News

POST TYPE

ARTICLE

သတင်းမီဒီယာကောင်စီ ဘာလဲ
27-Aug-2018 tagged as သတင်းမီဒီယာ

ဒီခေါင်းစဉ်နဲ့ပဲ သတင်းမီဒီယာကောင်စီဝင်တစ်ဦးဖြစ်တဲ့ ဦးမြင့်ကျော်က ဆောင်းပါးတစ်ပုဒ် ရေးခဲ့ပြီးဖြစ်ပါတယ်။ ဖတ်မိတဲ့သူရှိသလို မဖတ်မိသူတွေလည်း ရှိနိုင်ပါတယ်။ ခုဆောင်းပါးမှာတော့ ပထမဆောင်းပါးမှာ ဖော်ပြခဲ့တာတချို့ကို ထပ်မံဖြည့်စွက်လိုတာရယ်၊ သတင်းမီဒီယာကောင်စီနဲ့ ပတ်သက်ပြီး ဇဝေဇဝါဖြစ်နေကြသူတချို့ရယ်အတွက် သတင်းမီဒီယာကောင်စီ ဘာလဲဆိုတာကို (နားလည်သလောက်) ပြောပြချင်ပါတယ်။

မြန်မာမီဒီယာလောကရဲ့ ဖြတ်သန်းလာတဲ့သမိုင်းကြောင်းကိုကြည့်ရင် အခြားသောနိုင်ငံများနဲ့မတူတဲ့ အင်မတန်ခက်ခဲကြမ်းတမ်းတဲ့ ကာလတစ်ခုကို ဖြတ်သန်းခဲ့ရတယ်ဆိုတာ အားလုံးအသိပါ။ နှစ်ပေါင်းများစွာ စာပေလွတ်လပ်ခွင့် ဆိတ်သုဉ်းခဲ့တာ၊ စာနယ်ဇင်းများအပေါ် ဖိနှိပ်ချုပ်ချယ်ထားတဲ့ ပုံနှိပ်ထုတ်ဝေရေးဥပဒေများနဲ့ အရေးယူခဲ့တာ၊ စာပေကင်ပေတိုင်ရုံးအဖြစ် စာပေသမားများ အော့နှလုံးနာခဲ့ရတဲ့ စာပေစိစစ်ရေးက ကြိုးနီစနစ်မျိုးစုံ၊ တစ်ချက်လွှတ်အမိန့်မျိုးစုံနဲ့ စိတ်ဒုက္ခ ကိုယ်ဒုက္ခအကြီးအကျယ်ပေးခဲ့တာ စုံလို့ပါပဲ။ ဒီစာပေအမှောင်ခေတ်ကြီးဟာ ၂၀၁၁ ခုနှစ်မှာ အနည်းငယ် စတင်ဖြေလျှော့ပေးလာပါတယ်။ နောက်ဆုံးမှာ နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ “စာပေစိစစ်ရေး” ဖျက်သိမ်းဖို့အထိ (နိုင်ငံရေးအပြောင်းအလဲအရ) ဖြစ်ပေါ်လာပါတယ်။ စစ်အစိုးရ ပြန်ကြားရေးဝန်ကြီးဟာ စာပေစိစစ်ရေးကို ဖျက်သိမ်းပြီး “အမြုတေစာနယ်ဇင်းကောင်စီ” တစ်ရပ်နဲ့ အစားထိုးဖို့ ၎င်းတို့ နှစ်သက်သဘောကျတဲ့ စာပေနယ်ကပုဂ္ဂိုလ်များကို အခြေတည်ပြီး ကနဦးကြိုးပမ်းခဲ့ပါတယ်။ အဲဒါကို မြန်မာနိုင်ငံသတင်းစာဆရာအသင်းက ပုဂ္ဂိုလ် ၅ ဦးက ကန့်ကွက်ပါတယ်။ ဒီအထဲမှာ ကွယ်လွန်သွားပြီဖြစ်တဲ့ သတင်းစာဆရာ မောင်ဝံသပါဝင်ပါတယ်။ အခြားသူတွေကတော့ ဦးသီဟစော၊ ဦးကိုကို (စက်မှု)၊ ဆရာကြီးဖိုးသောကြာ၊ ဦးအောင်လှထွန်းတို့ ပါဝင်ပါတယ်။ ဝန်ကြီးဦးကျော်ဆန်းရဲ့ အစီအမံထဲမှာ ဒီကောင်စီရဲ့တာဝန်က စာပေစိစစ်ရေးရဲ့ လုပ်ငန်းဆောင်တာနဲ့ သိပ်မကွဲပြားတာတွေ့ရတယ်။ ဒီလိုကန့်ကွက်မှုတွေ ဖြစ်ပေါ်ပြီးတဲ့နောက်မှာတော့ ပြင်ဆင်ဖွဲ့စည်းမှုတွေလုပ်ခဲ့သလို ဝန်ကြီး ဦးကျော်ဆန်းလည်း နေရာရွေ့သွားပြီး ဝန်ကြီးသစ် ဦးအောင်ကြည် ရောက် လာပါတယ်။ “မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)” ဆိုတဲ့အမည် နာမနဲ့ အဖွဲ့ဝင် ၃၀ ဦးပါ အဖွဲ့သစ်တစ်ခုကို ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့မှာ (လွတ်လပ်စွာ) စတင်ဖွဲ့စည်းဖြစ်ခဲ့ပါတယ်။ လွတ်လပ်စွာလို့ ဆိုရတာက အမှုဆောင်ရွေးကောက်ပွဲမှာ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ စွက်ဖက်မှုမပါခဲ့လို့ပါ။ စာနယ်ဇင်းကောင်စီ(ယာယီ) က အတော်လေး နယ်ပယ်စုံပြီး ကျယ်ပြန့်ပါတယ်။ ဥက္ကဋ္ဌကတော့ အငြိမ်းစားတရားသူကြီးချုပ်ဟောင်း ဦးခင်မောင်အေးဖြစ်ပြီး အတွင်းရေးမှူးက ဦးကျော်မင်းဆွေပါ။ စာနယ်ဇင်းကောင်စီ (ယာယီ) ရဲ့တာဝန်က အင်မတန်ကြီးလေးပါတယ်။ စာနယ်ဇင်းသမားများအတွက် သတင်းမီဒီယာကျင့်ဝတ်တွေကို ရေးဆွဲ ပြဋ္ဌာန်းခဲ့ရသလို လိုအပ်နေတဲ့ သတင်းမီဒီယာဥပဒေကိုလည်း ဥပဒေကြမ်း အဆင့်ကစပြီး ရေးဆွဲကာ အကြိမ်ကြိမ် ညှိနှိုင်ဆွေးနွေး၊ အကြိမ်ကြိမ် ငြင်းခုံခဲ့ရပြီး နောက်ဆုံး ပြည်ထောင်စုလွှတ်တော်က အတည်ပြုနိုင်တဲ့အထိ လုပ်ဆောင်ခဲ့ပါတယ်။ ဒါက ဖြစ်စဉ်ကို အနှစ်ချုပ်တင်ပြတာဖြစ်ပါတယ်။ တကယ်တမ်းကျတော့ ယာယီကောင်စီကာလမှာ ရန်ပုံငွေအလုံအလောက် မရှိတာ၊ အလှူရှင်များရဲ့ငွေနဲ့ ရပ်တည်ရတာ၊ အစိုးရအဖွဲ့နဲ့ လုံးဝကင်းရှင်း အနှောင်အဖွဲ့မခံလိုတာတွေကလည်း ကြားကာလအငြင်းအခုံထဲမှာ ပါဝင်ပါတယ်။

