News

POST TYPE

ARTICLE

ရမ်းသန်းထင်မြင်မှုများကို ပယ်ရှား၊ ဆက်ဆံရေးထူထောင်ကာ “ဝ” တပ်မတော်နှင့် ချိတ်ဆက်ညှိနှိုင်းခြင်း
25-Aug-2018 tagged as

(ယမန်နေ့မှ အဆက်)

Tea Circle Oxford တွင် Andrew Ong ၏ လေ့လာရေးသားချက်ကို သန့်ဇင်စိုး ဘာသာပြန်သည်။

(ဆောင်းပါးပါ အတွေးအမြင်များသည် မူရင်းရေးသားသူ၏ အာဘော်ဖြစ်ပြီး The Voice Daily ၏ အာဘော်မဟုတ်ကြောင်း ဖော်ပြအပ်ပါသည်။)

ခပ်ခွာခွာထားခြင်း

၂၀၁၆ ခုနှစ်တွင် “ဝ” နယ်မြေသို့ BBC ၏ ခရီးစဉ်အပြီး၌ သုံးသပ်ဖော်ပြထားရာတွင် “ “ဝ”သည် ပြည်တွင်းနှင့် နိုင်ငံတကာဥပဒေများ လက်လှမ်းမမီရာ နေရာဖြစ်ပြီး သူတို့စိတ်ထင်သလို လုပ်နေကြကာ အပြောင်းအလဲကို မလိုလားကြပေ”ဟူ၍ ရေးထားသည်။ ယင်းသို့ ပေါ့ပေါ့တန်တန် သတ်မှတ်သဘောထားလိုက်ခြင်းကြောင့် UWSA သည် အများနှင့် ဝေးကွာ၊ ခေါင်းမာ၊ အမြင်ကျဉ်း၊ နိုင်ငံရေးမဟာဗျူဟာကင်းမဲ့သူများအဖြစ် သရုပ်ဖော်လိုက်သကဲ့သို့ ရှိပေသည်။ UWSA သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ “ဝ” ပြည်နယ်ကို တောင်းထားပြီး ခွဲထွက်ရေး သို့မဟုတ် လွတ်လပ်ရေးကို တောင်းဆိုခြင်းမရှိပေ။ ဗမာစာ၊ တရုတ်စာနှင့် အင်္ဂလိပ်စာတို့အကြား ဘာသာပြန်အလွဲများကြောင့် ကိုယ်ပိုင်ပြဋ္ဌာန်းခြင်း၊ လွတ်လပ်ရေး၊ နိုင်ငံတော်နှင့် ဖက်ဒရယ်စနစ် စသည့် နိုင်ငံရေးဝေါဟာရများအကြား နားလည်မှုလွဲခြင်းများ ရှိလာသည်။ သို့ဖြင့် လိုလားမှုများနှင့် ပတ်သက်၍ မသေချာမရေရာမှုများ ရှိလာရသည်။ 

UWSA ၏ ပါဝင်ဆောင်ရွက်မှုများကို ၎င်း အပေါ်ထားရှိသည့် ဆွေးနွေးဘက်များ၏ နားလည်သိရှိထားမှု နည်းပါးခြင်းက သက်ရောက်မှုများစွာ ရှိပါသည်။ ၂၀၁၅ မတိုင်ခင်အထိ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများနှင့် ဝေးရာတွင်နေခဲ့ခြင်းမှာ မြန်မာအစိုးရက ၎င်းတို့ကို အသုံးပြု၍ အခြားအင်အားနည်း EAO များကို ဖိအားပေးကာ စားပွဲဝိုင်းသို့ ခေါ်ဆောင်မည့်အရေးတွင် အသုံးချမခံလိုသောကြောင့် ဖြစ်သည်ဟုဆိုသည်။ ပါဝင်သူတိုင်း ကိုယ်ပိုင်ဆန္ဒဖြင့် ပါဝင်နိုင်စေခြင်းမူဝါဒဖြစ်သည်။ “ဝ” ၏ NCA လက်မှတ်ရေးထိုး လိုခြင်းအကြောင်း မကြာခဏ ကောလာဟလများထွက်လာရာ ၎င်းတို့ မဟာမိတ်များအကြား နားလည်မှု ရှုပ်ထွေးခြင်းများဖြစ်ခဲ့ရာ FPNCC လက်အောက်မှ ညီညွတ်သော ရပ်တည်ချက်တစ်ခု ဖန်တီးရေး ဖြစ်လာခဲ့သည်။ 

