News

POST TYPE

ARTICLE

ရမ်းသန်းထင်မြင်မှုများကို ပယ်ရှား၊ ဆက်ဆံရေးထူထောင်ကာ “ဝ” တပ်မတော်နှင့် ချိတ်ဆက်ညှိနှိုင်းခြင်း
23-Aug-2018


၂၀၁၈ ခုနှစ် ဇူလိုင်လတွင် ကျင်းပသော တတိယအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (UPC) တွင် ပင်ပန်းနွမ်းနယ်မှုနှင့် သွေးတိုးဝေဒနာကြောင့် ညီညွတ်သော “ဝ” ပြည်တပ်မတော် (UWSA) မှ တပ်မှူးကြီးပေါက်ယူရီဆေးရုံတင်ရသောအခါ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်က အာဟာရစွပ်ပြုတ်တိုက်နေခြင်းကို အသေအချာ ရိုက်ကူးပြထားသော ဓာတ်ပုံများကြောင့် နိုင်ငံအနှံ့ မျက်ခုံးများ ပင့်သွားကြသည်။ ထိုဓာတ်ပုံကို Facebook ပေါ်တင်ခဲ့ပြီး တိုင်းပြည်၏ အင်အားအကောင်းဆုံး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း EAO ဖြစ်သော “ဝ” တပ် (UWSA) နှင့် တပ်မတော်တို့အကြား ဆက်ဆံရေးတံတားထိုးသည့် အမူအရာကို ပြသခြင်းဖြစ်သည်။ စစ်မှန်သော ယုံကြည်မှုတည်ဆောက်ရခြင်းသည် ငှက်သိုက်စွပ်ပြုတ်ထက်တော့ အချိန်ကြာပါလိမ့်မည်။ 

UWSA ၏ တောင်းဆိုမှုများဖြစ်သော တရားဝင် “ဝ” ပြည်နယ်ရရှိရေး၊ တစ်နိုင်ငံလုံးအတိုင်းအတာအပစ်အခတ်ရပ်စဲရေး သဘောတူညီမှုစာချုပ် (NCA) နှင့် ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပါ အချက်အလက်များ ပြင်ဆင်ရေးနှင့် ထိုင်းနယ်စပ်ရှိ “ဝ” ထိန်းချုပ်နယ်မြေများကို အသိအမှတ်ပြုရေးတို့ကတော့ ထိုဓာတ်ပုံထဲတွင် ပါမလာပေ။ 

UWSA သည် ၂၀၁၆ ခုနှစ် စက်တင်ဘာလတွင် တိုင်းရင်းသားလက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးတည်ဆောက်ရန် ကြိုးစားသည့် ဒေါ်အောင်ဆန်းစုကြည် ကမကထပြုသော ယခု UPC ဟုခေါ်သည့် ၂၁ ရာစု ပင်လုံညီလာခံမှ ထထွက် အိမ်ပြန်သွားခဲ့သည်။ “ဝ” တပ်က ဦးဆောင်ကာ ဖက်ဒရယ်အရေး နိုင်ငံရေးညှိနှိုင်းမှု အတိုင်ပင်ခံကော်မတီ (FPNCC) ကို ၂၀၁၇ ဧပြီလက ဖွဲ့စည်းခဲ့ခြင်းသည် ငြိမ်းချမ်းရေးဖြစ်စဉ်တွင်း သိသာသောတိုးတက်မှုများ ရရှိရေး NLD အစိုးရ၏ မျှော်လင့်ချက်များကို ထိုးနှက်မှုတစ်ရပ် ဖြစ်စေခဲ့သည်။ FPNCC က လိုလားချက်များကို ဒုတိယအကြိမ် UPC ၂၀၁၇ မေလတွင် ပြောပြခဲ့သော်လည်း လျစ်လျူရှုခံရမှုများ ရှိခဲ့သည်။ တတိယအကြိမ် UPC တွင် အနည်းငယ်သောခိုင်မာသည့် တိုးတက်မှုများမြင်ရပြီး အရှိန်ရနေသည့် ဖြစ်စဉ် ရပ်တန့်သွားမည့် စိုးရိမ်ရမှုများလည်း ရှိသလောက်ရှိသည်။ 