တကယ်တော့ အဲဒီကာလဟာ မြန်မာစာနယ်ဇင်းလောကရဲ့ (Transitional Period) အကူးအပြောင်းကာလပါ။ တစ်ဖက်က စာနယ်ဇင်းလွတ်လပ်ခွင့်ကို ဖြေလျှော့ပေးဖို့ ကြိုးပမ်းလာချိန်မှာ ဒီလောကကို စနစ်တကျထိန်းကျောင်းဖို့ (Regulatory Body) တစ်ခု လိုလာတာတော့ အမှန်ပဲ။ နှစ်ပေါင်းများစွာ ဖိနှိပ်မှုအောက်မှာ နေလာခဲ့ရတဲ့ စာနယ်ဇင်းသမားတိုင်းက “လွတ်လပ်မှု”ကို တောင့်တကြပါတယ်။ နောက်ထပ်ဖိနှိပ်လာမှုမျိုးကို လက်မခံပါဘူး။ ဒီတော့ အသစ်ပေါ်ပေါက်လာတဲ့အဖွဲ့အစည်းဟာ စာနယ်ဇင်းလွတ်လပ်ခွင့်ကို ကာကွယ်ဖို့၊ စာနယ်ဇင်းသမားတွေကို အကာအကွယ်ပေးဖို့ဆိုတဲ့ အာသီသတွေ စာနယ်ဇင်းသမားတိုင်းမှာ ကိန်းအောင်းနေပါတယ်။ ခေတ်အဆက်ဆက် လွတ်လပ်မှု ဆိတ်သုဉ်းလာခဲ့လို့ လွတ်လပ်ခွင့်ဆိုတာဟာ ထိပ်ဆုံးမှာ ရှိနေပါတယ်။ စာနယ်ဇင်းကောင်စီဆိုတာ စာနယ်ဇင်းသမားတွေကို အကာအကွယ်ပေးရတဲ့ အဖွဲ့အစည်းတစ်ခုလို့ ယူဆခဲ့ကြပါတယ်။

အကူးအပြောင်းကာလ၊ အင်စတီကျူးရှင်းအသစ်တစ်ခု ပေါ်ပေါက်လာဖို့မှာ မော်ဒယ် (Model)  တွေလိုပါတယ်။ ဒီမိုကရေစီစနစ်ကို အသွင်ကူးပြောင်း နေပြီ။ စာနယ်ဇင်းလောကအကျိုးအတွက် ဘယ်အင်စတီကျူးရှင်းရဲ့ မော်ဒယ်နဲ့ သွားကြမလဲ။ ကိုယ့်ရှေ့က ဒီမိုကရေစီအသွင်ကူးပြောင်းသွားတဲ့ အင်ဒိုနီးရှားတို့၊ ဒီမိုကရေစီဘိုးအေကြီးဖြစ်တဲ့ အိန္ဒိယတို့မှာ ဘယ်ပုံစံနဲ့ သွားနေကြသလဲ။ စာပေစိစစ်ရေးမရှိတဲ့ ဒီမိုကရေစီနိုင်ငံတွေမှာ စာနယ်ဇင်းလွတ်လပ်ခွင့်ကို ဘယ်အဖွဲ့အစည်းက ဦးဆောင်သလဲ။ ဘယ်လို ဦးဆောင်သလဲ။ ဘယ်လိုပုံစံဖွဲ့စည်းထားသလဲ။ ပြောရရင် တစ်နိုင်ငံနဲ့တစ်နိုင်ငံ မတူကြပါဘူး။ အင်္ဂလန်နဲ့ အမေရိကန် မတူသလို အိန္ဒိယနဲ့ အင်ဒိုနီးရှားလည်း မတူပါဘူး။ ဂျာမနီ၊ ဩစတြေးလျတို့လည်း မတူပါဘူး။ အင်္ဂလန်မှာ စာနယ်ဇင်း ကောင်စီမရှိပါဘူး။ Press Complaints Commission ပဲ ရှိပါတယ်။ အိန္ဒိယစာနယ်ဇင်းကောင်စီရဲ့ ပါဝါနဲ့ အင်ဒိုနီးရှား စာနယ်ဇင်းကောင်စီရဲ့ ပါဝါလည်း မတူပါဘူး။ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံမတူသလို လုံးဝပုံတူကူးလို့လည်း မရပါဘူး။ ဒီနေ့အချိန်မှာ အင်ဒိုနီးရှားနိုင်ငံမှာ ပြန်ကြားရေးဝန်ကြီးဌာနဆိုတာ မရှိတော့ပါဘူး။ အဲဒီဝန်ကြီးဌာနအစား (Ministry of Communication and Information Technology) ဆက်သွယ်ရေးနဲ့ သတင်းနည်းပညာဝန်ကြီးဌာနဆိုတာပဲ ရှိပါတယ်။ 

