POST TYPE

ARTICLE

ယာဘနှင့် ဆယ်လီ


ထိုင်းနိုင်ငံတွင် နာမည်ကျော်ကြား လူသိများသော ဆယ်လီ (Celebrity) များ မူးယစ်ဆေးသုံးစွဲမှုကြောင့် မကြာခဏ အဖမ်းခံနေရသည့်သတင်းများ ကြားနေရပါသည်။ ထိုင်းနိုင်ငံအလှမယ်ဟောင်းနှင့် သရုပ်ဆောင် မင်းသမီး အမီလီယာကို ယမန်နှစ်က မူးယစ်ဆေးသုံးစွဲမှုဖြင့် ဖမ်းလိုက်ပြီဆိုသည့် သတင်းမှာ သတင်းဦး သတင်းထူး တစ်ပုဒ်မဟုတ်တော့ပေ။ ထိုင်းနိုင်ငံတွင်လည်း နာမည်ကျော် ဆယ်လီများ မူးယစ်ဆေးကြောင့် တစ်ဦးပြီးတစ်ဦး ထောင်ထဲရောက်နေကြသည်သာ ဖြစ်သည်။ ထိုင်းနိုင်ငံတွင် အနာဂတ်အတွက် တောက်ပသော ကြယ်တစ်ပွင့်ဟူ၍ သတင်းမီဒီယာများတွင် မြှောက်စားလိုက်သည်နှင့် မကြာမီမူးယစ်ဆေးသုံးစွဲသဖြင့် အဖမ်းခံရခြင်းဆိုသော သတင်းများ ထွက်ပေါ်လာမည်ကို သူတို့အား ချစ်သောပရိသတ်တွေကလည်း စိုးရိမ်နေကြသည်။

ရဲတွေက ဆေးကြောင်နေသော ဆယ်လီတွေကို ဖမ်းသည်။ ထောင်ဒဏ်တွေ ငွေဒဏ်တွေ တရားရုံးတွေက ချမှတ်နေသည်။ ထောင်ဒဏ်တွေကလည်း နှစ်ရှည်၊ ငွေဒဏ်တွေကို များပြားစွာ ချမှတ်နေသော်လည်း သူတို့ လောကတွင် ရပ်ဆိုင်းသွားပါသလားဟု မေးခွန်းထုတ်စရာတွေ ဖြစ်နေသည်။ ထောင်ချလိုက်လျှင် ပြီးသွားမှာလား၊ ပြန်လည်ကုစား ခွင့်ပြုပေးလို့ မရဘူးလား၊ သုံးစွဲသူနဲ့ ရောင်းချသူမည်သူ့တွင် အပြစ်ရှိသလဲ၊ စီးပွားရေးလုပ်နေသူတွေကိုတော့ မဖမ်းနိုင် လေးငါးဆယ်ပြား ဖမ်းမိသူတွေကို တရားစီရင်နေတာ တရားသလားစသည်ဖြင့်လည်း သူတို့ကို ချစ်ခင်သော ပရိသတ်တွေထံက အသံတွေ ထွက်လာကြသည်။ 

ယခင်က နာမည်ကျော် မော်ဒယ်တစ်ဦးဖြစ်သူ ယုယီကို ထိုင်းနိုင်ငံတရားရုံးချုပ်က ထောင်ဒဏ် ၁၅ နှစ်နှင့် သုံးလ ပြစ်ဒဏ်ချမှတ်လိုက်သည်။ ၂၀၁၂ ခုနှစ်က ထိုင်းနိုင်ငံထဲသို့ ကိုကင်းဟုခေါ်သည့် မူးယစ်ဆေးဝါးများကို ယူဆောင်လာမှုကြောင့်ဖြစ်သည်။ ယုယီက ဒွန်မောင်းလေဆိပ်ထဲကို ဝင်လာချိန်တွင် အာဏာပိုင်များက သူမ၏ လက်ဆွဲသေတ္တာကို စစ်ဆေးကြသည်။ ကိုကင်း ၂၅၁ မီလီဂရမ်ကို ရှာဖွေတွေ့ရှိခဲ့သည်။ ယုယီကို ထိုင်းတရားရုံးက ထောင်ဒဏ်အပြင် ထိုင်းဘတ် ၁ ဒသမ ၅ သန်းပါ ပေးဆောင်ရန် ဒဏ်ငွေ ချမှတ်ခဲ့သည်။

