News

POST TYPE

ARTICLE

အွန်လိုင်းပေါ်က အနိုင်ကျင့်ဗိုလ်ကျမှုများ
01-Sep-2018


၂ဝ၁၈ ခုနှစ်ဦးပိုင်းတွင် အမေရိကန်ပြည်ထောင်စု၊ ဖလောရီဒါပြည်နယ်တွင် အသက် ၁၂ နှစ် အရွယ် လူငယ်နှစ်ဦးကို Cyberbullying ခေါ် အွန်လိုင်းကတစ်ဆင့် အနိုင်ကျင့်ဗိုလ်ကျမှုကြောင့် ဖမ်းဆီးလိုက်ကြောင်း သတင်းမီဒီယာများပေါ် သတင်းတွေတက်လာသည်။ အလယ်တန်းကျောင်းသူလေးတစ်ဦး သေဆုံးမှုသည် ယင်းကျောင်းသားနှစ်ဦး၏ အနိုင်ကျင့်ခြိမ်းခြောက်မှုများကြောင့်ဖြစ်သည်ဆိုပြီး ရဲတပ်ဖွဲ့က လူငယ်နှစ်ဦးကို ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။

အသက် ၁၂ နှစ်ခန့်သာရှိသေးသည့် ဂါဘရီလာ ဂရင်းသည် ဇန်နဝါရီလ ၁၀ ရက်နေ့က သေဆုံးခဲ့ရသည်။ ဂရင်းသေဆုံးမှုအတွက် ဆပ်ဖ်ဆိုက်အလယ်တန်းကျောင်းမှ ကျောင်းသားနှစ်ဦးကို ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည့် ကျောင်းသားများအမည်ကို ထုတ်ပြန်ခြင်းမရှိ။ သို့သော် ရဲများက သေဆုံးသွားရသည့် ဂရင်းသည် Cyberbullying ခေါ် အွန်လိုင်းပေါ်ကတစ်ဆင့် နှောင့်ယှက်ခြိမ်းခြောက်မှုများကြောင့် ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ ကောင်လေးနှစ်ယောက်ကလည်း သူတို့သည် ပြစ်မှုကျူးလွန်ခဲ့ကြောင်း ဝန်ခံခဲ့ကြသည်။

ကောင်လေးတွေက ဂရင်းကို အွန်လိုင်းကတစ်ဆင့် သူ့ထံတွင် လိင်ဆက်ဆံရာမှ ရောဂါတစ်ခုရနေပြီဆိုသည့်သတင်းကို ထုတ်လွှင့်လိုက်မည်ဟု ခြိမ်းခြောက်ကြသည်။ ဂရင်းကိုလည်း ကောင်လေးတစ်ယောက်က ဗီဒီယိုနှင့် တွေ့ဆုံပြောဆိုရသည့်စနစ်ကို အသုံးပြုပြီး ခြိမ်းခြောက်ခဲ့ကြောင်း ဝန်ခံသည်။ ဂရင်းက သူတို့ကို တောင်းပန်သည်။ ထို့ပြင် သူတို့ ဤသို့မဟုတ်သည့် သတင်းများကို ထုတ်ပြန်လိုက်လျှင် သူ့ကိုယ်သူ ကြိုးဆွဲချပြီး သတ်သေမည်ဟူ၍လည်း ပြောခဲ့သည်။ 

ကောင်လေးက ဂရင်းကို လုပ်လိုက်လေဟု ပြန်ပြောကြောင်း၊ အဆက်အသွယ်ပြတ်သွားကြောင်း၊ ကောင်လေးက စာဖြင့်ရိုက်ပြီး ဆက်သွယ်သေးကြောင်း၊ စကား ပြန်ကြားခြင်းမရှိကြောင်း ဝန်ခံသည်။ ဂရင်း၏ ညီမ ဝမ်းကွဲဖြစ်သူ ချက်ဘေကာကလည်း ဂရင်းသည် လျှပ်စစ်ဝါယာကြိုးဖြင့် စတိုးခန်းထဲတွင် တိတ်တိတ်လေး ကြိုးဆွဲချကာ သေဆုံးနေခြင်းဖြစ်ကြောင်း ပြောပြသည်။ သူ့ကို ခြိမ်းခြောက်နေသည့် ဖိစီးမှုများကို လုံးဝမခံစားနိုင်သည့် အဆုံးတွင် သူ့ကိုယ်သူ သတ်သေသွားခြင်းဖြစ်သည်။ 