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) က သတင်းမီဒီယာကျင့်ဝတ်နဲ့ သတင်းမီဒီယာဥပဒေကို ရေးဆွဲခဲ့ရာမှာ နိုင်ငံတကာသတင်းမီဒီယာအဖွဲ့အစည်းတွေမှာ ကျင့်သုံးနေတဲ့စံတွေကို အဓိက ကိုးကားပြီးရေးဆွဲ ပြဋ္ဌာန်းခဲ့ပါတယ်။ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ဖွဲ့စည်းပုံအလုံးစုံမတူနိုင်တာမို့ ကွဲလွဲမှုတွေလည်း ရှိပါတယ်။ (လက်ရှိပြဋ္ဌာန်းထားပြီးဖြစ်တဲ့ သတင်းမီဒီယာ ဥပဒေမှာလည်း ဆက်လက်ဖြည့်စွက် ပြင်ဆင်စရာများစွာ ရှိနေပါတယ်)။ ဒီနေရာမှာ ပြောချင်တာတစ်ခုကတော့ မြန်မာသတင်းမီဒီယာကောင်စီ အပါအဝင် နိုင်ငံတကာသတင်းမီဒီယာကောင်စီတွေမှာ တူညီတဲ့ ရည်ရွယ်ချက်တစ်ခု ရှိနေတယ်ဆိုတာပါ။ အဲဒါကတော့ “ကျင့်ဝတ်နှင့်ညီသော သတင်း မီဒီယာများဖြစ်ပေါ်ရေးနဲ့ မီဒီယာလွတ်လပ်ခွင့် ကာကွယ်ရေး” ပဲ ဖြစ်ပါတယ်။ ကျင့်ဝတ်နဲ့ညီသောဆိုတာ (Professional Ethics) ကို ဆိုလိုတာပါ။ ကျန်တစ်ခုကတော့ (Freedom of Press) ပါ။ သတင်းမီဒီယာလောက တစ်ခုလုံး Professional Ethics နဲ့အညီ လုပ်ကိုင်ဆောင်ရွက်နိုင်ကြအောင် ထိန်းကျောင်းပေးခြင်းနဲ့ သတင်းလွတ်လပ်ခွင့် Freedom of Press ကို အကာအကွယ်ပေးခြင်းဟာ ဒီနေ့ နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့ မီဒီယာကောင်စီအားလုံးရဲ့ အဓိက တာဝန်ပါ။ 

