News

POST TYPE

ARTICLE

ဒူတာတေး မူးယစ်စစ်ပွဲ၏ ဓားစာခံများ
04-Sep-2018


ခရစ္စမတ်နေ့မတိုင်မီ တနင်္ဂနွေနေ့ နံနက် ၅ နာရီ အချိန်ခန့်တွင် မနီလာမြို့ရှိ ဆန်တို နီနိုရပ်ကွက်သည် တိတ်ဆိတ်ငြိမ်သက်နေသည်။ ဒိုမင်ဂို မာနော့စ် ကာတစ်ယောက် အိပ်ရာက ထလိုက်သည်။ သူ့ဇနီး ကိုယ်ဝန်ဆောင်ထားသူကတော့ အိပ်နေဆဲဖြစ်သည်။ သူ့ဘေးတွင် ကလေးသုံးယောက်က ခြေကားရား လက်ကားရားဖြင့် အိပ်နေကြသည်။ ကလေးတွေက ၉ နှစ်၊ ၅ နှစ်နှင့် တစ်နှစ်ခွဲအရွယ်တွေဖြစ်သည်။ အငယ်ဆုံးမလေးက ပြုံးနေသည်။

သူတို့နေသည့်အခန်းက အောက်ထပ်တွင်ဖြစ်သည်။ ကြမ်းခင်းတွေက သံဖြင့်ဖြစ်သလို ရိုက်ထားပြီး ထိုးထိုးထောင်ထောင်။ အပေါ်က ဖျာစုတ်ကိုခင်းပြီး မိသားစု အိပ်နေကြရသည်။ သူတို့အခန်းက ပြတင်းပေါက်လည်းမရှိ။ ဘေးကလည်း ဖယောင်းပုဆိုးတွေကို ကာထားသည်။ အပေါ်ထပ်တွင် ညီဖြစ်သူလင်မယား၊ ကလေးနှစ်ယောက်နှင့် သူ့မိခင်တို့နေသည်။ သူတို့အပေါ်ထပ်အခန်းကလည်း ထူးမခြားနားသည့် အခန်းဖြစ်သည်။ သူတို့က အပေါ်ထပ်တွင်ပင် ချက်ပြုတ်စားသောက်ကြသည်။

ဒိုမင်ဂိုသည် အသက်မွေးဝမ်းကျောင်းအဖြစ် ဆိုက်ကားတစ်စီး ငှားထားသည်။ လူနှစ်ယောက်စီး ယာဉ်ဖြစ်သည်။ သို့သော် အခြေအနေပေးလျှင် ကုန်လည်းတင်ဆွဲရသည်။ သူက ဆိုက်ကားကို တစ်ခါတစ်ရံ ညဘက်လည်း ထွက်ဆွဲရသည်။ မိုးလင်းခါနီးမှ အိမ်ပြန်လာပြီး အိပ်ရသည့်နေ့တွေလည်းရှိသည်။ သူက ယနေ့တော့ စောစောထပြီး ကော်ဖီဝယ်ရန် အပြင်ထွက်ခဲ့သည်။ သူ့ဆိုက်ကားက မနက် ၇ နာရီလောက်မှထွက်မည်။

သူငှားထားသည့်ဆိုက်ကားက တစ်ရက်လျှင် ပီဆို ၆၀ ပေးရသည်။ ၆၀ ပိုလျှင် သူ့အတွက်သာဖြစ်သည်။ ဆိုက်ကားကလည်း တစ်ခေါက်ထွက်ရလျှင် ၈ ပီဆိုမှ ၁၀ ပီဆိုလောက်အထိ ရသည်။ တစ်နေ့နင်းလျှင် နင်းကောင်းသည့် နေ့ဆိုပါက ပီဆို ၁၄၀ ခန့် အထိ ရသည်။ သူနင်းသည့် ဆိုက်ကားလေးကို ကိုယ်ပိုင် လိုချင်မိသည်။ သို့သော် ဆိုက်ကားတစ်စီးတန်ကြေးက တစ်ပတ်ရစ်ဆိုလျှင်ပင် ပီဆို ၅၀၀၀ ခန့်တန်သဖြင့် သူ မကပ်နိုင်။