UWSA သည် စစ်ရေးအရ အင်အားကြီးသော်လည်း နိုင်ငံရေးအရ အားမကောင်းကာ သီးခြားရပ်တည်လိုသူများဟု မဟာမိတ်များက မြင်ခဲ့ကြသည်။ သို့သော် မြန်မာအစိုးရ၏ ဖိအားပေးမှုများကို ကြံ့ကြံ့ခံနိုင်ခဲ့ပြီးနောက်တွင် ယင်းအမြင်များက ချီးကျူးအလေးထားခြင်းဘက်သို့ ပြောင်းလာကြသညဟု မြင်ရသည်။ တကယ်တမ်းတွင် ပြောင်းလဲမှုအနည်းငယ်သာ ရှိသည်။ UWSA “ဝ” တပ်၏ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အနေအထားသည် ပုံမှန်အတိုင်းဆက်ရှိနေသည်။ နှစ်ဖက်သဘောတူ အပစ်အခတ်ရပ်စဲရေးရှိနေပြီးသားဖြစ်ပြီး နောက်ထပ် လက်မှတ်ထိုးရမည့်ကိစ္စမှာ အဓိပ္ပာယ်မရှိဟု “ဝ” များက မကြာခဏပြောကြသည်။ မှန်ကန်သော အခြေအနေများတွင် သဘောတူညီမှုရယူလိုသော စိတ်ပါဝင်စားမှုရှိသည်ကိုတော့ ၂၀၁၁ ခုနှစ်တွင် စစ်တပ်ထောက်ခံသော အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ပြန်လည်လက်မှတ်ရေးထိုးခဲ့ခြင်းမျိုးတွင် တွေ့နိုင်သည်။ 

ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ပတ်သက်ပြီး နှုတ်နည်းနေခြင်းကို စိတ်ပါဝင်စားခြင်းမရှိဟု အဓိပ္ပာယ်ကောက်၍ မဖြစ်နိုင်ပါ။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ NCA လက်ခံရေး ရပ်တည်ပြောဆိုချက်နှင့် ပတ်သက်၍ UWSA ၏ ပြင်ပဆက်ဆံရေးဆိုင်ရာဌာန အကြီးအကဲက ပြန်လည်ပြောဆိုသည်မှာ “ဒါက ပြဿနာ မဟုတ်ပါဘူး။ သူ့မှာ သူ့ရပ်တည်ချက်ရှိမှာပဲ။ ကျွန်တော်တို့မှာလည်း ကျွန်တော်တို့ ရပ်တည်ချက်ရှိပါတယ်။ ရပ်တည်ချက်တူနေရင် ပဋိပက္ခ ဘယ်ရှိပါ့မလဲ။ ဒါက မထူးဆန်းပါဘူး။ ကျွန်တော်တို့ မကြာခဏ တွေ့မှာဖြစ်ပြီးတော့ အဖြေရရှိရေးအတွက် အနာဂတ်မှာ ဆွေးနွေးကြမှာ ဖြစ်ပါတယ်”ဟူ၍ ဖြစ်သည်။ ဆွေးနွေးပွဲများသို့ အလျင်လိုလို မတက်လိုကြောင်း UWSA က ငြင်းဆန်ထားခဲ့ရာ စိတ်ပါဝင်စားမှု မရှိသကဲ့သို့ ဖြစ်နေချေသည်။ သို့သော် ယင်းသို့ အလျင်မလိုခြင်းသည် သဘောတူညီမှု ရရှိရေးအတွက် စိတ်ပါဝင်စားမှု မရှိခြင်းဟု မဆိုအပ်ဘဲ သင့်တင့်မှန်ကန်သော အခြေအနေကိုလိုလားခြင်းဟု ဆိုရမည်။ 

