News

POST TYPE

ARTICLE

စိုပြေနှင့် ဒေါ်လာရောင်းဝယ်ရေး
18-Aug-2018

အမေရိကန်ဒေါ်လာ တစ်ဒေါ်လာကို ၁၀၀ ကျပ်နဲ့ရောင်းမယ်ဆိုရင် စိတ်ဝင်စားလား။ တကယ်ရောင်းပေးမှာပါ။ စိုပြေကိုယ်တိုင် ရောင်းမှာပါ။ အကန့်အသတ်မရှိကို ရောင်းပေးမှာ။ အခုက တစ်ဒေါ်လာကို ၁၅၀၀ ကျပ်ဝန်းကျင်ဖြစ်နေတာ။ အဲ့တော့ စိုပြေ့ဆီက တစ်ဒေါ်လာကို ၁၀၀ ကျပ်နဲ့ဝယ်။ နေရင်း ထိုင်ရင်း ... ၁၄၀၀ လောက် မြတ်နေပြီ။

စိုပြေက မတရားချမ်းသာနေလို့ အဲ့လို ရောင်းပေးတာမဟုတ်။ ဆင်းရဲတဲ့ မြန်မာပြည်ကြီးကို ကူညီချင်လို့။ ရှင်အဇ္ဇဂေါဏတို့၊ ဘိုးဘိုးအောင်တို့လိုမျိုး ပြည်သူတွေကို ကယ်တင်ချင်တာ။ သိတဲ့အတိုင်း မြန်မာပြည်လည်း အဲ့လို ကယ်တင်ရှင်မျိုးရမှပဲ တိုးတက်မှာ။ ဒီအတိုင်းကတော့ အိမ်နီးချင်းတွေကို မီမှာမဟုတ်။

တကယ်တော့ ဒေါ်လာဈေးတွေ တက်တာကို စိုပြေပျော်တယ်။ တော်တော်လေးကို ပျော်တာပါ။ ဘယ်လိုပျော်မှန်းမသိ။ သူများတွေတော့ စိတ်ညစ်ကြတယ် ပြောတာပဲ။ စိုပြေကတော့ စိတ်မညစ်ပါဘူး။ စိုပြေ့ရောင်းမယ့် ဒေါ်လာလေးကို ထုတ်ကြည့်လိုက်။ အင်တာနက်က ဒေါ်လာပေါက်ဈေးကို ကြည့်လိုက်။ ပြီးတော့ ပီတိတွေဖြစ် ...။ ထမင်းတောင် မဆာတော့ဘူး။

အခုရက်ပိုင်းကတော့ တကယ်ကို သမိုင်းဝင်ပါပဲ။ တစ်ခါမှ ဒေါ်လာဈေး အဲ့လောက်မတက်ဖူးဘူး။ တစ်ဒေါ်လာကို ကျပ်တစ်ထောင့်ငါးရာကျော်သွားတာ။ ဘယ်လောက် ပျော်စရာကောင်းလိုက်သလဲ ...။

ဒေါ်လာစားတွေဆိုရင်တော့ တော်တော်လေး ပျော်မှာ ...။ ကျပ်စားတွေကတော့ ဘယ်ပျော်နိုင်မလဲနော် ...။ စိုပြေကတော့ ကျပ်ငွေလည်းမစား။ ဒေါ်လာလည်း မစားဘဲကို ပျော်နေတာ။

ပျော်ဆို စိုပြေက အစိုးရကိုလည်း သိပ်ကြည့်ရတာမဟုတ်ဘူး။ ဒီတော့ ဒေါ်လာဈေးတက်ပြီး စီးပွားရေးတွေ ကမောက်ကမဖြစ်။ ကုန်ဈေးနှုန်းတွေ တက်။ ပြည်သူက အစိုးရကိုဆဲ။ အဲ့တော့ စိုပြေကလည်း အစိုးရကိုလိုက်ဆဲ ...။ အဲ... ဆဲတာတော့ မဟုတ်ဘူးပေါ့လေ ...။ ဝေဖန်တာပေါ့ ...။ မြန်မာပြည်မှာကလည်း သိတဲ့အတိုင်း ကိုယ့်ကိုဝေဖန်ရင် ဆဲတယ်လို့ ထင်ကြတာမဟုတ်လား ...။