ဒိုမင်ဂိုတစ်ယောက် ရှာဘူသုံးစွဲမိသည်မှာ လပေါင်းများစွာကြာပြီ။ ဖိလစ်ပိုင်တွင် ရှာဘူဆိုသည်မှာ မက်သမ်ဖက် တမင်း ဆေးပြားများကို ခေါ်ဆိုခြင်းဖြစ်သည်။ အလုပ်ပင်ပန်းသည့်ဒဏ်၊ အိပ်ပျက်သည့်ဒဏ်များကို ခံနိုင်ရန် သုံးစွဲမိခြင်းဖြစ်သည်။ ဆေးတစ်ပြားက ကော်ဖီခွက် ၁၀၀ လောက်သောက်သည့် လန်းဆန်းမှုမျိုးကို ပေးနိုင်သည်ဆိုပြီး သူသုံးစွဲနေမိခြင်းဖြစ်သည်။ 

သူတို့ဆိုက်ကားဂိတ်တွင် ဆိုက်ကားသမားတိုင်းလိုလို ရှာဘူကို သုံးစွဲကြသည်။ သူတို့ဆင်းရဲသားများအတွက် ကိုကင်းမူးယစ်ဆေးတစ်မျိုးကို ဈေး ပေါပေါနှင့် နေရာတိုင်းလိုလိုတွင် ဝယ်နိုင်သောကြောင့် သူတို့ သုံးစွဲနေကြခြင်းလည်းဖြစ်သည်။ သူတို့နေမကောင်းလျှင် ဆေးကုရန်ပိုက်ဆံမရှိ။ ရှာဘူသောက်ပြီး ဆိုက်ကားထွက်နင်း လိုက်လျှင် ပျောက်သွားသည်က များသည်။ သို့သော် ဖိလစ်ပိုင်တွင် သမ္မတ ဒူတာတေး တက်လာပြီးကတည်းက ရှာဘူဆေးပြားတွေ ရှားလာသည်။ ရှားသဖြင့် ဈေးတွေလည်း ကြီးလာသည်။ ဒူတာတေးက သူသမ္မတဖြစ်လာ ပြီးချိန်ကစပြီး မူးယစ်ဆေးကို စစ်ကြေညာသလို ကြေညာပြီး အပြတ်အသတ် တိုက်ပွဲတွေဆင်ခဲ့သဖြင့် သေသူတွေသေ၊ ပြေးသူတွေ ပြေးနှင့် သူတို့ရှာဘူစွဲနေသူတွေ ဒုက္ခရောက်ခဲ့ကြရသည်။ 

ယခုဆိုလျှင် သူအိပ်မပျော်သည်မှာ နှစ်ရက်ခန့် ရှိနေပြီ။ သူတို့ဒေသအတွင်း မူးယစ်ဆေးစွဲနေသူများ၊ သုံးစွဲနေသူများကို စာရင်းကောက်ထားသည်။ ဒိုမင်ဂိုသည် သုံးစွဲသူစာရင်းဝင်သွားပြီး စောင့်ကြည့်ခြင်း ခံနေရသူတစ်ဦးလည်းဖြစ်သည်။ လွန်ခဲ့သည့်တစ်ပတ်ခန့်က သူ့ထံကို ရဲများရောက်လာသေးသည်။ မူးယစ်ဆေး ရောင်းသူတွေနှင့် အဆက်အသွယ်ရသေးလားဟု လာမေးခြင်းဖြစ်သည်။ 

