News

POST TYPE

ARTICLE

မြန်မာဘက်ကအသံကိုလည်း နိုင်ငံတကာအသိုင်းအဝိုင်းက နားထောင်သင့်
06-Sep-2018



တရုတ်အစိုးရ၏အာဘော် မီဒီယာဟု အနောက်မီဒီယာများက ညွှန်းဆိုကြသည့် Global Times ၏ ရိုက်တာသတင်းထောက်များနှင့် ပတ်သက်သောအမြင်မှာ အငြင်းပွားဖွယ်ရှိနိုင်သော်လည်း “နိုင်ငံတကာအသိုင်းအဝိုင်း” ဆိုသော အသုံးအနှုန်းနှင့် ပတ်သက်၍ ထောက်ပြပြောဆိုမှုမှာ စိတ်ဝင်စားစရာကောင်းသဖြင့် ပြန်ဆိုဖော်ပြခြင်းဖြစ်ပါသည်။ တရုတ်သတင်းဝက်ဘ်ဆိုက်၏ အာဘော်ကို တိုက်ရိုက်ပြန်ဆိုခြင်းဖြစ်သောကြောင့် ရိုဟင်ဂျာဆိုသောအသုံးအနှုန်းများကို ဘင်္ဂါလီဟု ပြောင်းလဲထားခြင်းမရှိဘဲ ယင်းအသုံးအနှုန်းမှာ ဂလိုဘယ်တိုင်းမ်၏ အသုံးအနှုန်းသာဖြစ်ကြောင်း သိစေအပ်ပါသည်။ ဂလိုဘယ်တိုင်းမ်၏ အမြင်၊ တစ်နည်းအားဖြင့် တရုတ်နိုင်ငံဘက်မှအမြင်နှင့် ရပ်တည်ချက်ကို ဆဝါးသုံးသပ်နိုင်ရန် အလို့ငှာ ပြန်ဆိုဖော်ပြခြင်းသာဖြစ်ပါသည်။ (အယ်ဒီတာ)

မကြာသေးမီကာလအတွင်း အနောက်မီဒီယာများသည် နေပြည်တော် (မြန်မာအစိုးရ) အပေါ် စုပေါင်းတိုက်ခိုက်လျက်ရှိသည်။ တနင်္လာနေ့တွင် မြန်မာတရားရုံးတစ်ရုံးက ရိုက်တာသတင်းထောက်နှစ်ယောက်ကို ထောင် ၇ နှစ် ချလိုက်သောအခါ CNN၊ Guardian နှင့် အခြားသော ပင်မရေစီးကြောင်းမှ အနောက်တိုင်းမီဒီယာများက ယခုဖြစ်ရပ်သည် သတင်းစာလွတ်လပ်ခွင့်၊ တရားစီရင်ရေးဆိုင်ရာ အမှီအခိုကင်းမှုနှင့် ဒီမိုကရေစီအပေါ် ထိုးနှက်ချက်ကြီးတစ်ရပ်အဖြစ် အခိုင်အမာဖော်ပြခဲ့ကြသည်။ ယင်းထောင်ဒဏ်သည် နိုင်ငံတကာ အသိုင်းအဝိုင်းတွင် ဝေဖန်ပြစ်တင်စရာတုံ့ပြန်မှုတစ်ရပ် ဖြစ်ပေါ်စေခဲ့သည်ဟုပင် အချို့မီဒီယာများက ရေးသားကြသည်။

ဂျာနယ်လစ်နှစ်ဦးသည် “ရိုဟင်ဂျာ မွတ်ဆလင်များ အစုလိုက်အပြုံလိုက်အသတ်ခံရမှု” (မူရင်းအသုံး အနှုန်းအတိုင်း) ကို စုံစမ်းစစ်ဆေးခဲ့သည့်အတွက် အဖမ်းခံရသည်ဟုသာ ယင်းမီဒီယာများက တစ်ဖက်တည်း ရပ်တည်စွပ်စွဲခဲ့ကြပြီး နှစ်ဦးစလုံးသည် (မြန်မာနိုင်ငံအစိုးရ) လျှို့ဝှက်ချက်များ အက်ဥပဒေကို ချိုးဖောက်ခဲ့ကြသည်ဆိုသော တရားရုံး၏ ဆင်ခြင်သုံးသပ်မှုကို လှည့်ပတ်ရှောင်ကွင်းရေးသားခဲ့ကြ သို့မဟုတ် မေးခွန်းထုတ်ခဲ့ကြသည်။ အဆိုပါဂျာနယ်လစ်များသည် “နိုင်ငံတော်၏ ရန်သူတော်များနှင့် အကြမ်းဖက်အဖွဲ့အစည်းများထံ” လွှဲပြောင်းပေးနိုင်သော အစိုးရလျှို့ဝှက်သတင်းအချက်အလက်များကို ရယူရန် ကြိုးစားခဲ့ကြသည်ဟု မြန်မာမီဒီယာက ဖော်ပြသည်။ (Myanmarese Media ဆိုသော အသုံးအနှုန်းမှာ အစိုးရမီဒီယာများကို ဆိုလိုသည်လား၊ ပုဂ္ဂလိက မီဒီယာများကိုပါ ဆိုလိုသည်လားဆိုခြင်းမှာ မရှင်းလင်းပါ၊ မည်သည့်မီဒီယာတွင် ဖော်ပြခဲ့သည်ဆိုခြင်းမှာ အတိအကျမရေးထားသဖြင့် မူရင်းအတိုင်း သာ ပြန်ဆိုဖော်ပြခြင်းဖြစ်သည်)