တစ်ယောက်တည်း ချွန်ထွက်ပြီး ဆဲနေပြန်ရင်လည်း မကောင်းဘူး။ ဒီအစိုးရ စတက်လာကတည်းက သူတို့ကို ဆဲတဲ့လူတွေကို ဖမ်းလိုက်တာ ...။ ခဏခဏပဲ။ အခုတောင် မကွေးမှာ အစိုးရကို ဆဲတဲ့လူတွေကို တရားစွဲဖို့ စာတောင်ထုတ်သတဲ့။ သူတို့ အဲ့လို အဖမ်းခံရတာက တစ်ယောက်တည်း ဆဲနေလို့။

လူတွေ အများကြီးစုပြီး ဆဲကြည့်ပါလား ...။ အစိုးရ ဘယ်ဖမ်းရဲမလဲ ...။ ဒေါ်လာဈေးတက်ပြီး ကုန်ဈေးနှုန်းတွေ တက်ချိန်မှာ ပြည်သူက အစိုးရကိုဆဲတယ်။ အဲ့တော့ စိုပြေလည်း လိုက်ဆဲလို့ရတာပေါ့။ တစ်နည်းအားဖြင့် ဝေဖန်တာပေါ့လေ။

တကယ်ဆို ဒေါ်လာဈေးကို ၁၅၀၀ လောက်နဲ့ ရပ်တန့်မနေချင်ဘူး။ တစ်ဒေါ်လာကို ၂၀၀၀ လောက် ဖြစ်သွားရင် ပိုတောင်ကောင်းသေးတယ်။ မှတ်ရ၊ တွက်ရလည်း လွယ်တယ်လေ။ မြန်မာငွေလည်း များများရတာပေါ့။

ဒေါ်လာဈေးတက်တဲ့ကြားကပဲ ဗဟိုဘဏ်ကလည်း ဈေးနှုန်းကို မသတ်မှတ်တော့ဘူး။ ဈေးကွက်ကို အရှင်လုပ်ပေးလိုက်တယ်။ သူလည်း စိတ်ညစ်ပုံရတယ်။ သူသတ်မှတ်လည်း တက်ချင်သလို တက်နေတာပဲဟာကိုး။

အဲ့တော့ ပျော်စရာကြီးပေါ့။ တက်ချင်သလို တက်။ ကျချင်သလိုကျ။ အဝယ်များရင် ဈေးတက်။ အဝယ်နည်းရင် ဈေးကျ။ ဈေးကွက်စီးပွားရေး သဘောတရားအတိုင်းပေါ့။ ဗဟိုဘဏ်ကို နားပူစရာမလိုတော့ဘူး။

တစ်ခါတလေတော့ စဉ်းစားမိတယ်။ ဒေါ်လာ ဈေးမတည်မငြိမ်ဖြစ်လို့ စီးပွားရေးတွေ မကောင်းဘူးဆိုရင် ...။ အစိုးရက ဒေါ်လာတွေကို ဘာလို့လက်ခံနေတုံး ...။ ဒီလောက် ဒုက္ခပေးတဲ့ ဒေါ်လာတွေကို မီးပုံရှို့ပစ်လိုက်ပေါ့။ အဲ ... ဒါပေမဲ့ ... နားလည်သူတွေက ပြောကြတဲ့ အဲ့လိုလုပ်လို့ မဖြစ်ဘူးတဲ့။ တိုင်းပြည်ကလိုသမျှကို ဒေါ်လာနဲ့ ဝယ်နေရတာတဲ့ ...။

ဒေါ်လာက အရေးကြီးတယ်ဆိုရင်လည်း ကျပ်ငွေကို ဘာလို့ ထုတ်နေတော့မလဲ ...။ ကျပ်ငွေထုတ်က တန်ဖိုးလည်း နည်းသေး။ ပြီးတော့ စက္ကူဈေးတွေ၊ မင်ဈေးတွေကလည်း ကြီးတယ်ဆိုလားပဲ။ အဲ့တော့ ကျပ်ငွေ မထုတ်ဘဲ ဒေါ်လာပဲထုတ်ပေါ့။ အဲ့ဒါလည်း မဖြစ်ပြန်ဘူးတဲ့ ...။ ဒေါ်လာက အမေရိကန်ပိုက်ဆံတဲ့ ...။ သူ့ပိုက်ဆံကို ကိုယ်နိုင်ငံက ထုတ်လို့မရဘူးတဲ့။ အို ... ဘာလို့မရမှာတုံး ...။ ကိုယ်လည်း အစိုးရပဲ ...။ ဒေါ်လာကို နမူနာယူ၊ လိုတဲ့ပစ္စည်းတွေဝယ်။ ပြီးရင် ထုတ်လိုက်ပေါ့။ နိုင်ငံခြားက ပစ္စည်းတွေဝယ်ရင် ကိုယ်ထုတ်ထားတဲ့ ဒေါ်လာလေးနဲ့ဝယ်ပေါ့။ မရဘူးတဲ့၊ အတုထုတ်နေတယ်ဆိုပြီး စစ်တွေ ဖြစ်ကုန်မှာတဲ့ ...။

