News

POST TYPE

ARTICLE

ပုလင်းဘီယာကောင်စီ​ရွေးကောက်ပွဲ
25-Aug-2018

သိုင်းလောကသည် ရှုပ်ထွေး၏။ နိုင်ငံရေးလောကသည် ပွေလီ၏။ ထိုထိုသော နှစ်လောကပေါင်း၏ ရှုပ်ထွေးပွေလီမှုအပေါင်းမှာ ကျွန်ုပ်တို့ အရက်သမားလောကကို မီအံ့မထင်။

ယခုလို ခရစ်နှစ် နှစ်ထောင့်တစ်ဆယ့်ရှစ် ဒီမိုကရေစီဆိုတာပဲ ခေတ်ကြီးထဲတွင် ရွေးကောက်ပွဲဟူသည် အင်မတန်ခေတ်စား၏။

အစိုးရဖွဲ့သည်ကအစ လမ်းထိပ်ဆိုက်ကားဂိတ် ဥက္ကဋ္ဌရွေးသည်က အဆုံး ရွေးကောက်ပွဲများ ကျင်းပကြရာ နောင်အခါတွင် သမီးပျိုများ အိမ်ထောင်ချထားရေးတွင်ပင် လင်ရွေးကောက်ပွဲများ လုပ်ကြလေမလားဟု ထင်ရလောက်ပေသည်။

ရွေးကောက်ခံအမတ်လောင်းမှသည် ရွေးကောက်ခံ ဆယ်အိမ်ခေါင်းအထိ ရွေးကောက်ခံတွေ ပေါလှသည့်ခေတ်ပင်။

(ဘယ်သူမှမရွေးပဲ ကိုယ့်ဟာကိုယ် ဝင်ထိုင်နေတဲ့ သူတွေက ခြွင်းချက်ပေါ့ဗျာ ... ဟဲ ... ဟဲ)

ကျွန်ုပ်တို့ နယ်ပယ်အသီးသီးမှ အရက်သမားများသည်လည်း အားကျမခံ ရွေးကောက်ပွဲကြီး ကျင်းပတော့လေသည်။

အရက်သမားများ အကျိုးငှာဖွဲ့စည်းထားသော “မြန်မာနိုင်ငံ ပုလင်းဘီယာကောင်စီ”ရွေးကောက်ပွဲကြီးတွင် ရွေးကောက်ခံရန်အတွက် အမျိုးစုံသော အရက်သောက်သုံးသူအဖွဲ့များ စုံညီပေပြီ။

အရက်သမားဟူ၍ ကျွန်ုပ်တို့အား အထင်မသေးနှင့်။ အရက်ဖိုးနှင့်အမြည်း နပ်မမှန်ချင်နေ၊ နေရာတကာပါတဲ့ အရက်သမားတွေဟု သောက်မြင်ကပ်ပုဒ်မ မျိုးစုံက လိုက်ဖမ်းနေပါစေ ... အရက်သမားဆိုင်ရာ အဖွဲ့များက ဘီယာခွက်ထဲက 

အမြုပ်ပလုံစီလေးများအလား များလှပေသည်။

“ဝီစကီကွန်ရက်”

“ဘီယာဆရာများအသင်း”

“ဂျင်အဆိုစီရေးရှင်း”

“ဘီအီးဒီစီသမဂ္ဂ”

“ဝိုင်အစည်းအရုံး”

စသဖြင့် စသဖြင့် ... အမျိုးစုံ ကြိုးခုန်သည့် အရက်သမား အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များ စုံညီပေပြီ။

ယခင့်ယခင်သောကာလများက ပုလင်းဘီယာကောင်စီ၏ ကောင်စီဝင်ကြီးများလည်း ပြန်လည်အရွေးခံကြမည်ဖြစ်သည်။

ယခင်ကာလက ပုလင်းဘီယာကောင်စီ၏ လုပ်ဆောင်ချက်များကလည်း ကြောက်ခမန်းလိလိပင်။

လမ်းဘေးသေးပန်းမှု၊ သောက်ခွက်ပြောင်မှု၊ ခြံကျော်သေးပန်းမှု၊ ရပ်ကွက်လူကြီးကော်ဆဲမှုစသော အမှုအသီးသီးတို့ကြောင့် အရက်သမားများ ဖမ်းခံရလျှင် ပုလင်းဘီယာကောင်စီက နောက်တန်းမှ မားမားမတ်မတ်ပုန်းကာ ... 