ဂူးဂဲလ်တွင် Myanmar ဟု ရှာဖွေလိုက်ပါက အဆိုပါသတင်းကို ဖော်ပြချိန်တွင် ရလဒ် ၁၇ ခု တွေ့နိုင်မည်ဖြစ်ပြီး ယင်းတို့အနက်မှ တစ်ခုမျှ မြန်မာမီဒီယာမှ ရေးသားဖော်ပြမှုမျိုးမဟုတ်ပေ။ အနောက်ကမ္ဘာ၏ စွပ်စွဲချက်များ မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ၊ အဘယ့်ကြောင့် မြန်မာနိုင်ငံတွင်းမှ အသံကို ထိတွေ့နားထောင်ဖော်ပြရန် သူတို့တွေ အားနည်းခဲ့ပါသနည်းဆိုသည်ကတော့ မေးခွန်းထုတ်စရာ ရှိနေပါသည်။

စီရင်ချက်မချမီ Myanmar Times ၏ ဖော်ပြချက်တွင် “တရားရုံးဆုံးဖြတ်ချက်မှာ တရားဥပဒေနှင့်အညီ ဖြစ်လာမည်” ဟု ရေးသားဖော်ပြထားသည်။ အခြားနိုင်ငံများသည် ဤနိုင်ငံ၏ အခြေအနေနှင့် တရားဥပဒေစိုးမိုးမှုကို လေးစားသင့်လှပါသည်။

ရိုဟင်ဂျာအကျပ်အတည်း (မူရင်းအသုံးအနှုန်းအတိုင်း) နှင့်ပတ်သက်ပြီး အနောက်ကမ္ဘာသည် နေပြည်တော်အပေါ် တိုးမြှင့်ဖိအားပေးလျက်ရှိသည်။ ဩဂုတ်လ ၂၇ ရက်နေ့တွင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ရိုဟင်ဂျာလူနည်းစုဆိုင်ရာ အစီရင်ခံစာတစ်စောင် (မူရင်းအသုံးအနှုန်းအတိုင်း)ကို ထုတ်ပြန်ခဲ့ပြီး မြန်မာစစ်ဘက်ကို လူမျိုးသုဉ်းသတ်ဖြတ်မှုစွဲချက်များဖြင့် စွဲချက်တင်ရန် တောင်းဆိုထားပါသည်။ သို့သော်လည်း မြန်မာအစိုးရက အစီရင်ခံစာပါ တွေ့ရှိချက်များကို ပယ်ချခဲ့ပြီး မြန်မာအစိုးရ၏ ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး အားထုတ်မှုများကို ထိခိုက်လာစေနိုင်သည်ဟု မှတ်ချက်ပေးထားခဲ့ပါသည်။

မြန်မာအစိုးရ၏ အဓိက ပြောခွင့်ရပုဂ္ဂိုလ် တစ်ဦးဖြစ်သည့် ဦးဇော်ဌေးက မြန်မာနိုင်ငံသည် “လူ့အခွင့်အရေး ချိုးဖောက်မှုများကို လုံးဝသည်းခံမည်မဟုတ်”ဟု ဖြေကြားထားပြီး ကုလသမဂ္ဂနှင့် “အခြားနိုင်ငံတကာ အသိုင်းအဝိုင်းများ” ၏ “မဟုတ်မှန်သော စွပ်စွဲမှုများ” ကို တုံ့ပြန်ရန် စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ရပ်ဖွဲ့စည်းထားပြီး “လူ့အခွင့်အရေး ချိုးဖောက်မှု တစ်စုံတစ်ရာရှိပါက၊ အားကောင်းသော သက်သေအထောက်အထား၊ မှတ်တမ်း၊ ရက်စွဲ အတိအကျပေးအပ်ပါလျှင် ဥပဒေအရ အရေးယူဆောင်ရွက်နိုင်မည်” ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု Reuters သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော်လည်း အနောက်တိုင်းမီဒီယာများသည် လက်ခံနိုင်ဖွယ် သက်သေအထောက်အထား၊ မှတ်တမ်း၊ ရက်စွဲများ ပံ့ပိုးခြင်းမရှိသေးပါ။