အသက် ၁၂ နှစ်မှ ၁၇ နှစ်အတွင်း အမေရိကန် ကလေးပေါင်း ၅၀၀၀ ကို လေ့လာဆန်းစစ်ရာတွင် ကလေးသုံးဦးလျှင် တစ်ဦးသည် ဆိုက်ဘာအကြမ်းဖက်မှုကို ခံစားနေကြရသူများ ဖြစ်နေသည်။ အများဆုံးမှာ အွန်လိုင်းကတစ်ဆင့် အကြမ်းဖက်အနိုင်ကျင့်ခြိမ်းခြောက်မှုများဖြစ်သည်။ ယင်းတို့အထဲတွင် စိတ်ဓာတ်ကျပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေမှုက တစ်ရာခိုင်နှုန်းရှိသည်။ 

ဆိုက်ဘာခြိမ်းခြောက်မှုသည် သူရဲဘောကြောင်သည့် လုပ်ရပ်တစ်ခုဖြစ်သည်။ အဘယ်ကြောင့် သူရဲဘောင်ကြောင်သည်ဟု ပြောရသနည်းဆိုလျှင် သူတို့သည် ကွန်ပျူတာ၊ ဆဲလ်ဖုန်းနောက်ကွယ်ကသာ ပြောဆိုလုပ်ကိုင်ရဲသူများဖြစ်သောကြောင့်ပင်။ သူတို့သည် လူလူချင်း မျက်နှာချင်းမဆိုင်ရဲသူများ၊ စိတ်ဓာတ်အောက်တန်းကျသူများ ဖြစ်သောကြောင့် ပုဆိုးခြုံထဲက လက်သီးပြနေသူများလည်းဖြစ်ကြသည်။ 

အမေရိကကျောင်းများတွင်လည်း ကျောင်းသားအချင်းချင်း အနိုင်ကျင့် ဗိုလ်ကျမှုများရှိသည်။ သို့သော် ကျောင်းတွင်း အနိုင်ကျင့် ဗိုလ်ကျမှုမှာ ကျောင်းလွှတ်လိုက်လျှင် ပြီးဆုံးသွားသည်ကများသည်။ ဆိုက်ဘာ ခြိမ်းခြောက်နှိပ်စက်မှုကတော့ ကျောင်းပြီးလည်း ဆက်ရှိနေသည်။ အင်တာနက်ကို သုံးနေသမျှ၊ ဖုန်းတွေကို သုံးနေသမျှ ရင်ဆိုင်နေရမည်သာဖြစ်သည်။ 

သူရဲဘောကြောင်သူ အွန်လိုင်းဘူလီတွေက ဘာတွေလုပ်ကြသနည်း။

- ရန်စသလို လုပ်မည်။ အွန်လိုင်းကတစ်ဆင့် စာတွေပို့မည်။ စာထဲတွင် ကြမ်းတမ်းယုတ်ညံ့သည့် စာတွေ စကားတွေ ထည့်ပို့မည်။

- အနှောင့်အယှက်ပေးမည်။ စာတွေ မကြာမကြာ ပို့မည်။ ဖုန်းတွေ ခဏခဏဆက်မည်။ ညစ်ပတ်သည့် စကားတွေပြောမည်။ ယုတ်ညံ့သည့် ပုံတွေပို့မည်။

- သိက္ခာချမည်။ ကိုယ်၏လူသိမခံဝံ့သော ကိစ္စများကို ဖော်ထုတ်ဖွင့်ချလိုက်မည်ဟုပြောမည်။ နင့်ကို သူက ဘယ်လိုပြောတယ်။ သူ့ကိုလည်း နင်က ဒီလိုပြောတာ ပြန်ပြောမယ် စသည်ဖြင့် စိတ်ညစ်အောင်ဆွပေးမည်။

- အထင်မှားအမြင်မှားအောင် ပစ္စည်းတွေပေးပို့မည်။ ထိုပစ္စည်းတွေ ပေးပို့ထားကြောင်းကိုလည်း ဖွင့်ထုတ်ဖော်ပြမည်ဟု ခြိမ်းခြောက်သည်။

- ပုံတွေကိုခိုးရိုက်ထားမည်။ ပြုပြင်ထားပြီး ပို့လိုက်ရမလားဟု ခြိမ်းခြောက်မည်။ တစ်ချိန်က အတူတူ တွဲရိုက်ထားဖူးသည့် ပုံများနှင့်လည်း ပြဿနာရှာနိုင်သည်။