နောက်ဆုံး ဒိုမင်ဂိုတစ်ယောက် ရဲစခန်းကို ရောက်လာသည်။ မရောက်၍လည်းမဖြစ်။ မသင်္ကာမှုက အချိန်မရွေး ဒုက္ခဖြစ်သွားနိုင်သည်။ ထို့ကြောင့် သူက ရဲစခန်းကိုလာပြီး သူ့ကို လက်နက်ချအညံ့ခံသူ စာရင်းဝင် ဖြစ်အောင်လုပ်ရသည်။ မူးယစ်ဆေးနောက်နောင် မသုံးစွဲပါဆိုသည့် ကတိပေးပြီး လက်မှတ်လာထိုးရသည်။ သူ့အိမ်နီးချင်းတွေလည်း ရဲစခန်းလာပြီး ခံဝန်ချက်လက်မှတ် ရေးထိုးထားကြသည်။ ထိုသို့ လက်မှတ်ထိုးသဖြင့် သူတို့ကို နိုင်ငံတော်က ဖွင့်လှစ်ထားသည့် ပြန်လည်ထူထောင်ရေးနှင့် ကုသရေးစခန်းများကို ပို့ခြင်းအား ခံရဖွယ်ရှိသည်။ ဖိလစ်ပိုင်တွင် ရဲစခန်း၌ ခံဝန်ချက်လာထိုးထားရုံဖြင့် စိတ်ချရပြီဟု မဆိုနိုင်ပါ။ သူတို့အိမ်သို့ လူစိမ်းတစ်ယောက် ရောက်လာလျှင်ပင် အချိန်မရွေး ရဲစခန်းက ခေါ်စစ်နိုင်သည်။ 

ဆန်တို နီနိုရပ်ကွက်သည် မနီလာမြို့နှင့်နီးပြီး လမ်းကြိုလမ်းကြားများနှင့် ရှုပ်ထွေးစွာ ဖွဲ့စည်းထားသော ရပ်ကွက်တစ်ခုဖြစ်သည်။ ထိုလမ်းကြားများတွင် အိမ်လေးတွေ အခန်းလေးတွေက ဖြစ်သလိုတည်ဆောက်ထားပြီး ဆင်းရဲသားလူတန်းစားတို့ ဖြစ်သလို ရပ်တည်နေကြရသော ဒုက္ခဘုံတစ်ခုပမာ ဖြစ်နေသည့် ရပ်ကွက်ဟုလည်း ဆိုနိုင်သည်။ 

ဒိုမင်ဂိုက ပလတ်စတစ်အိတ်လေးနှစ်လုံးဆွဲပြီး ပြန်လာသည်။ သူ့လက်ထဲတွင် ကော်ဖီထုပ်လေး နှစ်ထုပ်ပါလာသည်။ အိမ်ပြန်ရောက်ချိန်တွင် မိသားစုကြည့်သည် ဒီဗီဒီစက်လေးကိုပြင်ရန် ဝက်အူလှည့်တစ်ချောင်းကို ကောက်ကိုင်လိုက်သည်။ သူက လျှပ်စစ်ပစ္စည်းများကိုလည်း ပြင်တတ်သည်။ သူ့မိန်းကို ပြင်ပေးမည်ဟု ညက ကတိပေးထားသည်။ သူက ကော်ဖီတစ်ခွက်ကို သောက်နေစဉ် တံခါးခေါက်သံကြားလိုက်ရသည်။ “ဘယ်သူလဲ”ဟု အော်မေးလိုက်သည်။

တစ်ဖက်ကမဖြေ။ နောက်ထပ် တံခါးထပ်ခေါက်သည်။ ဘာမှဖြေကြားခြင်းမရှိ။ သူက ထရပ်ရန် ပြင်လိုက်ချိန်တွင် တံခါးကို ခြေဖြင့်ကန်ဖွင့်လိုက်ပြီး အော်ဟစ်သံတွေ ကြားလိုက်ရသည်။ သူက နောက်ပြန်လှည့်ရန် ပြင်လိုက်ချိန်တွင် သေနတ်သံတစ်ချက် ကြားလိုက်ရသည်။ သူ့ကိုမထိ သေနတ်က လွဲသွားသည်။ သို့သော် ဒုတိယ သေနတ်သံကို သူမကြားလိုက်ရတော့။