၂၀၁၃ ခုနှစ်ကလည်း သရုပ်ဆောင်မင်းသမီး ဆုတက်တာ (ပန်ပန်) ကို မူးယစ်ဆေးသုံးစွဲနေပုံများ အွန်လိုင်းပေါ်တက်လာသည်။ သတင်းမီဒီယာလောက လူတွေကလည်း သတင်းအစကို နှိုက်ကြသည်။ မိသားစုက ပန်ပန်တစ်ယောက် မူးယစ်ဆေးသုံးစွဲနေကြောင်း ဝန်ခံခဲ့ကြသည်။ လူငယ် တက်သစ်စ သရုပ်ဆောင်လေးတွေကလည်း မူးယစ်ဆေးဖြတ်လိုက်ပါပြီဆိုကာ သရုပ်ဆောင်လောကကို ပြန်ဝင်လာကြလည်း သူတို့ကို ချစ်သော ပရိသတ်တွေက ခွင့်လွှတ်ပေးလိုက်ကြသည်သာဖြစ်သည်။ 

၂၀၁၁ ခုနှစ် ဒီဇင်ဘာလက ထိုင်းနိုင်ငံ၏ ရော့ကာ (Rockstar) ဟု လူသိများသည့် ဆက်လိုဆိုသည် လူသိရှင်ကြား ဝန်ခံမှုတစ်ခုကို လုပ်ခဲ့သည်။ သူက အိုက်စ် (Ice) ဟုခေါ်သည့် မူးယစ်ဆေးတွေကို သုံးစွဲ နေသူဖြစ်သည်ဟူ၏။ ထိုအချိန်က သူ့ဇနီးနှင့် ကွဲနေသည်။ ထို့ကြောင့်စိတ်ညစ်ညစ်နှင့် သုံးစွဲဖြစ်ခဲ့သည်ဟု Facebook ပေါ်ကတစ်ဆင့် ပြောင်ပြောင်တင်းတင်း ဝန်ခံချက်တွေပေးနေသည်။ ထို့နောက် ပြန်လည်ထူထောင်ရေးစခန်းကို သူရောက်သွားပုံများ၊ ဂီတလောကသို့ ပြန်ရောက်လာပုံများကို ဆိုရှယ်မီဒီယာအား အသုံးချပြီး ဓာတ်ပုံတွေ တင်ပေးသည်။ နောက်ပိုင်း ဇနီးနှင့်လည်း ကွာရှင်းပြတ်စဲလိုက်ကြသည်။ 

ထိုင်းနိုင်ငံတွင် ဘော (အာသစ် နာနာ) ဟု လူသိများသည့် ရုပ်ရှင်မင်းသားတစ်ဦးကလည်း သူ့ထံတွင် ဆေးခြောက်နှင့် ကိုကင်းများ ရှာဖွေတွေ့ရှိမှုဖြင့် အဖမ်းခံလိုက်ရသည်။ သူ့ကို ထောင်ဒဏ်တစ်နှစ်နှင့် သုံးလ အပြစ်ပေးသည်။ ဒဏ်ငွေအဖြစ်လည်း ဘတ် ၁၂၀၀၀ ပေးဆောင်ရသည်။ ထို့နောက် ပြန်လည်ပြုပြင်ရေးစခန်းသို့ အပို့ခံရမည်။ သူ့အမှုကို စစ်ဆေးသည်ကပင် ၂ နှစ်ကြာခဲ့သည်။

ဘောနှင့် တစ်နှစ်တည်းမှာပင် အမျိုးသမီး ဟာသ သရုပ်ဆောင် နော့ချုံယင်း အဖမ်းခံရပြန်သည်။ သူ့ကို အိုက်စ် ၅၆၀ မီလီဂရမ်၊ ဆေးခြောက် ၅၈၀ မီလီဂရမ်နှင့်အတူ ကမ္ဘောဒီးယားမှ ထိုင်းနိုင်ငံသို့ ပြန်အဝင်တွင် ဖမ်းဆီးရမိခြင်းဖြစ်သည်။ သူလည်း မူးယစ်ဆေးမှုနှင့် အဖမ်းခံရသည်မှာ နှစ်ကြိမ်ရှိသွားပြီဖြစ်သည်။ 