ရိုဟင်ဂျာအကျပ်အတည်း (မူရင်းအသုံးအနှုန်းအတိုင်း) ကို ဖြေရှင်းရာတွင် မည်သည့်နိုင်ငံမျှ မြန်မာနိုင်ငံနေရာအစားဝင်နိုင်မည်မဟုတ်ပါ။ အနောက်ကမ္ဘာသည် “နိုင်ငံတကာ အသိုင်းအဝိုင်း” ဆိုသော အမည်ကို သုံးစွဲပြီး ခြိမ်းခြောက်နေမည့်အစား တိုင်းပြည်၏ ပကတိအခြေအနေကို ထည့်သွင်းသုံးသပ်သင့်ပေသည်။

“နိုင်ငံတကာအသိုင်းအဝိုင်း” ဆိုသည်မှာ အတိအကျဆိုရလျှင် ဘယ်သူတို့ကို ရည်ညွှန်းပါသနည်း။ အဖြေက စိတ်ဝင်စားစရာကောင်းလှသည်။

၂၀၀၁ ခုနှစ်တွင် ဝါရှင်တန်ဦးဆောင်သော “နိုင်ငံတကာအသိုင်းအဝိုင်း” က အာဖဂန်နစ္စတန်ကို ကျူးကျော်ခဲ့ရာတွင် အမေရိကန်၊ ဗြိတိန်၊ ဂျာမနီ၊ ပြင်သစ် စသဖြင့် ပါဝင်ခဲ့ကြသည်။ ၂၀၀၃ ခုနှစ်တွင် ဝါရှင်တန် ဦးဆောင်သော “နိုင်ငံတကာအသိုင်းအဝိုင်း”ကပင် အီရတ်ကို ကျူးကျော်ခဲ့ရာတွင် အမေရိကန်၊ ဗြိတိန်၊ ပိုလန်၊ ဩစတြေးလျ အစရှိသည်ဖြင့် ပါဝင်ခဲ့သည်။ ၂၀၁၁ တွင် ဝါရှင်တန်ဦးဆောင်သော “နိုင်ငံတကာ အသိုင်းအဝိုင်း” ကပင် လစ်ဗျားကို ကျူးကျော်ခဲ့ရာတွင် အမေရိကန်၊ ဂျာမနီ၊ ပြင်သစ် စသဖြင့်ပါဝင်သည်။ သို့ဖြစ်ရာ အဆိုပါ နိုင်ငံတကာအသိုင်း အဝိုင်းဆိုသော အစုအဖွဲ့မှာ နိုင်ငံပေါင်း တစ်ဒါဇင် ကျော်ထက်မပိုပေ။ ထိုနိုင်ငံများသည် တစ်ကမ္ဘာလုံးမှ ၁၉၀ ကျော်ရှိသော နိုင်ငံများကို မည်သို့မည်ပုံ ကိုယ်စားပြုပါသနည်း။ အဆိုပါ “နိုင်ငံတကာအသိုင်းအဝိုင်း” ဆိုသည်မှာ လူမိုက်ဂိုဏ်းတစ်ဂိုဏ်းနှင့်ပင် ပိုတူနေပေသေးသည်။

နိုင်ငံငယ်လေးဖြစ်သောကြောင့် မြန်မာဘက်က ပြောစကားကို နားထောင်ရန် အခြားနိုင်ငံများက ငြင်းဆိုခြင်းဆိုသည်မှာ ဖြစ်သင့်သည့် အကြောင်းပြချက်မဟုတ်ပေ။ အနောက်ကမ္ဘာကိုယ်တိုင်ကသာ မျှမျှတတ မှန်မှန်ကန်ကန်ဆိုသည့်အချက်ကို လက်ခံယုံကြည်ပါလျှင်၊ ယခုအချိန်သည် မြန်မာဘက်မှ အသံများကို မကြားချင်ယောင်ဆောင်နားပိတ်ထားမှုကို အဆုံးသတ်ရမည့်ကာလဟု ဆိုရမည်ဖြစ်ပေသည်။