News

POST TYPE

ARTICLE

စတုတ္ထသမီးတော် အုတ်နန်းပြာသာဒ်ဂူ ပြုပြင်ရန် ပြည်နယ်အစိုးရထံတောင်းဆိုမှု အဆင်မပြေ


မော်လမြိုင်၊ ဩဂုတ် ၂၂

မော်လမြိုင်မြို့ ဖက်တက်တန်းရပ်၊ ကျိုက်သလ္လံဘုရားလမ်း မဟာမြတ်မုနိဘုရားအနီးရှိ စတုတ္ထသမီးတော်၏ အုတ်နန်းပြာသာဒ်ဆောင် မြေပြိုကျမှုကို ပြန်လည်ပြုပြင်နိုင်ရန် မြစ်ဖြစ်သူက ပြည်နယ်အစိုးရထံသို့ တောင်းဆိုခဲ့သော်လည်း အဆင်မပြေခဲ့ကြောင်း စတုတ္ထသမီးတော်၏ မြစ်ဖြစ်သူ တော်မြတ်စိုးက ပြောကြားသည်။

မွန်ပြည်နယ်အစိုးရ ဗမာတိုင်းရင်းသားရေးရာဝန်ကြီးထံသို့ သွားရောက်အကူအညီတောင်းခဲ့သော်လည်း ဝန်ကြီးမှ ထိုရှေးဟောင်းအဆောက်အအုံပြုပြင်မှုနှင့်ပတ်သက်၍ ပြည်နယ်အစိုးရတွင် ဘတ်ဂျက်ငွေမရှိသည့်အတွက် ပြည်ထောင်စုအစိုးရထံသို့ တင်ပြတောင်းဆိုမှသာလျှင် ပြုပြင်ထိန်းသိမ်းမှု လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း ပြန်လည်ပြောဆိုခဲ့ကြောင်း ၎င်းက ဆိုသည်။

စတုတ္ထသမီးတော်၏ အုတ်နန်းပြာသာဒ်ဆောင်ဂူဘေးတွင် ဇွန်လ ၁၇ ရက် နေ့က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုမှုဖြစ်ခဲ့ရာ အုတ်နန်းဆောင်ဘေးတွင် အက်ကြောင်းရာများ ဖြစ်ပေါ်လာသည့်အတွက် မြေထိန်းနံရံနှင့် တံတိုင်းများပြုပြင်ထိန်းသိမ်းရန် ပြည်နယ်အစိုးရထံသို့ ဇူလိုင်လက စာတင်ခဲ့သော်လည်း အဆင်မပြေဖြစ်ခဲ့ခြင်းဖြစ်ကြောင်း တော်မြတ်စိုးက ပြောကြားသည်။

“အသေးစား ပြုပြင်မှုတွေကိုတော့ ကျွန်တော်တို့ ဆွေမျိုးတွေက ပြုလုပ်နေပါတယ်။ ဒါပေမဲ့ အကြီးစားပြင်ဆင်မှုဖြစ်တဲ့ မြေသားတွေကြံ့ခိုင်ဖို့အတွက်၊ အုတ်နန်းပြာသာဒ်ကြံ့ခိုင်ဖို့အတွက်ကတော့ ပညာရှင်တွေ၊ ငွေအင်အား၊ လူအင်အားမြောက်မြားစွာလိုတဲ့အတွက်ကြောင့် အစိုးရမှတစ်ပါး မည်သူမှ ကူညီနိုင်မှာမဟုတ်တဲ့ အတွက် ကျွန်တော်တို့ ဒီသတင်းစာရှင်းလင်းပွဲကနေ သက်ဆိုင်ရာအစိုးရကို အကူအညီတောင်းခံခြင်းဖြစ်ပါတယ်”ဟု တော်မြတ်စိုးက ပြောဆိုသည်။

ထိုစတုတ္ထသမီးတော်၏ အုတ်နန်းပြာသာဒ်ဆောင်၏ မြေသားများထပ်မံပြိုကျလာပါက ဘေးတွင်တည်ရှိနေသည့် သာသနာ့ရိပ်သာဘုန်းတော်ကြီးကျောင်းဝင်းတွင် နေထိုင်သည့် ရဟန်းသံဃာတော်များနှင့် တရားအားထုတ်သည့် ယောဂီများအတွက် အန္တရာယ်ရှိနိုင်ကြောင်း၊ ထိုပြိုကျသည့် မြေသားများကို မြေထိန်းနံရံများ ဆောက်လုပ်ရန်နှင့် အုတ်တံတိုင်းများ ပြန်လည်ပြုပြင်ဆောက်လုပ်ရန် လိုအပ်ကြောင်း သာသနာ့ရိပ်သာကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် ဦးခေမိသာရက မိန့်သည်။

စတုတ္ထသမီးတော်သည် မြန်မာဘုရင် သီပေါမင်းနှင့် မိဖုရားခေါင်ကြီး စုဖုရားလတ်တို့၏ အထွေးဆုံးသမီးတော် အသျှင်ထိပ်စုမြတ်ကလေးဖြစ်ပြီး လွန်ခဲ့သည့် ၁၉၃၆ ခုနှစ် မတ်လတွင် သက်တော် ၄၈ နှစ်တွင် မော်လမြိုင်မြို့ရှိ စံအိမ်တော် (ယခု အထက-၈) တွင် နတ်ရွာစံခဲ့ပြီး ထိုအုတ်နန်းပြာသာဒ်ဆောင်တွင် ဂူသွင်းမြှုပ်နှံခဲ့ကာ ယခုအခါ ယင်းအဆောက်အအုံမှာ နှစ်ပေါင်း ၈၄ နှစ်ရှိပြီဖြစ်သည့်အတွက် ရှေးဟောင်းအမွေအနှစ်အဆောင်တစ်ခု ဖြစ်သည်။