လူငယ်အဆိုကျော် ဂျိုက်စ် ထရင့် ကင်းဒမ်းနှင့် သူ့ရည်းစားကောင်လေးတို့ကိုလည်း ယာဘဆိုသည့် ဆေးပြား ၄၀၀၀ နှင့်အတူ ဖမ်းဆီးရမိသည်။ သူတို့က အရောင်းအဝယ်ပါ လုပ်နေကြသည်ဟုဆိုသည်။ ဂျိုက်စ်ကို ထောင်ဒဏ် ၈ နှစ် နှင့် တစ်လ အပြစ်ပေးသည်။ ၂၀၁၃ ခုနှစ်က ပြန်လွတ်လာသည်။

ပက် ပါဝါပက်ဟု လူသိများသည့် တက်သစ်စ မင်းသားလေး ဘွန်တုန်တန်ကလည်း ဆေးပြား ၃၀၀၀၊ ကက်တာမင်း လေးပုလင်း၊ ဆေးခြောက်တစ်ထုပ်နှင့်အတူ ဖမ်းမိပြန်သည်။ သူက ကိုယ်တိုင်လည်း သုံးစွဲရုံမက ရောင်းချနေသူအဖြစ်ပါ ထင်ရှားသောကြောင့် ထောင်ဒဏ် ၄၂ နှစ် ကျသွားသည်။ 

၂၀၀၂ ခုနှစ်ကလည်း ဆူပါမော်ဒယ်တစ်ဦးဖြစ်သူ ယူအီအဖမ်းခံရပြန်သည်။ သူသည် ထိုင်းနိုင်ငံ၏ Catwalk ခေါ် အလှပြဖက်ရှင်ရှိုးပွဲများတွင် နာမည်ကျော်သူဖြစ်သည်။ ထိုင်းနိုင်ငံမော်ဒယ်များကို နိုင်ငံတကာပွဲများအထိ ပေါက်အောင် လုပ်ဆောင်နိုင်ခဲ့သူလည်း ဖြစ်သည်။ သူက သူ့ကိုယ်သူ မူးယစ်ဆေးစွဲနေကြောင်း ဝန်ခံလိုက်သည့်အခါတွင် တစ်နှစ်ဘတ်သန်း ၅၀ ခန့် ရနေသည့် အလုပ်က ချက်ချင်းရပ်ဆိုင်းခြင်း ခံလိုက်ရပြီး ဘဝပျက်သွားခဲ့ရသည်။

ထိုင်းနိုင်ငံ သရုပ်ဆောင် မင်းသမီး နမ်ဖုံကူလာနွတ်ကိုလည်း မူးနေသဖြင့် ရဲတွေကဖမ်းဆီးစစ်ဆေးသည်။ သူ့ကို ဆီးစစ်လိုက်ရာ မူးယစ်ဆေးသုံးစွဲထားကြောင်း အဖြေထွက်သည်။ သူက မူးယစ်ဆေး မသုံးကြောင်း၊ သူသောက်သည့် ဖျော်ရည်ထဲကို တစ်ယောက်ယောက်က ဆေးထည့်ခတ်သွားကြောင်း ထွက်ဆိုသည်။ တရားရုံးက သူ့ကို လွှတ်ပေးလိုက်သည်။ ရုပ်ရှင်လောကမှ ရပ်နားသွားရသည်။ နောက်ပိုင်းမှ ဆေးမသုံးကြောင်း သတင်းတွေထွက်လာပြီး သရုပ်ဆောင်လောကကို ပြန်ရောက်လာသည်။

နာမည်ကျော် အဆိုကျော် တပ်ခ်ျနာတာကွာ တန်အိမ်ကိုလည်း ရဲတွေက ဝင်စီးခဲ့ဖူးသည်။ သူ့ကို ဆေးခြောက်သုံးစွဲနေသည့်အခိုက် လက်ပူးလက်ကြပ်မိသည်။ သူ့ကိုလည်း ပွဲတွေက ပရိုမိုးရှင်းအတွက် စာချုပ်တွေ ဖျက်လိုက်သည်။ 