UWSA အပေါ် သဘောထားအမြင်များနှင့် ၎င်းတို့အကြောင်း ယုံတမ်းများ

၁၉၈၉ ခုနှစ်တွင် ဗမာပြည်ကွန်မြူနစ်ပါတီ (CPB) မှ ခွဲထွက်ကာ UWSA ကို တည်ထောင်ခဲ့ပြီးနောက် ခေါင်းဆောင်များက တပ်မတော်နှင့် ယနေ့အထိ ရှိနေဆဲ အပစ်အခတ်ရပ်စဲရေး လက်မှတ် ထိုးခဲ့သည်။ တရုတ်နှင့် ထိုင်းနယ်စပ်များရှိ နယ်မြေကြီးနှစ်ခုကို ထိန်းချုပ်ထားပြီး စစ်အင်အားသုံးသောင်းလောက်ဖြင့် ကာကွယ်ထားသည်။ “ဝ” ပြည်တပ်မတော် အကြောင်းပြောကြသည့် ဇာတ်လမ်းများသည် သေနတ်၊ မူးယစ်ဆေးနှင့် သွေးအိုင်ပေါ်မှ အင်ပါယာ ကြီးသဖွယ် ဇာတ်စုံခင်းထားခြင်း သို့မဟုတ် ရဟတ်ယာဉ်နှင့် အခြားလက်နက်ကြီးများပါ ပိုင်နေပြီဆိုသော အတည်မပြုနိုင်သည့် စွပ်စွဲမှုများ ပါဝင်နေသည့် လျှို့ဝှက်မှု၊ သီးခြားနေမှုအကြောင်းများကိုသာ အာရုံစိုက် ဖော်ပြထားလေ့ရှိသည်။ ရှားရှားပါးပါးရှိနေသည့် ပညာရပ်ဆိုင်ရာလေ့လာမှုများကလည်း ဘိန်းနှင့် မူးယစ်ဆေးဝါးကို အခြေပြုသည့် နိုင်ငံရေးဘောဂဗေဒများဖြစ်ကာ ထိုစာအုပ်များ၏ မျက်နှာဖုံးများသည် ဘိန်းခင်းထဲမှ လက်နက်ကိုင်ပုံများ ဖြစ်နေကြသည်။ 

၂၀၁၅ မေလတွင် UWSA သည် ပထမအကြိမ် မြန်မာအစိုးရဘက်က ကိုယ်စားလှယ်များမပါသော EAO များ ညီလာခံကို ၎င်းတို့ ဌာနချုပ်ရှိရာ ပန်ခန်းတွင် အိမ်ရှင်အဖြစ် ပြုလုပ်ခဲ့ပြီး သတင်းမီဒီယာများကို “ဝ” နယ်မြေထဲသို့ ပထမဆုံးအကြိမ် ဝင်ခွင့်ပြုခဲ့သည်။ ၂၀၁၆ အောက်တိုဘာလတွင် UWSA က သတင်းထောက်များကို ထပ်မံဖိတ်ကြား ခဲ့ပြန်သည်။ ယင်းသို့ သတင်းသမားများ ရောက်လာခဲ့ခြင်းသည် “ဝ” နယ်မြေအတွင်းက ဘဝများကို မျက်စိတစ်ဝေ့ ကြည့်နိုင်ခဲ့သော်လည်း မထင်မှတ်ဘဲ ဝေးကွာမှုများကို ထပ်မံဖန်တီးလိုက်သကဲ့သို့ ရှိသည်။ “ဝ” နယ်မြေ၏ လျှို့ဝှက်မှု၊ ဝေးလံခေါင်ဖျားမှု သို့မဟုတ် တရုတ်တို့နှင့် တူနေမှုကိုသာ ချဲ့ကားဖော်ပြမှုများရှိခဲ့သည်။ မီဒီယာများတွင် UWSA အကြောင်း ဖော်ပြရာတွင် စစ်သားလူငယ်လေးများ ချီတက်နေကြပုံ၊ စစ်သင်တန်းရယူနေပုံ၊ လုံခြုံရေးဂိတ်များတွင် စောင့်ကြပ်နေပုံများနှင့် ဥပဒေမစိုးမိုးခြင်း၊ လူမြင်နေကျ ပုံများမဟုတ်သော သားရိုင်းတိရစ္ဆာန် ရောင်းဝယ်ဖောက်ကားမှုနှင့် ကာစီနိုများအကြောင်းကို တူညီစွာပင် ဖော်ညွှန်းတင်ပြကြသည်။ 