UWSA ၏ ၎င်းတို့ကိုယ် ၎င်းတို့ ရှုမြင်ပုံ

အထက်ဖော်ပြပါ ပြုမူဆောင်ရွက်ပုံများသည် UWSA က ၎င်းတို့ကိုယ် ၎င်းတို့ ရှုမြင်ထားချက်ဖြစ်သော ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိ၊ ကိုယ့်အားကိုယ်ကိုး၊ ရပ်တည်ချက်ခိုင်မာပြီး သွေးစည်းညီညွတ်ခြင်း ဆိုသည်တို့နှင့် အံကိုက်ဖြစ်လျက်ရှိသည်။ Phoenix News သတင်းဌာနက ဘိန်းဘုရင်ဟောင်းခွန်ဆာနှင့် အင်တာဗျူးပြုလုပ်ခဲ့ရာတွင် UWSA ဥက္ကဋ္ဌ ပေါက်ယူချန်း အကြောင်းကို ဖြေကြားရာ၌ ၎င်းသည် စီးပွားရေးသမားတစ်ဦးဖြစ်ပြီး ရေကဲ့သို့ သူစီးဆင်းလိုရာနေရာသို့ စီးဆင်းသွားသည်ဟု ပြောခဲ့ဖူးသည်။ ထိုအခြေအနေနှင့် ဆန့်ကျင်စွာပင် UWSA ကိုတော့ ခွန်ဆာက မလှုပ်ရှားသော ကျောက်ဆောင်ဟု ခိုင်းနှိုင်းခဲ့သည်။ 

သူတို့ကိုယ် သူတို့ သတ်မှတ်ချက်များတွင် ဘယ်လိုပင် သဘောထားမတူညီမှုများ ရှိနေပေသော်ငြား ပထမဆုံး ကျည်စဖောက်သည်မှာတော့ သူတို့မဖြစ်စေရဟု UWSA က ဆိုထားသည်။ ကတိကဝတ်ကို တန်ဖိုးထားသည့်အတွက်လည်း ခေါင်းဆောင်များက ဂုဏ်ယူကြသည်။ “ဝ” နယ်မြေတွင် ဘိန်းစိုက်မှုကို ပိတ်ပင်လိုက်ပြီးနောက် ဘိန်းများ ဆက်လက်စိုက်ပျိုးနေလျှင် သူ့ခေါင်းကို ကိုယ်တိုင်ဖြတ်ပစ်ပြမည်ဟု ဥက္ကဋ္ဌပေါက်က ပြောကြားခဲ့ဖူးသည်။ ကတိကဝတ်ကို ဂုဏ်ယူကြလေ့ရှိသဖြင့် တစ်ခါတလေ မတည်နိုင်မည်စိုးသဖြင့် သဘောတူညီမှု မပေးဘဲနေကြသည်။ ထိုကဲ့သို့သော အချိန်မျိုးတွင် ဝင်မပါတော့ခြင်း သို့မဟုတ် တိတ်တိတ်နေခြင်းတို့ကို သူတို့က ဦးစားပေးတတ်သည်။ 

ကိုယ့်အားကိုယ်ကိုးခြင်းကို UWSA က ၎င်းတို့ လိုလားသော ပုံရိပ်၏ ဗဟိုချက်အဖြစ် သဘောထားကြသည်။ သဘောတူညီချက်များကို လက်မှတ်ရေးထိုးရန် ကိစ္စကို အကျပ်ကိုင်လာမှုများကို ငြင်းဆန်တတ်သည်။ UWSA သည် ၎င်းတို့ ထောက်ပို့လမ်းကြောင်းများ၊ အဓိကနေရာများကိုကာကွယ်ပြီး မဟာဗျူဟာမြောက် အကျိုးစီးပွားများကို အကာအကွယ်ပြုကြသည်။ “ဝ” နယ်မြေမြောက်ပိုင်းနှင့် တောင်ပိုင်းနယ်ခြားဒေသများတွင် သဘောထားကွဲလွဲမှုများ၊ ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေများ ကြုံရသော်လည်း အကြီးအကျယ် ထချခြင်းများတော့ မဖြစ်ခဲ့ပေ။ ယင်းနယ်မြေများကို ခြိမ်းခြောက်လာမှုများသည် ပဋိပက္ခပြန်ဖြစ်ရန်အတွက် မီးပွားဖြစ်ဖွယ်ရှိသည်။ သို့သော် တစ်ဖက်တွင် တိုက်ခိုက်မှုများ ပြန်လည်ဖြစ်ပွားမည်ကို ကာကွယ်ရှောင်ရှားထားနိုင်သည်။ 