“တောင်းပန်လိုက်ပါကွယ် ... မင်းတို့က ကလေးတွေပဲ”ဟု တစ်မျိုး။

“စင်ကာပူမှာလည်း ဒီလိုအမှုမျိုးတွေ ဖြစ်တာပဲ။ ကျွန်တော်တို့ဘက်က စာထုတ်ထားပါတယ်”ဟု တစ်သွယ်။

“ရင်ကြားစေ့ရေးက အရေးကြီးတယ် ... ကိုယ့်လူတွေကလည်း မူးတာကိုး”ဟု တစ်နည်း ... တာဝန်ခံမှု တာဝန်ယူမှု ပြည့်ဝခဲ့ပေသည်။

ယခုတော့ ပုလင်းဘီယာကောင်စီအား သွေးသစ်လောင်းတော့မည်ဟု အားခဲထားကြသည်ဟုဆို၏။

နို့ ... မောင်ရင်ဗြိရယ် ... မောင်ရင်တို့ ပုလင်းဘီယာ ကောင်စီနေရာကြီးကို ဒီ့နှယ် အလုအယက် ဖြစ်နေကြတာ ... ဘာများရလို့တုံးဟု မေးလာအံ့။

ဖွတ်ကလိဒင်္ဂါး ခြူးတစ်ပြားမှ မရသည့် ဗော်လန် တီယာအလုပ်သာဖြစ်ကြောင်း ဖြေရပေမည်။

နို့ ... ဒါများ ... ဘာလို့ သောက်လုပ်ရှုပ်ခံ လာပြိုင်နေကြသလဲဟု မေးလျှင်တော့ အရက်သမားအပေါင်း ကိုယ်စားလှယ်လောင်းတို့ကား ကောင်စီဝင်ဖြစ်ဖို့အရေး ရည်ရွယ်ချက်အမျိုးမျိုး လာကြခြင်းသာ ဖြစ်ပေသည်။

အရက်သမားလောက တိုးတက်ရေး၊ ဖိနှိပ်ခံ ဖမ်းဆီးခံ အရပ်သမားများအတွက် ရပ်တည်ပေးရေးစသော တော်လှန်သော အရက်သမားကြီးငယ်များလည်း ပြိုင်ကြ၏။

အချို့လည်း ဝိုင်လောက်သာ အာစွတ်ရုံ သောက်ကြတော့သော်လည်း အရက်သမားတည်းဟူသော ဂုဏ်ကိုမစွန့်ချင်သဖြင့် ကောင်စီဝင်နေရာတစ်ခုတည်းသာ အားထားရာဟုယူဆပြီး ဝင်ပြိုင်ကြ၏။

အချို့ကား ...  ပုလင်းဘီယာကောင်စီဝင်ဖြစ်လျှင် အရက်ကုမ္ပဏီများနှင့် အဆက်အသွယ် ကောင်းရမည်၊ ကံကောင်းလျှင် နိုင်ငံခြားတွေ ခဏခဏသွားရပြီး အကောင်းစား အရက်ပုလင်းတွေ လက်ဆောင်ရမည်ဟူသော မျှော်လင့်ချက်ဖြင့် ပြိုင်ကြ၏။

ထိုထိုသောအိပ်မက်များ စုံသလို ရွေးကောက်ပွဲဝင် တိုက်ကွက်များကလည်း စုံလှသည်။

“ဘီယာဆရာများအသင်း”မှ ဘူတာကြီးများကို မဲမပေးရန် စည်းရုံးသူက စည်းရုံးသည်။

ထိုကိစ္စ မကျေနပ်သဖြင့် ဘီယာဆရာများက ခွက်မှောက်၊ ဂျားမှောက်၊ တာဝါမှောက် ဆန္ဒပြမည်ဟု ကြေညာသည်။

သွေးသစ်လောင်းရေးအတွက် အော်တိုမစ်တစ် ကောင်စီဝင်ဖြစ်သော ရှစ်ဆယ်ကျော်သက် အဘိုးလေးကို လူငယ်အချို့က ကန့်ကွက်ကြသည်။ လက်မှတ်တွေထိုးပြီး တောင်းဆိုကြသည်။

ဆရာတပည့်ချင်း နောက်ကျောကို ပုလင်းနှင့်ထိုးသည်၊ ရှေ့ဘက်ကို ဖန်ခွက်နှင့်ခုတ်သည် ဆိုတာတွေလည်း ကြားရသည်။