UWSA အကြောင်းကို သိပ်နားမလည်ကြဘဲ ကြောက်နေကြသည်။ ရန်ကုန်ဘက်တွင် “ဝ” အကြောင်း နားလည်မှုလွဲနေမှုကြီး နှစ်ခုရှိသည်။ ပထမတစ်ခုမှာ “ဝ” သည် တရုတ်၏ နယ်ရုပ်တစ်ခုဟု ထင်မြင်ခြင်းဖြစ်ကာ၊ ဒုတိယတစ်ခုမှာကား “ဝ” တို့ သည် လျှို့ဝှက်၊ သီးသန့်နေကာ မြန်မာပြည်မနှင့် မပူးပေါင်းကြဟူ၍ မြင်နေခြင်း ဖြစ်သည်။ 

တရုတ်၏ နယ်ရုပ်လား

UWSA သည် တရုတ်၏ နယ်ရုပ်များဆိုသည်မှာ တပ်မတော်ဘက်က စွပ်စွဲချက်များ၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ တရုတ်များသည် “ဝ” တိုင်းရင်းသားများ ပုံစံဟန်ဆောင်ကာ ခွဲထွက်ရေးနှင့် မူးယစ်ဆေးဝါးလုပ်ငန်း ဆောင်ရွက်နေကြောင်း မြန်မာ့အလင်း၊ The New Light of Myanmar သတင်းစာတွင် UWSA ကို စွပ်စွဲရေးသားဖူးသည်။ “ဝ” သည် တရုတ်နှင့် ပိုနီးစပ်သည်ဟု မြန်မာအတော်များများ ထင်နေကြသည်။ အဘယ်ကြောင့် မြန်မာစကားမပြောဘဲ တရုတ်စကားပြောရသနည်း၊ “ဝ” နယ်သို့ သွားရန် အဘယ့်ကြောင့် ခက်ခဲသနည်း စသည့်မေးခွန်းများကိုပဲ မြန်မာဆိုလျှင် “ဝ” နယ်ဘက်တွင် မလိုလားကြဟူသော အကောက်အယူဖြင့် မေးခွန်းထုတ်ကြသည်။ UWSA ဘက်က ကြည့်လျှင် တရုတ်ဘက်နှင့် နီးစပ်ခြင်းမှာ သမိုင်းအရ ဟုတ်မှန်ပြီး ဆိုးရွားသော အကြံဖြင့် ချဉ်းကပ်ကြံစည်ခြင်းမဟုတ်ပါ။ “အတိတ်မှာတုန်းက ကျွန်တော်တို့ အကူအညီလိုတဲ့အချိန် တရုတ်ကလွဲပြီး ဘယ်သူမှ မကူညီကြဘူး” ဟု ဥက္ကဋ္ဌပေါက် ကိုယ်တိုင်က မှတ်ချက်ချဖူးသည်။ 

တယ်လီကွန်းဆက်သွယ်ရေးစနစ်များနှင့် မြန်မာငွေသည် မကြာသေးခင် ကာလများအတွင်းကသာ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး UWSA သည် ဆယ်စုနှစ်ပေါင်းများစွာ တရုတ်ငွေကြေး၊ ရော်ဘာ၊ သတ္တုတွင်း၊ ဆောက်လုပ်ရေးနည်းပညာနှင့် ဆက်သွယ်ရေးကွန်ရက်တို့အတွက် တရုတ်ဈေးကွက်ကိုသာ အားထားခဲ့ရသည်။ ၁၉၉၀ ကာလများကတည်းက UWSA သည် ဖန်တီးတီထွင်မှုကိုပြခဲ့ပြီး ကိုယ့်အားကိုယ်ကိုးနိုင်ရေးအတွက် လမ်းများ၊ ဈေးကွက်များ၊ ရင်းနှီးမြှုပ်နှံမှုများကို လမ်းကြောင်းထွင်နိုင်ခဲ့ပြီးဖြစ်သည်။ “ဝ” ပိုင် ကုမ္ပဏီများနှင့် မြန်မာစီးပွားရေးလုပ်ငန်းကြီးများ ပူးပေါင်းဆောင်ရွက်မှုကို ကြည့်မည်ဆိုလျှင် ရန်ကုန်၊ မန္တလေးတို့ရှိ စီးပွားရေးထိပ်သီးများနှင့် ခိုင်မာသော စီးပွားရေးတွဲဖက်ဆောင်ရွက်မှုကို တွေ့ရပေသည်။ 

