News

POST TYPE

ARTICLE

အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူများကို သေဒဏ်ပေးရန် ဆော်ဒီကြံစည်
24-Aug-2018


ရီယာဒ်၊ ဩဂုတ် ၂၃

ဆော်ဒီအာရေဗျအစိုးရရှေ့နေများက အမျိုးသမီးအရေးလှုပ်ရှားသူ အစ်စရာ အယ်လ်ဂုံဂမ် အပါအဝင် တက်ကြွလှုပ်ရှားသူငါးဦးကို သေဒဏ်ချမှတ်နိုင်ရန် ကြံစည်ကြိုးစားလျက်ရှိသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

၎င်းတို့ငါးဦးသည် ရှီးယားမွတ်ဆလင်တို့၏ အုံကြွမှုဖြစ်ပေါ်နေသော ကာတစ်ဖ်ဒေသတွင် ဆန္ဒပြပွဲများ၌ပါဝင်မှု အပါအဝင် စွဲချက်များစွာဖြင့် အကြမ်းဖက်မှုဆိုင်ရာ ခုံရုံးတွင် စွဲဆိုခြင်းခံခဲ့ရသည်ဟု HRW က ပြောကြားသည်။

မစ္စဂုံဂမ်သည် လူ့အခွင့်အရေးလှုပ်ရှားမှုကြောင့် သေဒဏ်နှင့် ရင်ဆိုင်ရဖွယ်ရှိသည့် ပထမဆုံးဆော်ဒီအမျိုးသမီး ဖြစ်လာနိုင်သည်ဟု ယူဆရသည်။

ထို့အပြင် အချုပ်ခန်းသံတိုင်ကြားသို့ ရောက်နေသော အခြားအမျိုးသမီးလှုပ်ရှားသူများအတွက်လည်း အန္တရာယ်ကြီးမားသော အနေအထားကို ဖြစ်ပေါ်စေသည်ဟု HRW က သတိပေးပြောကြားသည်။

မေလနောက်ပိုင်းတွင် လူ့အခွင့်အရေးနှင့် အမျိုးသမီးအရေးလှုပ်ရှားသူ အနည်းဆုံး ၁၃ ဦးကို နိုင်ငံတော်လုံခြုံရေး ထိပါးမှုဖြင့် စွပ်စွဲဖမ်းဆီးခဲ့ပြီးအချို့ကို ပြန်လွှတ်ပေးခဲ့သော်လည်း ကျန်ရှိနေသူများကို တရားမစွဲဘဲ ထိန်းသိမ်းထားသည်။

မစ္စဂုံဂမ်သည် ၂၀၁၁ နောက်ပိုင်း ကာတစ်ဖ်ဒေသ၌ ဖြစ်ပေါ်ခဲ့သော ဆန္ဒပြပွဲများတွင် ပါဝင်မှုနှင့် မှတ်တမ်းတင်မှုများကြောင့် လူသိများသော လှုပ်ရှားသူတစ်ဦးဖြစ်သည်။

ရှီးယားမွတ်ဆလင် အသိုင်းအဝိုင်းများက ဆော်ဒီဆွန်နီမွတ်ဆလင် အစိုးရ၏ ခွဲခြားဆက်ဆံမှုကိုခံနေရသည်ဟု ကြွေးကြော်ကာလမ်းများပေါ်သို့ ထွက်လာခဲ့ကြခြင်းဖြစ်သည်။ အာဏာပိုင်များက မစ္စဂုံဂမ်နှင့် သူမ၏အမျိုးသားကို ၂၀၁၅ ဒီဇင်ဘာလကတည်းက ဖမ်းဆီးထားခဲ့သည်။

၎င်းတို့ငါးဦးအား စတင်ရုံးထုတ် စစ်ဆေးရာတွင် အစ္စလာမ် တာဇာစည်းမျဉ်းကိုအခြေခံ၍ သေဒဏ်ချမှတ်နိုင်ရန် အစိုးရရှေ့နေများက တောင်းဆိုခဲ့ကြသည်။

အရှေ့အလယ်ပိုင်းဆိုင်ရာ HRW ဒါရိုက်တာဆာရာလီဝှိုက်ဆန်က “အကြမ်းဖက်အပြုအမူ ပြုလုပ်မှုနဲ့ စွပ်စွဲခြင်းမခံရတဲ့ မစ္စဂုံဂမ်လိုလူမျိုးအပေါ် ဘယ်လိုစီရင်ချက် မျိုးပဲချချ စိတ်ပျက်စရာပါပဲ။ ဒါပေမဲ့ သေဒဏ်ချမှတ်ဖို့ ကြိုးစားနေတာကတော့ ဖောက်လွဲဖောက်ပြန် မှားယွင်းမှုတစ်ခု ဖြစ်ပါတယ်”ဟု မှတ်ချက်ပေးသည်။

ဆော်ဒီပဒေသရာဇ်တွေရဲ့ သက်ဦးဆံပိုင် အုပ်ချုပ်မှုပုံစံတွေဟာ အနောက်အုပ်စု မဟာမိတ်တွေနဲ့ နိုင်ငံတကာကော်ပိုရေးရှင်းတွေကို လှည့်ဖြားဖို့အတွက် ပြုပြင်ပြောင်းလဲရေး ပုံပြောပြပေးနေတဲ့ အစိုးရ လူထုဆက်ဆံရေးဌာနတွေကို အခက်အခဲတွေ့စေပါတယ်”ဟု၎င်းက ပြောကြားသည်။

ဥရောပနှင့် ယူကေအခြေစိုက် ဆော်ဒီလူ့အခွင့်အရေးအုပ်စုများက မစ္စဂုံဂမ်အပေါ် စွဲချက်များကို ရုပ်သိမ်းပေးရန် တောင်းဆိုနေကြသည်။ ဆော်ဒီအစိုးရဘက်ကမူ မစ္စဂုံဂမ်၏ ရုံးထုတ်စစ်ဆေးမှုအပေါ် မှတ်ချက်ပေးခြင်းမပြုသေးပေ။ 

သို့ရာတွင် ဆော်ဒီခုံရုံးများသည် ယခင်ကလည်း ရှီယားမွတ်ဆလင်အရေး လှုပ်ရှားသူမြောက်မြားစွာကို အကြမ်းဖက်ဝါဒ ဆက်စပ်လုပ်ဆောင်မှုများကြောင့် အပြစ်ရှိသည်ဟု ဆုံးဖြတ်ကာ သေဒဏ်ချမှတ်ခဲ့ပြီးဖြစ်သည်။  

F-04


  • VIA