ကောင်စီအာဏာလုပွဲကြီး ဆူကာညံကာ ချာလည်ရိုက်နေချိန်တွင် အသံတစ်သံက ဟိန်းထွက်လာသည်။

“ဟိတ် ... ငါတို့လည်း ကောင်စီထဲ ... နှစ်ဆယ့် ငါးရာခိုင်နှုန်း အော်တိုမစ်တစ်နေရာရသင့်တယ်ကွ ... အေ့ ... ဂေ့”

ကောင်စီရွေးပွဲကြီး အပ်ကျသံပင် မကြားရလောက် တိတ်ဆိတ်သွားလေသည်။

“မဟုတ်ရင် ... မင်းတို့ ပုလင်းဘီယာကောင်စီကို ချောက်ထဲကျဖို့ လက်တစ်လုံးအလိုက ကယ်တင်လိုက်ရမလား”

ပုလင်းဘီယာကောင်စီ ရွေးကောက်ပွဲအတွင်းမှ အရက်သမားအပေါင်း သူတော်ကောင်းတို့မှာ မျက်လုံးကလေးများ ဝိုင်းသွားကြသည်။

“နိုင်ငံတော် လျှို့ဝှက်အက်ဥပဒေ၊ ပေါ်တင်ဥပဒေတွေနဲ့ အကုန် ထောင်ချလိုက်ရမလားကွ ... ဟေ”

- - - - - - - - - 

ထိုထိုသော ကြိမ်းသံ မောင်းသံများဖြင့် ဝင်လာသည်က သူတို့လုံးဝမေ့ထားသော အာမီရမ်ညီနောင်များ အဖွဲ့ဝင်များ ဖြစ်လေသည်။

အာမီရမ်ညီနောင်များအဖွဲ့သည် တစ်ချိန်က ပုလင်း ဘီယာကောင်စီတင်မက နယ်ပယ်အသီးသီးတွင် စိုးမိုးထားသော အဖွဲ့များပင်တည်း။

တိတ်ဆိတ်နေသော အခန်းအတွင်းမှ အသံ တစ်သံ ထွက်လာသည်။

“ဟာ ... ဒီမှာ လာသမျှ အရက်သမားအားလုံး ရွေးကောက်ခံရတယ် ... ခင်ဗျားတို့ကျမှ အော်တိုမစ်တစ် ကောင်စီဝင် ဖြစ်ချင်တယ်ဆိုတာတော့ ... ဒါ ... ခွက်အာဏာရှင်ခေတ်က ပုံစံ ... စံ”

“ဟေ့ ... တိတ်စမ်း ... ခွက်အာဏာရှင်လို့ မခေါ်နဲ့ကွ ... အရက်သမားတွေ အရမ်းမူးပြီးရမ်းရင် အချုပ်ကျမှာစိုးလို့ ကယ်တင်ပေးတဲ့အနေနဲ့ ခွက်လုသောက်ပေးခဲ့တာကွ ... ခွက်အာဏာရှင်မဟုတ်ဘူး ... မင်းတို့ ကျေးဇူးရှင်တွေကွ ... ဘာမှတ်တုံး ... 

တိတ်ဆိုတိတ် ... ဟိတ်ဆိုဟိတ် ... ကြ”

ထို့နောက်တွင်တော့ ... ကျွန်ုပ်သည် ဖုန်းသံကြောင့် အိပ်မက်မှ ဖျတ်ခနဲ လန့်နိုးလာလေတော့သည်။

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ရွေးကောက်ပွဲကြီး အောင်မြင်စွာ ပြီးစီးသွားပြီဖြစ်ကြောင်း ကျွန်ုပ်၏ မိတ်ဆွေတစ်ဦးက ဖုန်းဆက်ပြောပြခြင်းပင်။

ကျွန်ုပ်၏ မိတ်ဆွေကြီးအချို့လည်း ကောင်စီတွင် အရွေးခံရကြောင်းပါ သိရလေသည်။ ထိုအခါမှပင် ကျွန်ုပ်မှာ လွန်စွာ စိတ်အေးသွားရပေ၏။

အိပ်မက်ထဲမှာ ပုလင်းဘီယာကောင်စီလို အချင်းချင်း ဆော်နေနှက်နေကြသည်နှင့် အာမီရမ်ညီနောင်များ အဖွဲ့ကြီးက ဝင်မသိမ်းသည်ကိုပင် ဝမ်းမြောက်လှပါကြောင်း ... ။

ဗြိတိသျှကိုကိုမောင်