News

POST TYPE

ARTICLE

ကိုရီးယား Daewoo ကားကုမ္ပဏီ ပြည်တွင်း၌ ခရီးသည်တင်ယာဉ်များ ထုတ်မည်
27-Aug-2018
ရန်ကုန်၊ ဩဂုတ် ၂၇

တောင်ကိုရီးယားနိုင်ငံအခြေစိုက် Daewoo မော်တော်ယာဉ်ကုမ္ပဏီက ပြည်တွင်း၌ ခရီးသည်တင်မော်တော်ယာဉ်များ တပ်ဆင်ထုတ်လုပ်ရောင်းချခြင်းနှင့် ပြုပြင်ခြင်းလုပ်ငန်းများ လုပ်ကိုင်မည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

အဆိုပါလုပ်ငန်းကို ကိုရီးယားကုမ္ပဏီ Daewoo က ၂၅ ရာခိုင်နှုန်းနှင့် ပြည်တွင်း ကုမ္ပဏီ Myanmar Trade Center ကုမ္ပဏီလိမီတက်က ၇၅ ရာခိုင်နှုန်းတို့ဖြင့် ဖက်စပ် လုပ်ကိုင်မည်ဖြစ်ပြီး ပြည်တွင်းတွင် SKD စနစ်ဖြင့် ခရီးသည်တင် မော်တော်ယာဉ်များနှင့် မီနီဘတ်စ်မော်တော်ယာဉ်များကို တပ်ဆင်ထုတ်လုပ်မည်ဖြစ်ကြောင်း ယင်းဌာနညွှန်ကြားရေးမှူး ဦးစိုးမြင့်အောင်က ပြောကြားသည်။

“သူက ပထမအဆင့် ရင်းနှီးမြှုပ်နှံမှုအနေနဲ့ အမေရိကန်ဒေါ်လာ ငါးသန်းကစပြီး ရင်းနှီးမြှုပ်နှံသွားမှာ။ နောက်ပိုင်းမှာ လုပ်ငန်းတိုးချဲ့တဲ့အပေါ်မူတည်ပြီး ရင်းနှီးမြှုပ်နှံမှုက ထပ်တိုးလာမယ်”ဟု ၎င်းကပြောဆိုသည်။

အဆိုပါလုပ်ငန်းလုပ်ကိုင်ခွင့်ကို ဩဂုတ်လ ၂၅ ရက်နေ့က ပြုလုပ်သော မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အစည်းအဝေးတွင် ခွင့်ပြုပေးခဲ့ပြီး ယင်းလုပ်ငန်းများကို ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်ရှိ စက်မှုဝန်ကြီး ဌာနပိုင်မြေပေါ်တွင် လုပ်ကိုင်မည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

လတ်တလောတွင် ပြည်တွင်း၌ SKD စနစ်ဖြင့် မော်တော်ယာဉ် တပ်ဆင်ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းကို အမေရိက အခြေစိုက် Ford ကုမ္ပဏီ၊ ဂျပန်ဆူဇူးကီး ကုမ္ပဏီတို့ အပါအဝင် နိုင်ငံခြားကုမ္ပဏီ ၈ ခုနှင့် ပြည်တွင်းကုမ္ပဏီ ၆ ခုက လုပ်ကိုင် လျက်ရှိကြောင်း ယင်းဌာနထံမှ သိရသည်။

ယင်းသို့သော ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာပါက နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူဖြစ်နိုင်မည့်အပြင် ပြည်တွင်းတွင် အလုပ်အကိုင် အခွင့်အလမ်းများပါ ရရှိနိုင်မည်ဖြစ်ကြောင်း မော်တော်ယာဉ်တင်သွင်း ရောင်းချသော လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

“ဒီမှာထုတ်မယ်၊ ပြည်တွင်းဈေးကွက်ကို ဖြန့်မယ်ဆိုရင် ပြည်သူတွေအတွက် ကားအသစ်တွေကို ဈေးသက်သက်သာသာ စီးနိုင်မယ့် အနေအထား ဖြစ်လာနိုင်တာပေါ့”ဟု ၎င်းကဆိုသည်။

ပြည်ပမှ တစ်ဦးချင်းပါမစ် (Free Permit) ဖြင့် တင်သွင်းသည့် မော်တော်ယာဉ်များကို ရန်ကုန်လိုင်စင် ထုတ်မပေးသော်လည်း ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်သည့် မော်တော်ယာဉ်များကို ရန်ကုန်လိုင်စင် ထုတ်ပေးလျက်ရှိသည်။

J-01