News

POST TYPE

ARTICLE

ဖိလစ်ပိုင်သမ္မတ ဒူတာတေး အစ္စရေးခရီးစဉ်အတွင်း လက်နက်ဝယ်ယူနိုင်ရေး ကြိုးပမ်း
03-Sep-2018

ဂျေရုစလင်၊ စက်တင်ဘာ ၃

ဖိလစ်ပိုင်သမ္မတ ဒူတာတေးသည် တနင်္ဂနွေနေ့တွင် အစ္စရေးနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး ဂျေရုစလင်သို့ ရောက်ရှိလာချိန်တွင် အမေရိကန်၏ စစ်လက်နက်ပစ္စည်းနှင့် စစ်ရေးအကူအညီကိုသာ ကာလရှည်မှီခိုနေရမှုကို လျှော့ချရေး ကြိုးပမ်းသွားမည်ဖြစ်ကြောင်း AFP သတင်းဌာနကဖော်ပြသည်။

လေးရက်ကြာ အစ္စရေးခရီးစဉ်သည် နှစ်နိုင်ငံသံတမန်ရေး နှစ် ၆၀ ကျော်အတွင်း ဖိလစ်ပိုင်ခေါင်းဆောင်တစ်ဦး၏ ပထမဆုံး ခရီးစဉ်ဖြစ်သည်။ ဟိုလိုကော့စ် ဖြစ်ရပ်ဆိုးအတွင်း မနီလာမြို့သည် ဂျူးများကို ခိုလှုံခွင့်ပြုခဲ့မှုအတွက် ထိုစဉ်ကပင် ဂျူးတို့နှင့် ဖိလစ်ပီနိုများအကြား ရင်းနှီးသည့် သမိုင်းရှိခဲ့သည့်တိုင် အစ္စရေးသို့ လာရောက်လည်ပတ်သည်မှာ ဒူတာတေးက ပထမဆုံးဖြစ်သည်။

စစ်သည်တော်များ၊ ရဲများ ခြံရံ၍ ရောက်ရှိလာသော ဒူတာတေးကို အစ္စရေးပြန်ကြားရေးဝန်ကြီး အယွတ်ဘ်ကာရာက တဲလ်အဗစ်မြို့အနီး ဘင်ဂူရီယမ်လေဆိပ်တွင် ကြိုဆိုခဲ့သည်။ ယင်းနောက်တွင် ဂျေရုစလင်မြို့သို့ သွားရောက်ခဲ့ပြီးအစ္စရေးရှိ ဖိလစ်ပိုင် ရွှေ့ပြောင်းလုပ်သား ထောင်ပေါင်းများစွာနှင့် တွေ့ဆုံပွဲကျင်းပခဲ့သည်။

တနင်္လာနေ့တွင် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ညာဟုနှင့် တွေ့ဆုံမည်ဖြစ်ပြီး ယာ့ဒ်ဗာရှမ်ဟိုလိုကော့စ် အောက်မေ့ဖွယ် အထိမ်းအမှတ်သို့ သွားရောက်ဆုတောင်းမှုမပြုမီ သဘောတူညီချက်များ လက်မှတ်ရေးထိုးမည်ဖြစ်သည်။

အင်္ဂါနေ့တွင် အစ္စရေးသမ္မတ ရီယူဗင်ရစ်ဗ်လင်နှင့် တွေ့ဆုံမည်ဖြစ်ကာ ဗုဒ္ဓဟူးနေ့တွင် ဟိုလိုကော့စ်ဖြစ်စဉ်အတွင်း ထွက်ပြေးလာကြသော ဂျူးလူမျိုး ၁၃၀၀၀ ကို ဖိလစ်ပိုင်က လက်ခံကယ်ဆယ်မှုအတွက် ဂုဏ်ပြုသည့် အထိမ်းအမှတ် အဆောက်အအုံဖွင့်ပွဲ တက်ရောက်မည်ဖြစ်သည်။

ဒူတာတေးသည် ဖိလစ်ပိုင်ကို ကိုလိုနီသခင်ဟောင်း အမေရိကန်အပေါ် ဗဟိုပြုထားရမှုမှဝေးကွာရန် ကြိုးပမ်းနေပြီး တရုတ်၊ ရုရှားတို့နှင့်ပါ ဆက်ဆံရေး ကောင်းမွန်စေရန် ကြိုးပမ်းနေသည်။

ဒူတာတေး၏ မူးယစ်စစ်ပွဲအပေါ် ပူပန်မှုများကြောင့် ဖိလစ်ပိုင်နှင့် အမေရိကန်၊ ကနေဒါတို့၏ လက်နက်ဝယ်ယူမှု သဘောတူညီချက်များ ပျက်ပြားခဲ့သော်လည်း အစ္စရေးနှင့် သဘောတူညီချက်များမှာမူ အဆင်ပြေနေဆဲဖြစ်သည်။

“သမ္မတဒူတာတေးရဲ့ ခရီးစဉ်ဟာ ကျွန်တော်တို့ တပ်မတော်အတွက်ရော ရဲတပ်ဖွဲ့အတွက်ပါ လက်နက်ဝယ်ယူဖို့ ရွေးချယ်စရာ ဈေးကွက်တစ်ခုကို ရှာတဲ့သဘောပါ”ဟု ဖိလစ်ပိုင်တက္ကသိုလ်မှ နိုင်ငံတကာရေးရာ ကျွမ်းကျင်သူ ဟင်နီလီတိုဆီဗီးလားက ပြောကြားသည်။

အစ္စရေးသည် ကမ္ဘာ့ထိပ်တန်း လက်နက်ရောင်းချသည့်နိုင်ငံဖြစ်ပြီး ကာကွယ်ရေး လက်နက်ပစ္စည်းတင်ပို့မှု ၆၀ ရာခိုင်နှုန်းနီးပါးမှာ အာရှပစိဖိတ်ဒေသသို့ ရောင်းချခြင်းဖြစ်သည်။

၂၀၁၇ တွင် ဖိလစ်ပိုင်သည် အစ္စရေး၏ အရေးပါသော ဖောက်သည်နိုင်ငံဖြစ်လာခဲ့ပြီး ရေဒါများ၊ တင့်ဖျက်လက်နက်များ အမေရိကန်ဒေါ်လာ ၂၁ သန်းဖိုးအထိ ဝယ်ယူခဲ့သည်။

အပြန်အလှန်အနေနှင့် ဖိလစ်ပိုင်၏ အဓိကပို့ကုန်ဖြစ်သော အလုပ်သမား တင်ပို့မှုအတွက်လည်း အစ္စရေးနှင့် သဘောတူညီချက်များ ချုပ်ဆိုသွားဖွယ်ရှိသည်။

ဖိလစ်ပိုင်နိုင်ငံသား ၁၀ သန်းခန့်မှာ ပြည်ပတွင် အလုပ်လုပ်နေကြပြီး ၎င်းတို့ ပြန်ပို့သည့်ငွေသည် တိုင်းပြည်စီးပွားရေးအတွက် အသက်သွေးကြောဖြစ်နေသည်။ ဖိလစ်ပိုင်အနေနှင့် ၎င်းတို့ နိုင်ငံသားလုပ်သားများကို ကာကွယ်ပေးရေး သဘောတူ စာချုပ်များ ချုပ်ဆိုရန် စိတ်အားထက်သန်လျက်ရှိသည်။

F-03