- လျှို့ဝှက်ချက်တွေကို ရယူထားပြီး ထုတ်ပြန်လိုက်ရမလားဟု အကျပ်ကိုင်မည်။

- ဝိုင်းပယ်လိုက်ရမလား၊ တို့အဖွဲ့ထဲက ထုတ်ပစ်လိုက်ရမလား၊ တို့နဲ့ ဘာမှ မဆိုင်တော့ကြောင်း ထုတ်ပြန် လိုက်ရမလားဟူ၍လည်း ခြိမ်းခြောက်နိုင်ပါသည်။

Cyberstalking ဆိုသည့် စကားရပ်ကိုလည်း ယခုခေတ်တွင် အသုံးများသည်။ အီလက်ထရွန်နစ် ဆက်သွယ်ရေးပစ္စည်းများကို အသုံးပြုပြီး တစ်ဖက်သားကို မခံမရပ်နိုင်ဖြစ်လောက်အောင် ထပ်ကာထပ်ကာ ဆက်သွယ်နှောင့်ယှက်ခြင်း၊ အီးမေးလ်တွေ အထပ်ထပ်ပို့ခြင်းများဖြစ်သည်။ သူတို့ပို့သည့် အကြောင်းအရာတွေကလည်း ခြိမ်းခြောက်မှုများ၊ ကြောက်လန့်အောင် လုပ်ဆောင်ထားသည့် စာများ၊ ပုံများဖြစ်နေတတ်သည်။ မည်သို့ဆိုစေ လက်ခံရရှိသူ၏ စိတ်ထဲတွင် အနှောင့်အယှက်ဖြစ်စေသည်။

အနောက်နိုင်ငံများတွင် Pew Research Center လုပ်နှုန်းတွေ တိုးတက်မြင့်မားလာသလို၊ ကိုယ့်ကိုယ်ကိုယ် သတ်သေနှုန်းတွေကလည်း တိုးတက်မြင့်မားလာသည်။ ၂၀၁၇ ခုနှစ် Pew Research Center မှ သုတေသနပြုလုပ်ချက်များအရ အွန်လိုင်းနှောင့်ယှက်ခြိမ်းခြောက်မှုများကို အမေရိကန် ၄၀ ရာခိုင်နှုန်းခန့် ခံစားနေကြရသည်ဟု ဆိုသည်။ လေ့လာဆန်းစစ်ချက်အရလည်း ၆၂ ရာခိုင်နှုန်းသော အမေရိကန်ပြည်သူတို့ကလည်း Cyberbullying သည် လူ့ဘောင်အဖွဲ့အစည်းအပေါ် ခြိမ်းခြောက်လာသည့် လူမှုရေး ပြဿနာတစ်ခုဖြစ်ကြောင်း ထုတ်ဖော်ပြောကြားကြသည်။ 

Pew အဖွဲ့လေ့လာဆန်းစစ်ချက်တွင် လူငါးဦးလျှင် တစ်ဦးသည် Cyberbullying အလုပ်ခံနေရသည်သာဖြစ်သည်။ ၁၈ ရာခိုင်နှုန်းခန့်မှာ အလွန်အကြူး အကြမ်းဖက်နှောင့်ယှက်ခြိမ်းခြောက်မှုများကို ခံနေကြရသည်။ New York Times သတင်းစာကြီးကလည်း အမေရိကတွင်နှစ်ပေါင်း ၃၀ အတွင်း ကိုယ့်ကိုယ်ကိုယ် သတ်သေနှုန်းများ မြင့်မားလာကြောင်း ရေးသားထားသည်။ အသက် ၁၅ နှစ်မှ ၂၄ နှစ်အတွင်း ကိုယ့် ကိုယ်ကိုယ်သတ်သေနှုန်းသည် မတော်တဆမှုများဖြင့် သေဆုံးမှုနှုန်းပြီးလျှင် ဒုတိယအများဆုံးဖြစ်လာသည်။ 

Ditch the Label ဆိုသည့် NGO အဖွဲ့၏ အစီရင်ခံစာတွင်လည်း Cyberbullying ကို အဖြစ်ပေါ်စေဆုံး အွန်လိုင်းပလက်ဖောင်းများမှာ Instagram နှင့် Facebook တို့ဖြစ်သည်ဟု ဆိုထားသည်။ ၂၀၁၇ ခုနှစ်တွင် Facebook ကလည်း “Facebook Spaces” ဆော့ဖ်ဝဲဖြင့် လေ့လာဆန်းစစ်မှုများကို ပြုလုပ်လျက်ရှိသည်။ Facebook Live ကို တီထွင်ပြီး ဆိုက်ဘာ အကြမ်းဖက်မှုများရှိလျှင် ချက်ချင်းထုတ်လွှင့်ပေးပါရန် စီစဉ်ပေးပြီးဆိုရှယ်မီဒီယာ၏ သက်ရောက်မှုများအပေါ် အကာအကွယ်ပြုနိုင်စေရန် စီစဉ်နေကြသည်။ 