၁၉၇၀၊ ၁၉၈၀ ကာလများက ဗမာပြည် ကွန်မြူနစ်ပါတီလက်အောက်တွင်ရှိစဉ် ကြုံတွေ့ခဲ့သော စစ်ရေးအခြေအနေများ၊ ၁၉၉၀ ကာလများတွင် ခွန်ဆာနှင့် တိုက်ခိုက်မှုများမှ ထိခိုက်သေကျေခဲ့မှုများကို UWSA ခေါင်းဆောင်များက ပြန်လည်ပြောကြားကြရင်း နယ်မြေစိုးမိုးမှုကို ထိန်းထားရခက်ခဲပုံကို ဆိုထားကြသည်။ သူတို့သည် စစ်ပွဲသို့ ပြန်မသွားချင်တော့သလို၊ နယ်မြေချဲ့ထွင်ရန်လည်း မလိုလားပေ။ 

UWSA သည် တပ်တွင်းညီညွတ်မှုကို ဂုဏ်ယူပြောဆိုလေ့ရှိပြီး အုပ်စုဖွဲ့အလေ့အထကို ရှောင်ကြဉ်ကြသည်။ အမိန့်လေးစားမှု၊ တစ်သမတ်တည်းရှိမှုနှင့် ရိုးသားတည်ကြည်မှု စသည့် တညီတညွတ်တည်း ရပ်တည်ကြသည်ကို ဂုဏ်ယူကြသော်လည်း စောင့်ကြည့်လေ့လာသူများက ထိုအရာကို ခေါင်းမာအမြင်ကျဉ်းမှုဟု နားလည်ကြသည်။ ယင်းသို့သော အခြေခံ အကောက်အယူဖြင့် UWSA သည် ငြိမ်းချမ်းရေးဆွေးနွေးမှုကို ထိပ်သီးများမှတစ်ဆင့် အောက်ခြေသို့ ချဉ်းကပ်မှုပုံစံ တင်ပြရပ်ခံခဲ့ပြီး ပိုမိုအများလက်ခံသည့် အောက်ခြေမှ တက်သည့် ပုံစံကြောင့် ပယ်ချမှုများရှိခဲ့သည်။ တတိယအကြိမ်မြောက် UPC အပြီးတွင် ပိုမိုကျဉ်းမြောင်းသည့် ထိပ်ပိုင်းအဆင့်ဆွေးနွေးပွဲများ ပေါ်ပေါက်သင့်သည်ဟု ပြောလာမှုများရှိလာသည်။ 

“ဝ”ဒေသ၏ ပါဝါ ဆိုသောသဘောတရားမှာ ပေးကမ်းထောက်ပံ့ခြင်းနှင့် ရက်ရောခြင်းတို့မှလာခြင်းဖြစ်သည်။ အစိုးရ၏ အာဏာပိုင်မှုကို UWSA က လေးစားစေလိုလျှင် အစိုးရကလည်း ၎င်း၏ ဝန်ဆောင်မှုများ ဆောင်ရွက်ပေးရာတွင် အခြေခံကျသော ရိုးသားမှုကို ပြသရန်လိုသည်။ အချို့သောလိုလားမှုများသည် သေးငယ်သော်လည်း ယင်းတို့ကို ပြည့်မီအောင် ဆောင်ရွက်ပေးရန် ပျက်ကွက်နေခြင်းတို့သည် အားလျော့စေပါသည်။ ဥပမာ - “ဝ” ဒေသနေ ပြည်သူများအတွက် မှတ်ပုံတင်ကတ် ပြုလုပ်ပေးရန် UWSA က ကာလရှည်ကြာတောင်းဆိုနေခဲ့သည်။ ထိုကိစ္စကို ပြည့်ဝစွာ မဆောင်ရွက်ပေးနိုင်ခဲ့ပေ။ မြန်မာ့လူဝင်မှုကြီးကြပ်ရေးဌာနက ၂၀၁၅ ခုနှစ်တွင် မှတ်ပုံတင် ၁၅၀ သာထုတ်ပေးနိုင်ခဲ့သည်။ ယင်းသို့သော လိုလားပြည့်ဝခြင်းကင်းမဲ့မှုက “ဝ” ပြည်သူများအကြား ဒီဘက်ကို မလေးစားလိုခြင်းတို့ တိုးပွားလာစေပါသည်။ 