အခြေအနေက ဝရုန်းသုန်းကားဖြစ်နေချိန်တွင် ဒိုမင်ဂို၏ဇနီးဖြစ်သူက မျက်စိဖွင့်ကြည့်လိုက်သည်။ သူ့ယောက်ျား ဒိုမင်ဂိုက လဲကျနေသည်။ သူ့မျက်နှာ ဘယ်ဘက်တစ်ခြမ်းလုံး မြင်မကောင်းအောင် ပွင့်ထွက်နေသည်။ သွေးတွေက မြင်မကောင်းအောင်ဖြစ်သည်။ သူက ယောက်ျားအလောင်းအောက်တွင် ရောက်နေသည့်သမီးလေးကို ဆွဲထုတ်လိုက်သည်။ သမီးလေးက ကြောက်လန့်နေသည်။ သူ့တစ်ကိုယ်လုံးတွင် သူ့အဖေဆီက သွေးတွေက မြင်မကောင်းအောင်ဖြစ်နေသည်။

ကလေးတွေကို သူက ဖက်ထားလိုက်သည်။ အားလုံး ငိုယိုအော်ဟစ်နေကြပြီး ကြောက်နေကြသည်။ ထိုစဉ် သူ့ခဲအိုတော်သူက အခန်းထဲကို ရောက်လာသည်။ သေနတ်သံတွေက ဆက်ထွက်လာပြန်သည်။ ပထမ ပစ်လိုက်သည့် ကျည်ဆန်က သူ့သားခေါင်းကို ထိသွားသည်။ သို့သော် ကလေးက အသက်ရှူနေသေးသည်။ သူက သမီးလေးကို ခဲအိုထံထိုးပေးလိုက်သည်။ သူတို့အပြင်ကို ထွက်ပြေးခဲ့ကြသည်။ ခဲအိုက ဆိုက်ကားကိုဆွဲပြီး ကလေးကိုတင်ကာ ဆေးရုံကို နင်းခဲ့သည်။ နောက်နှစ်နာရီလောက်အကြာတွင် ခဲအိုက အိမ်ကိုပြန်ရောက်လာသည်။ သူက သားလေးကို ဆုံးပြီဟုပြောလိုက်သည်။

ယခုတော့ ဒူတာတေး၏ မူးယစ်စစ်ပွဲတွင် ဘယ်ကရောက်လာမှန်းမသိသော၊ မည်သူမှန်းမသိသောသူတွေက ပစ်ခတ်မှုဖြင့် အသက် ၄၄ နှစ်အရွယ် ဆိုက်ကားသမား ဒိုမင်ဂိုနှင့် သူ့သားလေးတစ်ယောက် ဆုံးရှုံးခဲ့ရပြီ။ ဖိလစ်ပိုင်တွင် ထိုသို့သော အဖြစ်အပျက်တွေက ဒူတာတေး တက်လာပြီးနောက် ဆက်တိုက်လိုလို ဖြစ်နေသည်။ မည်သူမှန်းမသိ၊ မည်သည့်နေရာကမှန်းမသိသော သေနတ်သံတွေ ပေါ်ထွက်လာပြီး သွေး ချောင်း စီးနေကြရသည့်အဖြစ်မှာ ဆင်းရဲသားရပ်ကွက်များတွင် မထူးဆန်းတော့သလို ဖြစ်လာသည်။ 

ဒူတာတေး စီမံဆောင်ရွက်နေသည့် မူးယစ်စစ်ပွဲနှင့် ပတ်သက်ပြီး Time မဂ္ဂဇင်းကြီးက ဓာတ်ပုံများ ဝေဝေဆာဆာဖြင့် ဖိုတိုအက်ဆေးတစ်ပုဒ်ကို ဖော်ပြခဲ့သည်။ ထိုမဂ္ဂဇင်းတွင် ဖော်ပြထားသည့် နောက်ဆုံးပုံမှာ ဒိုမင်ဂို၏ဇနီးဖြစ်သူ အဲလစ်ဇဘက်၏ ကိုယ်ဝန်ကြီးနှင့် အသုဘ အခမ်းအနားတွင် ထိုင်နေသည့်ပုံဖြစ်သည်။ အသုဘအခမ်းအနားတွင် အခေါင်းကြီးကြီးတစ်လုံးနှင့် သေးသေးတစ်လုံးတို့မှာ မြင်ရသူအပေါင်းကို စိတ်မချမ်းသာစရာဖြစ်စေခဲ့သည်။ 