Cyberbullying သည် ခေတ်သစ်တွင် လူတစ်ဦးချင်းအပေါ် အထိရောက်ဆုံး စော်ကားနှောင့်ယှက်မှုတစ်ခု ဖြစ်လာသည်။ ဆိုရှယ်မီဒီယာများနှင့် လူမှုကွန်ရက်များ ခေတ်စားလာသည်နှင့်အမျှ အားလုံးသည် ပတ်သက်ရာ ပတ်သက်ကြောင်း ဆက်နွှယ်ကုန်ကြသည်။ ထို့ကြောင့် ကောင်းသတင်းလည်း ကျော်နိုင်သလို၊ မကောင်းသတင်းလည်း ပေါ်သွားနိုင်သည်။ ဆိုရှယ်မီဒီယာသည် လူမှုဘဝကို အကူအညီပေးရန်၊ အထောက်အကူပေးရန် တီထွင်သည်ဆိုသော်လည်း ဆန့်ကျင်ဘက်သက်ရောက်မှုများကိုပါ ခံစားကြရသည်။ အထူးသဖြင့် စိတ်ဓာတ်နုနယ်သည့်ကလေးများတွင် Cyberbullying ကြောင့် စိတ်အနှောင့်အယှက်အများဆုံး ဖြစ်လာကြရသည်။ 

ဒစ်ဂျစ်တယ်နည်းပညာသည် ရှောင်လွှဲမရသည့် တိုးတက်မှုတစ်ခုဖြစ်သည်။ မိဘများအနေနှင့်လည်း သားသမီးများ၏ အွန်လိုင်းသုံးစွဲနေမှုများကို ပိတ်ပင်တားဆီးရန် မဖြစ်နိုင်ပါ။ ထို့ကြောင့် သုံးပါစေ၊ စိတ်ရှည်စွာဖြင့် သူတို့ကို Cyberbullying ဘေးက ကင်းဝေးစေရန် အကာအကွယ်ပေးနိုင်ရေး နည်းလမ်းရှာကြရန် ဖြစ်သည်။ မိဘတိုင်း မိမိတို့သားသမီးအပေါ် ခြိမ်းခြောက်နှောင့်ယှက်မှုများကို နှစ်သက်မည်မဟုတ်ပါ။ ထို့ကြောင့် မိမိတို့ သားသမီးများနှင့် ပွင့်လင်းစွာဖြင့် ပြောဆိုနေထိုင်နိုင်မှုကို ဦးစားပေးတည်ဆောက်သင့်ပါသည်။ မည်သည့်ပြဿနာ ဖြစ်ပေါ်လာသည်ဖြစ်စေ မိဘများက သူတို့ဘက်တွင်ရှိသည်၊ သူတို့ဘက်က ရပ်တည်ပေးမည်ဆိုသော ထင်သာမြင်သာရှိစေမည့် အပြုအမူ အပြောအဆို နှစ်သိမ့်မှုများကို ပေးသင့်ပါသည်။ 

ကလေးများသည် သူတို့လုပ်သည်ကို အမြဲ ဆန်းစစ်ဝေဖန်နိုင်စွမ်းရှိကြသည် မဟုတ်ပါ။ ထို့ကြောင့် မိဘများက Cyberbullying သဘောတရားတွေကို သူတို့နှင့် ပွင့်လင်းစွာဆွေးနွေးထားသင့်ပါသည်။ ဖြစ်လာနိုင်သော သဘောတရားတွေကို ပွင့်လင်းစွာ ပြောပြထားပြီး၊ ရင်ဆိုင်ကြုံတွေ့လာလျှင် မိဘတွေကို ပွင့်လင်းစွာပြောပြရန် လမ်းဖွင့်ပေးထားသင့်ပါသည်။ ပွင့်လင်းစွာ ဆွေးနွေးခွင့်ပေးထားခြင်းက သူတို့အပေါ် ဖိစီးထားမှုများကို သက်သာရာရစေပါလိမ့်မည်။ 