UWSA နှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း

လေ့လာသူ ယွန်ဆွန်း၏ သုံးသပ်ချက်အရ မြန်မာအစိုးရနှင့် “ဝ” တို့အကြား အမျိုးသား ပြန်လည်သင့်မြတ်စေရေးတွင် အဓိကအခက်အခဲများမှာ “ဝ” ပြည်နယ်တည်ထောင်ရေးကိစ္စနှင့် ထိုင်းနယ်စပ်ရှိ “ဝ” နယ်မြေများအရေးဖြစ်သည်။ စစ်အင်အား သုံးသောင်းရှိပြီး FPNCC ၏ ဦးစီးဦးဆောင်နေရာ ရထားပြီးဖြစ်ရာ နိုင်ငံရေးအဖြေရှာရာတွင် UWSA ကို ဖယ်ထား၍မရဘဲ သူတို့ကလည်း နယ်မြေစိုးမိုးမှုကိုလည်း လွယ်လင့်တကူ စွန့်လွှတ်လိုက်မည် မဟုတ်ပေ။ 

ပထမခြေလှမ်းအဖြစ် သံလွင်မြစ် တစ်ဖက်တစ်ချက် ဆက်ဆံရေးထူထောင်ရန်အတွက် နယ်ပယ်ကိုရှာဖွေရန် လိုအပ်သည်။ ထိုနေရာတွင် နိုင်ငံတကာ အသိုင်းအဝိုင်းသည် အရေးပါသော အစိတ်အပိုင်းမှ ပါဝင်သင့် ပါဝင်ထိုက်ပါသည်။ UWSA သည် ဖွံ့ဖြိုးရေးအကူအညီ၊ နည်းပညာအထောက်အပံ့တို့အတွက် စဉ်ဆက်မပြတ် ရပ်ခံပြောဆိုခဲ့သည်။ “ဝ” တို့သည် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေးတည် ဆောက်ရေးနှင့် ပဋိပက္ခ စီမံခန့်ခွဲရေးတို့ကို ဟန်ပြသက်သက်မဟုတ်ဘဲ လုပ်ဆောင်ခဲ့ပါလျှင် နိုင်ငံတကာ အဖွဲ့အစည်းများအနေနှင့် “ဝ” နယ်မြေအတွင်းသို့ ဖွံ့ ဖြိုးရေးဆိုင်ရာ ချိတ်ဆက်ဆောင်ရွက်မှုများ ဖော်ဆောင်သင့်သည်။ 

၁၉၉၀ ကာလများအတွင်းက ဖွံ့ဖြိုးရေးအဖွဲ့အစည်းများသည် ဘိန်းအစားထိုးစီမံကိန်းများအတွက် “ဝ” နယ်မြေအတွင်း အလုပ်လုပ်ခဲ့ကြသည်။ ၂၀၀၅ ခုနှစ်တွင် ဘိန်းစိုက်ပျိုးမှုကို “ဝ” တပ်ဖွဲ့က ပိတ်ပင်ခဲ့ပြီးနောက် နိုင်ငံတကာအဖွဲ့အစည်းများက စားနပ်ရိက္ခာလုံခြုံရေးနှင့် သက်မွေးဝမ်းကျောင်း ထောက်ပံ့မှုများ ပေးအပ်ခဲ့သည်။ ၂၀၁၀ တွင် ယင်းလုပ်ငန်းများ အထွတ်အထိပ်သို့ ရောက်ခဲ့ပြီး “ဝ” နယ်မြေအတွင်း အဖွဲ့အစည်းကိုးခု အလုပ်လုပ် လည်ပတ်ခဲ့သည်။ ၂၀၀၉ ကိုးကန့် အကျပ်အတည်း၊ တပ်မတော်၏ နယ်ခြားစောင့်တပ်သွတ်သွင်းမှုနှင့် ဘဏ္ဍာရေးဆိုင်ရာ အလေးပေးမှုများ ပြောင်းသွားခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် အဖွဲ့အစည်းသုံးခု ပြန်ထွက်သွားခဲ့သည်။ UWSA အတွက်မူ ယင်းသို့ တင်ပြရပ်ခံမှုများကို နားထောင်မည့်သူမရှိ ဖြစ်နေသည်။ “သူတို့နဲ့ ဘယ်လို အလုပ်လုပ်ရမယ်ဆိုတာကို ကျွန်တော်တို့ စတင်လေ့လာလည်းပြီးရော သူတို့က ပြန်ထွက်သွားရော”ဟု “ဝ” ဘက်က ဆိုထားသည်။ 

ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့သည် ၂၀၀၄ ကတည်းက “ဝ” နယ်မြေတွင် စားနပ်ရိက္ခာဖူလုံရေးကိစ္စကို ဆောင်ရွက်ခဲ့ပြီး ရန်ပုံငွေနည်းခြင်း၊ အခြားဦးစားပေးများသို့ ပြောင်းသွားခြင်းတို့ကြောင့် လုပ်ငန်းပမာဏကို နောက်ပိုင်းလျှော့ချခဲ့သည်။ ရိက္ခာတန်ထောင်ပေါင်းများစွာ စားနပ်ရိက္ခာ နှစ်စဉ်ဖြန့်ချိခြင်းမှသည် ယခုအခါ “ဝ” ဒေသတွင်း ကျောင်း ၄၀၀ အနက် ကျောင်း ၁၃၀ လောက်ကို ကျောင်းတွင်းအာဟာရ ချက်ပြုတ်ကျွေးမွေးသည့် အစီအစဉ်သာ ဆောင်ရွက်တော့သည်။ Malteser International နှင့် Health Poverty Action တို့က ပန်ခန်းတွင် ဆေးခန်းများဖွင့်ပေးထားပြီး ဒေသတွင်းလှုပ်ရှားဆောင်ရွက်မှုများ ရှိသည်။ ၎င်းတို့သည် UWSA နယ်မြေတွင် ကျန်ခဲ့သော လက်ကျန် အချိတ်အဆက်များထဲမှ တစ်ခုဖြစ်သည်။ ၂၀၁၄ ကတည်းက အခြားသောအဖွဲ့အစည်းများက လာရောက်ကာ အခြေအနေလေ့လာ၊ ကိန်းဂဏန်း ကောက်ယူ၊ တိုင်းတာကွင်းဆင်း၊ စီမံချက်များအဆိုပြု၊ သတင်းအချက်အလက်စုဆောင်း၊ လက်ဆွဲနှုတ်ဆက်သွားကြပြီး ပြန်မလာကြတော့ပေ။ UWSA အတွက် နားလည်ရခက်ခဲနေသည်။ 

“ဝ” နယ်မြေရှိ ပြည်သူများမှာ ဆင်းရဲနေဆဲဖြစ်သည်။ ကာလနှင့် တစ်ပြေးညီဖြစ်ပြီး ယုံကြည်ရသော ကိန်းဂဏန်းစာရင်းများ မရှိခြင်းကြောင့် ဖွံ့ဖြိုးရေး ရှေ့ဆောင်အဖွဲ့အစည်းများက ဘေးဖယ်ထားပြီး စဉ်းစားကြခြင်းဖြစ်သည်။ စားနပ်ရိက္ခာဖူလုံရေးက မြို့များတွင် ၆ လ မှ ၉ လစာအထိရှိပြီးကျန်းမာရေး၊ ပညာရေးညွှန်ကိန်းများက သိပ်မကောင်းပေ။ ပထမတန်းနှင့် ဆဋ္ဌမတန်းကြား ကျောင်းထွက်နှုန်းက ၉၂ ရာခိုင်နူန်းရှိသည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ မည်သည့် ဘာသာစာပေကိုမဆို စာတတ်မြောက်နှုန်းက ၂၂ ဒသမ ၅ ရာခိုင်နှုန်းသာ ရှိသည်။ 

ဖွံ့ ဖြိုးရေးလောကသားအများအပြားကလည်း “ဝ” နယ်မြေသို့ ဆက်သွယ်ဆောင်ရွက်ခြင်းသည် လုံခြုံရေးအရ ကန့်သတ်ခြင်းများ၊ သယ်ယူပို့ဆောင်ရေး ခက်ခဲခြင်းကြောင့် စီမံကိန်းများ ကုန်ကျစရိတ်မြင့်ခြင်း၊ ဘက်ပေါင်းစုံရေရှည်တည်တံ့သော ဆောင်ရွက်မှုများအတွက် လက်တွဲဖက်မရှိခြင်း၊ UWSA နှင့် အလုပ်တွဲလုပ်ရခက်ခဲခြင်း စသည်တို့ရှိကြောင်းဆိုသည်။ ပို၍ အရေးကြီးသည်မှာကား နိုင်ငံရေးအရ စွန့်စားမှုယူရခြင်း မြင့်မားခြင်းကြောင့်ဖြစ်သည်။ ယင်းသို့သော အကြောင်းရင်းများကြောင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အဓိကကျသော EAO များက “ဝ” နှင့် မဟာဗျူဟာမြောက် ချိတ်ဆက်ခြင်းမပြုကြခြင်းများ ရှိခဲ့သည်။ စိတ်မကောင်းစရာဖြစ်သည်။ 