ဖြစ်စဉ်အားလုံးကို ကြည့်လိုက်လျှင် ရုပ်ရှင်၊ အနုပညာလောကအတွင်းသို့ မူးယစ်ဆေးသုံးစွဲမှုတွေက စိမ့်ဝင်နေပြီး၊ ဖမ်းဆီးရမိလိုက်လျှင်လည်း ထောင်ကျလျှင်ကျ၊ ထောင်မှ ပြန်ထွက်လာလျှင်လည်း ဘဝပျက်သွားကြသည်ကများသည်။ လူတွေက အကျင့်စာရိတ္တကို လေးစားသည်။ မိမိတို့ ချစ်သော အနုပညာသည်များကို စံပြုလောက်သည့် စံပြများ ဖြစ်စေချင်ကြသည်မှာ သဘာဝဖြစ်သည်။ သို့သော် အရက်သမား၊ ဆေးသမားမှန်း သိလိုက်လျှင် တရားဥပဒေကလည်း မညှာ၊ ပြည်သူတွေကလည်း သူတို့ရင်ထဲက ဖယ်ရှား ခြင်းခံကြရခြင်းမှာ သက်သေဖြစ်သည်။ 

ယနေ့ ဆယ်လီတို့လောကတွင် ခေတ်စားနေသည်မှာ (Yaba) ဆေးပြားများဖြစ်သည်။ သူ့ကို အမည်အမျိုးမျိုးပေးထားကြသည်။ ထိုင်းနိုင်ငံသို့ ၁၉၇၀ ပြည့်နှစ်ခန့်ကတည်းက ရောက်လာသည်။ ယနေ့ ထိုဆေးပြားတွေက ထိုင်းနိုင်ငံကိုသာမက အိမ်နီးချင်းနိုင်ငံမှ လူငယ်ပေါင်းများစွာကို ဒုက္ခတွေပေးနေသည်။ “ယာဘ” ဆိုသည်မှာ အဘယ်နည်း။

ယာဘကို အရူးဆေး သို့မဟုတ် နာဇီအရှိန်ဆေးဟု လူသိများသည်။ ထိုဆေးပြားထဲတွင် မူးယစ်စေနိုင်သည့် အစွမ်းသတ္တိပေါင်းစုံကို ပေါင်းစပ်ထားသည်။ အများဆုံးထည့်သွင်းထားသည့် ပစ္စည်းမှာ ကဖိန်း (Caffeine) ခေါ် လူကို နိုးကြားတက်ကြွစေသည့် ဓာတ်နှင့် မက်သမ်ဖက်တမင်း (Methamphetamine) ဓာတ်များဖြစ်သည်။ ထိုဆေးကို (Crystal Meth) ဟူ၍လည်း ခေါ်ကြသေးသည်။ 

ယာဘကို ဆေးပြားပုံစံဖြင့် ထုတ်သည်။ ဆေးပြားကို အနီရောင်ဖြင့်သာ အထုတ်များပြီး ဆေးပြားပေါ်တွင်လည်း WY စာလုံးနှစ်လုံးကို ပုံနှိပ်ထားသဖြင့် WY ဆေးပြားဟူ၍လည်း ခေါ်ကြသည်။ ထိုဆေးပြားကို အမှုန့်လုပ်ပြီး ဆေးလိပ်ထဲထည့်သောက်သည်။ ဆေးပြားအဖြစ် မျိုချပြီး သုံးစွဲသလို အမှုန့်ပြုပြီး တိုက်ရိုက်နှာခေါင်းထဲ ရှိုက်သွင်း၍လည်း သုံးစွဲကြသည်။ ဆေးပြားများထဲတွင် အနံ့ပါထည့်သွင်းပေးထားပြီး များသောအားဖြင့် သစ်ခွအနံ့အရသာမျိုးကို ထည့်သွင်းပေးထားလေ့ရှိသည်။ သုံးစွဲသည့်အခါတွင် သင်းပျံ့သည့် ရနံ့လေးတွေ မွှေးနေစေရန်ဖြစ်သည်။