စောင့်ကြည့်လေ့လာသူများက UWSA ကို တရုတ်၏ ငယ်သားအဖြစ် ဆက်ဆံခြင်းအား ပိုပိုသာသာဖော်ပြကြပြီး UWSA ခေါင်းဆောင်များကို တရုတ်ကနောက်ကွယ်မှ အကြံပေးနေသည်၊ “ဝ” နယ်မြေကို လာကြသည့် ဧည့်သည်များကို စစ်ဆေးကန့်သတ်မှုများရှိသည်၊ “ဝ” အဖွဲ့၏ ပြင်ပဆက်ဆံရေးကို ကန့်သတ်ထားသည် အစရှိသဖြင့် ဖော်ပြကြသည်။ တကယ်တမ်းတွင် တရုတ်နှင့် ဆက်ဆံရေးက အပြန်အလှန် အကျိုးစီးပွား၊ လေးစားမှုတို့ကို အခြေခံသည်။ တရုတ်ကို FPNCC ဆွေးနွေးပွဲများတွင် လေ့လာသူအဖြစ် ဖိတ်ကြားခြင်းကို ၂၀၁၇ ဩဂုတ်လ FPNCC အစည်းအဝေးသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပြီး လေးစားသမှုဖြင့် ဖိတ်ခြင်းသဘောသာဖြစ်သည်။ Yun Sun ၏ လေ့လာစောင့်ကြည့်မှုအရ တရုတ်သည် “ဝ” ကို ငြိမ်းချမ်းရေးဖြစ်စဉ်သို့ ပါဝင်ရန် သို့မဟုတ် ထွက်ခွာရန် ဖိအားမပေးနိုင်ပေ။ တရုတ်၏ အကျိုးစီးပွားသည်ကား UWSA နှင့် ဆက်ဆံရေးကောင်းမွန်စေရေး ဖြစ်သည်။ 

တရုတ်နှင့် UWSA တို့သည် ၎င်းတို့၏ ဆက်သွယ်ဆက်ဆံရေးဆိုင်ရာ ကောလာဟလများကို ဖယ်ရှားဖို့အတွက် ကြိုးစားကြပါသည်။ NCA ကို လက်မခံရန်အတွက် EAO များကို တွန်းအားပေးနေသည်ဆိုသော ပြောဆိုချက်ကို တရုတ်က ဒေါသတကြီး ပယ်ချလိုက်သည်။ အချို့ဆုံးဖြတ်ချက်များချရာတွင် တရုတ်၏ လိုလားချက်ကို ခြွင်းချက်အနေနှင့် ရှိပေသော်ငြား တရုတ်ကို အိမ်နီးချင်းတစ်ဦးအဖြစ် လေ့လာသူအနေအထားတက်ရောက်ရန် ဖိတ်ကြားခြင်းဖြစ်သည်ဟု UWSA က လျင်မြန်စွာ တုံ့ပြန်ပြောဆိုထားသည်။ တရုတ်က မည်သို့ ထင်မြင်မည်ကို ထည့်သွင်းစဉ်းစားရင်း UWSA က ကိုယ်ပိုင်ဆုံးဖြတ်ချက်များ ချမှတ်သည်ဟု ၎င်းတို့ ဆက်ဆံရေးကို သရုပ်ဖော်နိုင်သည်။ 

(ဆက်လက်ဖော်ပြပါမည်)

သန့်ဇင်စိုး