UWSA နှင့် ချိတ်ဆက်လက်တွဲခြင်းတွင် ယုံကြည်မှုတည်ဆောက်ခြင်း လိုအပ်ပါသည်။ ထိုအရာသည် အချိန်ယူရပြီး NGO များနှင့် နိုင်ငံတကာ အဖွဲ့အစည်းများအနေဖြင့် ဖွံ့ဖြိုးရေးအကူအညီပေးခြင်းမှတစ်ဆင့် ဆောင်ရွက်နိုင်သည်။ UWSA သို့ ကူညီမှုများကို တပ်မတော်က လိုလားချင်မှ လိုလားမည်။ ၎င်းနှင့် မြန်မာအစိုးရအတွက် ထိုအရာက မှန်ချင်မှန်မည်။ “ဝ” နယ်မြေတွင် နိုင်ငံတကာအဖွဲ့အစည်းများကို ဝင်ရောက်လုပ်ကိုင်ခွင့်ပြုခြင်း သို့မဟုတ် ဝင်ရောက်လာအောင် ဆောင်ရွက်ပေးခြင်းဖြင့် “ဝ” နယ်မြေ၏ လိုလားချက်ကို ဆောင်ရွက်ပေးသကဲ့သို့ဖြစ်ပြီး ကိုယ်တိုင်လည်းကုန်ကျမှု မရှိပေ။ မည်သည့် ဖွံ့ဖြိုးရေးအထောက်အကူမဆို “ဝ” နယ်မြေအတွက် အခြားဝင်ငွေ၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်သည်။ “ဝ” နယ်မြေရှိ ကျောင်းများ၏ ၃၀ ရာခိုင်နူန်းတွင် ဗမာဘာသာကို သင်ကြားပေးနေသည်။ ထပ်တိုးသင်ကြားရန်လည်းရှိသည်။ အနာဂတ်မျိုးဆက်သစ်များအတွက် ဘာသာစကားအတူတကွ အသုံးပြုကြမည့် အလားအလာသည် တန်ဖိုးကြီးပါသည်။ အရေးအကြီးဆုံးမှာ “ဝ” နယ်မြေထဲတွင် နိုင်ငံတကာအင်အားစုများ ရှိနေခြင်းသည် ကြားဝင်စေ့စပ်ရန်အတွက်လည်း လမ်းကြောင်းတစ်ခုပွင့်ခြင်းဖြစ်ပြီး UWSA ၏ တရုတ်အပေါ် မှီတည်နေရခြင်းကိုလည်း တန်းညှိနိုင်သည်။ 

ထိုကိစ္စက တရုတ်အတွက်လည်း အဓိပ္ပာယ်ရှိသည်။ တစ်ဦးတည်း ဝင်လုပ်ရုံဖြင့် ငြိမ်းချမ်းရေးဖြစ်စဉ်ပါ ၎င်းတို့၏ ပန်းတိုင်များလွယ်ကူစွာ ရရှိနိုင်မည် မဟုတ်ပါ။ တရုတ်၏ တစ်ဦးတည်း လိုလားဆောင်ရွက်ချက်များသည် အမြဲတမ်းသံသယဝင်ခံရသည်။ နိုင်ငံတကာအသိုင်းအဝိုင်းနှင့် အလုပ်လုပ်သည့်အခါ ဆောင်ရွက်ထားပြီးသား တန်ဖိုးရှိသော ကနဦးခြေလှမ်းများအတွင်း ဥပဒေအရ ဘောင်ဝင်လာမည်ဖြစ်သည်။ ထိုသို့မဟုတ်လျှင် နိုင်ငံတကာ ပါဝင်သူများအနေနှင့် UWSA နှင့် ချိတ်ဆက်ရာတွင်ရှိမည့် ဦးဆောင်ဦးရွက် အခန်းကဏ္ဍများ၊ အရေးပါမည့်နေရာများကို ဖယ်ရှားသကဲ့သို့ ရှိချေမည်။ 




  • TAGS