ဆေးပြားထဲတွင် ကဖိန်းနှင့် မက်သမ်ဖက်တမင်း ထည့်သွင်းပေးထားမှုနှုန်း အမျိုးမျိုးရှိသည်။ သို့သော် အပြင်းထန်ဆုံး ယာဘနှုန်းက ၂၀ ရာခိုင်နှုန်း ထည့်သွင်းပေးထားသည့်ဆေးပြားများဖြစ်သည်။ အိုက်စ် (Ice) ဟု ခေါ်သည့် အကြည်ရောင် ဆေးတစ်မျိုးလည်း ရှိသေးသည်။ အိုက်စ်ကို မက်သမ်ဖက်တမင်း တစ်မျိုးတည်းနှင့် ထုတ်လုပ်ထားသည်။ 

မက်သမ်ဖက်တမင်းသည် ထိုင်းနိုင်ငံသို့ မရောက်လာမီကတည်းက အသုံးပြုနေကြသည့် ဆေးဝါးတစ်မျိုး ဖြစ်သည်။ ဒုတိယကမ္ဘာစစ်အတွင်းက စစ်သားများကို မအိပ်ချင်အောင်နှင့် စိတ်ဓာတ်များ လန်းဆန်းစေရန် တိုက်ကျွေးသည့် ဆေးများဖြစ်သည်။ နောက်ပိုင်းချောင်းဆိုးပျောက်ဆေးများတွင် ထည့်သွင်း၍လည်း အသုံးပြု လာကြသဖြင့် ချောင်းဆိုးပျောက်ဆေးကို မူးယစ်ဆေးအသွင် သောက်သုံးလာမှုများပင် ရှိခဲ့သည်။ ယာဘဆေးသည် သောက်လိုက်လျှင်လန်းဆေးတက် ကြွလာသည့်အပြင် ဝိတ်ချရာတွင် အသုံးဝင်သဖြင့် နာမည်ကျော် သရုပ်ဆောင်ဆယ်လီဖြစ်လာသူများသည် မအိပ်မနေအလုပ်လုပ်ရာမှ ပင်ပန်းသည့်ဒဏ် ခံနိုင်ရန်နှင့် ဝိတ်ချချင်သည့်စိတ်များကြောင့် သုံးစွဲနေကြခြင်းဖြစ်သည်ဟူ၍လည်း ယူဆကြသည်။ 

ယာဘဆေးကို မူးယစ်ဆေးစာရင်းထဲထည့် ကာ မဖြစ်မနေ ဖမ်းဆီးအရေးယူအပြစ်ပေးမှုများကို လုပ်နေသည့်ကြားကပင် သုံးစွဲနေမှုများ ရှိနေဆဲဖြစ်သည်။ ထိုင်းနိုင်ငံတွင် ယာဘဆေးကို သုံးစွဲသူများအား ထောင်ဒဏ် နှစ် ၂၀ အပြစ်ပေးမည်ဟု ဥပဒေများ ထုတ်ပြန်ထားသည်။ ယာဘ ၂၀ ဂရမ်နှင့်အထက် လက်ဝယ်တွေ့ရှိသူကို တစ်သက်တစ်ကျွန်း သို့မဟုတ် သေဒဏ်အထိ အပြစ်ပေးမည်ဟူ၍လည်း ဥပဒေများ ထုတ်ပြန်ထားသည်။ ဥပဒေက မည်သို့ရှိသည်ဆိုစေ ယာဘအစရှိသော မူးယစ်ဆေးသုံးစွဲနေသူများကာ လျော့ကျသွားသည်မရှိ၊ တိုးတက်မြင့်မားနေသည်သာ ဖြစ်သည်။ 