ဒီနေရာမှာ သတင်းမီဒီယာကောင်စီ အသုံးအနှုန်းနဲ့ပတ်သက်လို့ ရှင်းလင်းစရာ ရှိပါတယ်။ စတင်ဖွဲ့စည်းစဉ်က “မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ” လို့ ခေါ်ဝေါ်ခဲ့ကြပေမယ့် သတင်းမီဒီယာဥပဒေ ရေးဆွဲပြဋ္ဌာန်းပြီးချိန်မှာတော့ “မြန်မာသတင်းမီဒီယာကောင်စီ” အဖြစ် ပြောင်းလဲခေါ်ဝေါ်ခဲ့ပါတယ်။ သတင်းမီဒီယာဥပဒေမှာ “သတင်း”နဲ့ပတ်သက်လို့ ပိုမိုကျယ်ပြန့်တဲ့ (ဒီနေ့ခေတ်) အင်တာနက်ဝက်ဘ်ဆိုက်၊ အွန်လိုင်းနဲ့ ရုပ်သံလွှင့်မီဒီယာအထိ အဓိပ္ပာယ်ဖွင့်ဆိုခဲ့ရာက “သတင်းမီဒီယာကောင်စီ” ရယ်လို့ ခေါ်ဝေါ်လာတာ ဖြစ်ပါတယ်။ ဒီနေရာမှာ မြန်မာသတင်းမီဒီယာကောင်စီက အစောဆုံးအဖွဲ့အစည်းလို့တောင် ပြောလို့ရပါတယ်။ ဒီနေ့အချိန်ထိ နိုင်ငံအားလုံးလိုလိုမှာ (Press Council) စာနယ်ဇင်းကောင်စီအမည်ကိုသာ သုံးစွဲနေကြတုန်းပါ။ ဘာ့ကြောင့်လဲဆိုရင် ဒီကောင်စီတွေက သတင်းစာ၊ မဂ္ဂဇင်း၊ ဂျာနယ် စတဲ့ Print Media တွေရဲ့ အရေးကိစ္စတွေကိုသာ အဓိကထားဆောင်ရွက်ကြလို့ပါ။ အိန္ဒိယ စာနယ်ဇင်းကောင်စီဟာ သတင်းစာ၊ မဂ္ဂဇင်းတွေရဲ့ ကျင့်ဝတ်လိုက်နာရေးနဲ့ လွတ်လပ်ခွင့်ကိစ္စကိုသာ အဓိကထားပါတယ်။ အင်္ဂလန်မှာလည်း Press Complaints Commission ဟာ ပရင့်မီဒီယာ အရေးကိစ္စကိုပဲ အဓိက ဖြေရှင်းပါတယ်။ 

ဂျာမန်စာနယ်ဇင်းကောင်စီ (Press Council Germany) ဆိုရင် ဂျာမန်စာနယ်ဇင်းများ ပရော်ဖက်ရှင်နယ် ကျင့်ဝတ်နဲ့အညီဖြစ်ရေးနဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်အတွက်ကိုပဲ ဦးစားပေးဆောင်ရွက်ပါတယ်။ တစ်နိုင်ငံနဲ့တစ်နိုင်ငံ အနည်းငယ်ကွဲပြားမှုတော့ ရှိပါတယ်။ အဓိကအားဖြင့်တော့ Professional Ethics လို့ခေါ်တဲ့ မီဒီယာများလိုက်နာရမယ့် ကျင့်ဝတ်ဖောက်ဖျက်မှုကြောင့် လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေကြား ဖြစ်ပေါ်လာတဲ့ ပဋိပက္ခ၊ ပြဿနာ၊ အငြင်းအခုံတွေကို ကြားဝင်ဖြေရှင်းပေးခြင်း တာဝန်ကို မီဒီယာကောင်စီက လုပ်ပါတယ်။ မီဒီယာလွတ်လပ်ခွင့် ထိန်းသိမ်းပေးတာ၊ ကာကွယ်ပေးတာကိုလည်း မီဒီယာကောင်စီတွေက လုပ်ပါတယ်။

ဒီနေရာမှာ သတင်းမီဒီယာကောင်စီနဲ့ပတ်သက်ပြီး နားလည်မှု လွဲနေတာတစ်ခုက သတင်းမီဒီယာကောင်စီကို အခြားသော မီဒီယာအခွင့် ရေးကာကွယ်ရေးအဖွဲ့အစည်းများ (Rights Groups) နဲ့ ရောထွေးနေတဲ့ ကိစ္စပါ။ သတင်းမီဒီယာကောင်စီဟာ Reporters Without Borders လို၊ Amnesty International လို သတင်းမီဒီယာသမားတွေ ဆုံးရှုံးနစ်နာသွားတဲ့ အခွင့်အရေးတွေကို ကာကွယ်ပေးဖို့ သက်သက်ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခု မဟုတ်ပါဘူး။ မီဒီယာလောကမှာ Professional Ethics နဲ့အညီ မီဒီယာများထွန်းကားနေစေဖို့၊ မီဒီယာလွတ်လပ်ခွင့်ကို ထိန်းသိမ်းအကာအကွယ်ပေးဖို့အတွက်ပဲ ဖြစ်တယ်ဆိုတာ တင်ပြလိုက်ရပါတယ်။

ချစ်ဝင်းမောင် (၂၆-၈-၂၀၁၈)