ကလေးတွေကို အင်တာနက်မသုံးရ၊ ဖုန်းမသုံးရဟု ပိတ်ပင်ထားလိုက်ခြင်းကလည်း အဖြေတစ်ခုမဟုတ်ကြောင်း သိထားစေချင်ပါသည်။ ဖုန်းနှင့် အင်တာနက်သုံးတိုင်း မကောင်းတာဖြစ်တော့မည်ဟု မြင်နေသူမိဘများမှာ ဖုန်းနှင့် အင်တာနက်သုံးခြင်းဖြင့် ကောင်းကျိုးတွေကို မသိသောကြောင့်သာ ဖြစ်ပါလိမ့်မည်။ ထို့ပြင် ဖုန်းအင်တာနက်ကတစ်ဆင့် သားသမီးတို့အပေါ် ကျရောက်လာနိုင်သည့် Cyberbullying သဘောတရားတွေကို နားမလည်သူတွေလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ လူကြီးတွေကို ပညာပေးရန် လိုပါသည်။ Cyberbullying ဖြစ်လာလျှင် မည်သို့ ရင်ဆိုင်ရမည်ကို လူကြီးတွေ၊ မိဘတွေ၊ ဆရာတွေကို ဦးစွာ ပညာပေးနိုင်မှ ကလေးများ၏ အသက်အန္တရာယ် ခြိမ်းခြောက်နေမှုများကိုလည်း အကာအကွယ်ပေးနိုင်မည်ဖြစ်သည်။ 

Cyberbullying ဖြစ်လာလျှင် စိတ်ဝေဒနာခံစားရခြင်းကအဆိုးဆုံးဖြစ်သည်။ ထို့ကြောင့်ကလေးများကို ဖြေသိမ့်ပေးနိုင်မည့် ကြားခံအဖွဲ့အစည်းတစ်ခုလည်း လိုပါသည်။ သူတို့ လေးစားယုံကြည်သည့် အဖွဲ့အစည်း သို့မဟုတ် ဆရာတစ်ဦးဦး၏ အကြံပေးခြင်း၊ နှစ်သိမ့်အားပေးခြင်းတို့လည်း လိုနိုင်ပါသည်။ ပွင့်လင်းစွာဖြင့် ကလေးများနှင့် ရင်းနှီးစွာ ဆက်သွယ်ပြောဆိုနိုင်သော အရေးပေါ်အဖွဲ့လေးများကိုလည်း အွန်လိုင်းပေါ်တွင်ပင် ထူထောင်ထားသင့်ပါသည်။

အွန်လိုင်းက အကြမ်းဖက်ခြိမ်းခြောက်မှုတွေ လုပ်လာလျှင် ကလေးတွေကို ဘာလုပ်ရမည်ဟု သင်ကြားပေးထားနိုင်သနည်း။ ကလေးတွေအတွက် ဘာတွေကို ပြင်ဆင်ထားပေးပြီးကြသနည်း။

- ၉၁၁ ကဲ့သို့ အရေးပေါ်ဆက်သွယ်နိုင်သည့် ဖုန်းနံပါတ်တွေကို သူတို့အား ပေးထားပြီးပြီလား။

- သတ်သေချင်စိတ် ဖြစ်ပေါ်လာသူများအတွက် အရေးပေါ်ဆက်သွယ်နိုင်မည့် လိုင်းနံပါတ်တွေ ရှိနေပြီလား။

- ကျောင်းတွေမှာ ပညာပေး၊ ဗဟုသုတပေး၊ နှစ်သိမ့်ဆွေးနွေးပေးမည့် အဖွဲ့တွေ ဖွဲ့ပေးထားသလား။

- ဖွဲ့ပေးထားသည့် အဖွဲ့တွေကလည်း ၂၄ နာရီလုံးလုံး ကလေးတွေအတွက် အသင့်ဖြစ်ပါသလား။

- မိဘတွေကရော ဆွေးနွေးတိုင်ပင်ရန် လမ်းဖွင့်ပေးထားသလား။

- ကျောင်းတွေမှာ ဆွေးနွေးတိုင်ပင်ရန် လမ်းဖွင့်ပေးထားသလား။

- ဆရာတွေရော ဆွေးနွေးတိုင်ပင်ရန် လမ်းဖွင့်ပေးထားသလား။

အားလုံးဝိုင်းဝန်းကူညီစောင့်ရှောက်ကြမှသာ Cyberbullying အတွက် ကလေးတွေအပေါ် ကျရောက်လာမည့် ဘေးတွေကို အကာအကွယ်ပေးနိုင်ပါလိမ့်မည်။ ဝိုင်းဝန်းဆောင်ရွက် ကလေးများအတွက်ဆိုကာ Cyberbullying ကို တန်ပြန်ထိုးနှက်ကြရုံမှတစ်ပါး သူတို့အသက်ကို ကယ်တင်ပေးနိုင်ရန် အခြားနည်းလမ်းမရှိပြီ။ 

(Ref: ABC, Kids Health, The Journal, Desoto Times-Tribun)