ဖိလစ်ပိုင်နိုင်ငံတွင် ရဲများက ဒူတာတေး၏ မူးယစ်စစ်ပွဲကို အကောင်အထည်ဖော်သည့်အနေနှင့် နှစ်လုံးပြူး စစ်ဆင်ရေးဆိုကာ ဆောင်ရွက်ခဲ့သည်။ ဒိုမင်ဂိုတို့ သားအဖ ကွယ်လွန်ပြီး ၁၀ ရက်ခန့်အကြာတွင် မနီလာမြို့ တောင်ဘက်၊ ခရစ်ယာန်ဘုရား ကျောင်းရှေ့ ကားရပ်နားသည့်နေရာတွင် အသက် ၁၂ နှစ်အရွယ် ခရစ္စတင်း ဂျွိုင်းဆေးလော့ သေနတ်ဖြင့် ပစ်သတ်ခြင်း ခံလိုက်ရပြန်သည်။ မော်တော်ဆိုင်ကယ်တစ်စင်းပေါ်က မျက်နှာဖုံး တပ်ထားသည့်လူနှစ်ဦးထဲမှ တစ်ဦးက သေနတ်ဖြင့် ပစ်သွားခြင်းဖြစ်သည်။ သူတို့က ဘာရည်ရွယ်ချက်နှင့် လုပ်မှန်းလည်းမသိ။ မည်သူ့ကိုထိထိ လက်တည့်စမ်းသွားသည့်သဘောဖြစ်သည်။ ဒူတာတေး၏ မူးယစ်စစ်ပွဲ ဆင်နွှဲသည့် ခြောက်လတာကာလအတွင်း အပြစ်မဲ့ ကလေးပေါင်း ၃၁ ဦး သေဆုံးခဲ့ကြရသည်။ ထိုအထဲတွင် အငယ်ဆုံးမှာ လေးနှစ်ဖြစ်သည်။

ဒူတာတေးသည် ဒါဗာအိုမြို့တွင် မြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်စဉ်ကတည်းက ကြမ်းတမ်းစွာ အုပ်ချုပ်ကိုင်တွယ်ခဲ့သူဖြစ်သည်။ ၁၉၉၈ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ မြို့တော်ဝန်အဖြစ် ဒါဗာအိုတွင် သူတာဝန်ယူခဲ့စဉ်ကလည်း အကြမ်းဖက်နှိမ်နင်းမှုများကြောင့် လူပေါင်း ၁၄၀၀ ခန့် သေဆုံးခဲ့သည်။ ထိုအထဲတွင် ကလေး ၁၃၀ ကျော်ပါဝင်ခဲ့သည်။ သူ အာဏာရပြီး ခြောက်လတာကာလအတွင်း အသက် ၁၈ နှစ်အောက် လူငယ်ပေါင်း ၂၆၀၀၀ ကျော်ကို မူးယစ်ဆေးသုံးစွဲခြင်း၊ ရောင်းချခြင်း၊ သယ်ယူပို့ဆောင်ပေးခြင်းများကြောင့် ဖမ်းဆီးထိန်းသိမ်းခဲ့ရကြောင်း ဖိလစ်ပိုင် ရဲတပ်ဖွဲ့ကလည်း သတင်းထုတ်ပြန်ထားသည်။ 

သူက ၂၀၁၆ ခုနှစ် ဇွန်လ ၃၀ ရက်နေ့တွင် သမ္မတအဖြစ် ကျမ်းသစ္စာဆိုပြီးနောက် တွန်ဒိုမြို့သို့သွားသည်။ ထိုမြို့ရှိ လူထု ၅၀၀ ခန့်ရှေ့မှောက်တွင် -

“မူးယစ်ဆေး စွဲနေတဲ့ကောင်လို့သိတာနဲ့ အဲဒီကောင်ကို ခင်ဗျားတို့ ပစ်သာသတ်လိုက်။ အဲဒီဆေးသမားကို အဲဒီလိုလုပ်လိုက်လို့ သူတို့ မိသားစုတွေ ခံစားသွားရပါစေ ပစ်သာသတ်လိုက်”ဟု ကြမ်းတမ်းစွာဖြင့် ပြောခဲ့သော အကျိုးဆက်တွေကို ဖိလစ်ပိုင် ပြည်သူတွေ တစ်နည်းနည်းဖြင့် ခံစားခဲ့ကြရခြင်းဖြစ်သည်။