ချင်းရိုင်မြို့လေးသည် ထိုင်းနိုင်ငံမြောက်ပိုင်းတွင် အလွန်အေးချမ်းသည့် မြို့လေးတစ်မြို့ဖြစ်သော်လည်း ယခုအခါ မူးယစ်ဆေးဝါးကိစ္စများတွင် နာမည်ကျော်လာသည်။ မယ်ချန်မြို့တွင်လည်း မူးယစ်ဆေးရောင်းဝယ်မှုတွေရှိသည်။ ထိုမြို့များတွင် ရဲတွေက ယာဘဆေးပြားပေါင်း သန်းချီပြီး ဖမ်းမိခဲ့သည်။ မလေးရှားဘက်ကို ထုတ်ရန်အတွက် ထိုမြို့များတွင် စခန်းတစ်ထောက်ချကြကြောင်း ယုံကြည်ကြသည်။ ထောင်ဒဏ်တစ်သက်နှင့် သေဒဏ်တွေ ချနေသည့်ကြားက ၂၀၁၇ ခုနှစ်က ဘန်ကောက်တွင် ယာဘဆေးပြားပေါင်း တစ်သိန်းကျော် ဖမ်းဆီးရမိလိုက်သည်။ 

ယာဘကိုမြစ်ဖျားခံလိုက်ရာတွင် ထိုင်းနိုင်ငံနှင့် မြန်မာ တရုတ်နယ်ခြားနေရာတွေက ထွက်နေသည်ဟုဆိုသည်။ ထိုင်းနိုင်ငံနှင့် လာအိုနယ်စပ်တွေကလည်း စောင့်ကြည့်နေသည့်ကြားက နယ်စပ်ဒေသများတွင် ယာဘထုတ်လုပ်သည့် စက်ရုံပေါင်း ၄၅ ရုံခန့်ရှိနိုင်သည်ဟုဆိုကြသည်။ 

ထိုင်း၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နယ်စပ်များတွင် နယ်ခြားဖြတ်ကျော် ခိုလှုံနေထိုင်သူတွေက မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုများတွင် တစ်နည်းနည်းနှင့် ပါဝင်ပတ်သက်နေသူများ ဖြစ်နေတတ်ပြီး နှိမ်နင်းရခက်သည့် ပြဿနာတစ်ခုအဖြစ် ယနေ့တိုင်ဖြစ်နေသေးသည်။ 

မစ္စတာ X ဟုလူသိများသည့် (Xaysana Keopimpha) လာအိုနိုင်ငံသားတစ်ယောက်ကို ထိုင်းနိုင်ငံ တရားရုံးက မကြာသေးမီကပင် သေဒဏ်စီရင်ချက်ချလိုက်သည်။ သူသည် ဆယ်လီတွေနှင့် အဆက်အသွယ်များပြီး ယာဘတွေကို ဖြန့်ချိပေးနေသူအဖြစ် နာမည်ကျော်သည်။ သူက နယ်စပ်ဒေသများမှ ယာဘနှင့် အိုက်စ်တွေကို လာအိုနိုင်ငံအတွင်း နည်းမျိုးစုံနှင့်သွင်းပြီး လာအိုကတစ်ဆင့် ထိုင်းနိုင်ငံထဲသို့ ဖြန့်ဖြူးနေသူဖြစ်သည်။ သူ့ကိုဖမ်းဆီးမိရာမှ သူ့ကွန်ရက်ကြီးကို ဖော်ထုတ်မိခြင်းဖြစ်သည်။ သူက နိုင်ငံတကာနှင့်လည်း အဆက်အသွယ်တွေရှိနေသူဖြစ်သည်။ 

မူးယစ်ဆေးနှင့် ဆယ်လီပြဿနာ နိုင်ငံတကာကလည်း သတိထားစရာဖြစ်သည်။ အစိုးရများအနေနှင့် အဆိပ်ပင်တစ်ပင်ကို သတ်လိုလျှင် ကိုင်းဖျားကိုင်းနားများကို ခုတ်မည်လော၊ အမြစ်က တူးထုတ်မည်လော စဉ်းစားစရာဖြစ်သည်။ သုံးစွဲနေသူများကို လိုက်ဖမ်းပြီး ရောင်းချသိုလှောင်ထားသူများ လွတ်နေသည့် တရားဥပဒေ စိုးမိုးရေးကလည်း အားလုံးကို ရယ်စရာဖြစ်စေသည်။

(Ref: Daily Sun, The Star, The Culture Trip, The Nation)