဉ်ပါက တွင်းဖြင့်တူးသည့် ကျောက်မီးသွေးတွင်း အများအပြားရှိနေနိုင်သည့်အတွက် တွင်းဖြင့်တူးသည့် ကျောက်မီးသွေးတွင်း အနည်းငယ်သာရှိသည့် မကွေးတိုင်းအတွင်းရှိ ကျောက်မီးသွေးတွင်းများ၌ များစွာသော လူသေဆုံးမှုများနှင့် အန္တရာယ်များရှိနေလေရာ တစ်နိုင်ငံလုံးရှိ ကျောက်မီးသွေးတွင်းများတွင် ယင်းကဲ့သို့ ပြဿနာများရှိနေနိုင်မည်မှာ အနည်းနှင့်အများပင် ဖြစ်သည်။

လက်ရှိ မကွေးတိုင်းအတွင်းရှိ ဆောကျောက်မီးသွေးတွင်းကဲ့သို့ ကြီးမားသည့် ပေါက်ကွဲမှုဖြစ်ပွားနိုင်သည့် ကျောက်မီးသွေးတွင်းအရေအတွက်သည် ဆယ်ဂဏန်းမျှ ရှိနေနိုင်သည်ဟု ယင်းဒေသအတွင်းမှ သဘာဝပတ်ဝန်းကျင်လေ့လာစောင့်ကြည့်သူများက ဆိုသည်။

မကွေး EITI လုပ်ငန်းစဉ်များ စောင့်ကြည့်အကောင်အထည်ဖော်ရေးအဖွဲ့ ညှိနှိုင်းရေးမှူး ကိုအိုလာကတော့ ယခုလိုဆိုသည်။

“အဓိကကတော့ ၂ ခုပေါ့။ လူမှုဘဝလုံခြုံမှုနဲ့ သဘာဝပတ်ဝန်းကျင်ဘေးကင်းရေးကိစ္စ ၂ ခုကို တိုးတက်အောင် တိုင်းဒေသကြီးအစိုးရကို ကြပ်မတ်ပေးစေချင်တယ်။ လူမှုဘဝလုံခြုံမှုတွေဆိုတာမှာ မိုင်းလုပ်သားတွေရဲ့ ထိခိုက်မှုအသက်ဆုံးရှုံးမှုတွေ လျော့နည်းအောင် လစဉ်ကြပ်မတ်တဲ့ အစီအစဉ်မျိုး ဖော်ဆောင်တာ။ ပြီးတော့ ပတ်ဝန်းကျင်ထိခိုက်မှုအတွက် လစဉ်ဆန်းစစ်တာ ကြပ်မတ်တာပေါ့” ဟု ဆိုသည်။

ဟိန်းမြတ်စိုး၊ လွင်အေး