စိတ်ရောဂါကုဆေးရုံမှ ဆရာဝန်များကလည်း မူးယစ်စစ်ပွဲ၏ဒဏ်ကို ကလေးတွေ ပိုပြီးခံစားကြရကြောင်း ပြောပြကြသည်။ အကြမ်းဖက် နှိမ်နင်းနေမှုများကြောင့် မူးယစ်ဆေးသုံးစွဲမှုတွေ ပျောက်သွားမည်လား မေးခွန်းတွေထုတ်လာကြသည်။

“အကြမ်းဖက်မှုက အကြမ်းဖက်မှုကိုသာတိုးပွားစေနိုင်တယ်”ဟု ကလေးစိတ်ပညာရှင် ဒေါက်တာ ဂျိုနာဟာရီယာကဆိုသည်။ သူက ဖိလစ်ပိုင်နိုင်ငံတော်ထုတ် သတင်းစာကို ပြောကြားရာတွင်

“ဖိအားတွေ အရမ်းပေးလွန်းရင် စိတ်ဓာတ်တွေက သည်းခံနိုင်စွမ်းတွေ နည်းလာတတ်တယ်။ ကလေးတွေဆိုတာ ပုံသွင်းရလွယ်ပါတယ်။ သူတို့ကို အကြမ်းဖက်စရာမှ မလိုတာ။ ကလေးတွေကို စည်းရုံးသိမ်းသွင်းတာတွေမလုပ်ဘဲ ပစ်သတ်တာတွေလုပ်နေကြတာ”ဟု မှတ်ချက်ပေးခဲ့သည်။ 

ဖိလစ်ပိုင်တွင် ဒူတာတေးလက်ထက် မူးယစ်စစ်ပွဲသည် နိုင်ငံတော်နှင့် ပြည်သူအတွက် လိုအပ်ချက်အရ လုပ်သည်ဆိုစေ၊ တရားမဲ့ဆောင်ရွက်ရန် ဥပဒေက ခွင့်ပြုထားခြင်းများကြောင့် အပြစ်မဲ့ အရပ်သားပေါင်း များစွာနှင့်ကလေးပေါင်းများစွာ အသက်ပေးခဲ့ရသည်။ ရဲတပ်ဖွဲ့ကို တာဝန်ပေးလိုက်သည့်အခါတွင်လည်း အကျင့်ပျက် ခြစားနေသည့် ရဲများလက်ထဲကို လုပ်ပိုင်ခွင့်ပေးလိုက်ခြင်းက မလိုလားအပ်သည့် သတ်ဖြတ်မှုများနှင့် လာဘ်ပေး လာဘ်ယူလုပ်မှုများကို ပိုပြီး အားပေးလိုက်သလိုသာ ဖြစ်စေခဲ့သည်။

လူတိုင်းသည် အပြင်ကိုထွက်လျှင် ဆိုင်ကယ်တစ်စီးပေါ်က သေနတ်နှင့် ပစ်သွားခြင်းကို အချိန်မရွေး ခံရနိုင်သည်။ အိမ်ထဲတွင် ထိုင်နေလျှင်လည်း လုံခြုံပြီဟု မထင်ရဲ။ ဒိုမင်ဂိုကဲ့သို့ ဘယ်ကမှန်းမသိ ပစ်ခတ်ပြီး ထွက်သွားခြင်းမျိုးကို အချိန်မရွေး ခံရနိုင်သည်။ ဖိလစ်ပိုင်ပြည်သူတို့၏ ဘဝမှာ မူးယစ်စစ်ပွဲနှင့် စစ်ဆင်ရေးကြီးအောက်တွင် အချိန်မရွေး ဒုက္ခရောက်နိုင်သည့် အနေအထားဖြင့် သတိထားနေကြရသည်။

ကျော်ဗလ
(Ref: The Guardian)