အဲ့ဒါဆို ဘာပိုက်ဆံမှ ထုတ်မနေနဲ့တော့လေ။ ပိုက်ဆံထုတ်တာ ပိုက်ဆံတောင် ကုန်သေးတယ်။ သူများ နိုင်ငံကပိုက်ဆံတွေပဲ သုံးကြရင် မကောင်းဘူးလား ...။ ဒေါ်လာဆိုလည်း ဒေါ်လာပေါ့။ လူတိုင်း အမေရိကန် ဒေါ်လာ သုံး။ ဒါဆို ဝါဇီကိုလည်း ပိတ်ပစ်လိုက်လို့ရပြီ။ အလုပ်လည်း မရှုပ်တော့ဘူး ...။ အဲ့ဒါလည်း မဖြစ်ပြန်ဘူးတဲ့ ...။ သူများတိုင်းပြည်က ပိုက်ဆံဆိုတော့ ကိုယ်လိုချင်တိုင်း မရဘူးတဲ့။ အခုက ကိုယ့်ပိုက်ဆံနဲ့ ကိုယ်ဆိုတော့ ဝန်ထမ်းလခတွေလိုရင် ပိုက်ဆံအသစ်လေးရိုက်ပြီး ပေးလိုက်ရုံ။ ပြည်တွင်း တင်ဒါတွေကိုလည်း ကိုယ့်ပိုက်ဆံ ကိုယ်ရိုက်ပြီး ပေးလိုက်ရုံပဲတဲ့။ အမေရိကန်ဒေါ်လာကိုသုံးရင် ငွေကို ကိုယ်ရိုက်ထုတ်ချင်တိုင်း ရိုက်ထုတ်လို့ ဘယ်ရတော့မလဲတဲ့။

ငွေရေးကြေးရေးက တော်တော်ရှုပ်တယ်ဆိုတာ တယ်မှန်တာပဲ။ အခုပဲကြည့် ... တော်တော်ကိုရှုပ်နေပြီ။ အဲ့ဒါကြောင့်ထင်တယ်။ ဥရောပနိုင်ငံအချို့က နောက်လေးငါးနှစ်ဆို ငွေစက္ကူ၊ အကြွေစေ့တွေ မသုံးတော့ဘူးတဲ့။ ဒစ်ဂျစ်တယ်ပိုက်ဆံပဲ သုံးတော့မယ်ဆိုလားပဲ။ မြန်မာပြည်လည်း သူတို့ထက်သာသွားအောင် အခုကတည်းက ငွေကြေးကိုဖျက်သိမ်းပြီး ဒစ်ဂျစ်တယ် ပိုက်ဆံပဲ လုပ်လိုက်ရင်ပိုကောင်းမယ်ထင်တယ်။ မှတ်တမ်းအသစ်လည်း ဝင်တာပေါ့။

အဲ့လို မလုပ်နိုင်ခင်စပ်ကြားတော့ ...။ တိုင်းပြည်ကိုလည်း ကယ်တင်ရာရောက်အောင် ...။ အစိုးရလည်း ထပ်ပြီး အဆဲမခံရအောင် ...။ စိုပြေ ဒေါ်လာတွေ ထုတ်ရောင်းလိုက်ဦးမယ်။ အစိုးရကိုချစ်လွန်းလို့တော့မှ မဟုတ်ပါဘူး။ ပြည်သူတွေကို ကယ်တင်ချင်လို့ ...။

အစိုးရကတော့ ဒေါ်လာတွေ သန်းနဲ့ချီပြီး ထုတ်ရောင်းပေမယ့် ဈေးက မကျဘူး။ သူကလည်း ပေါက်ဈေးအတိုင်း ရောင်းတာကိုး ...။ စိုပြေကတော့ အစိုးရလို ပေါက်ဈေးအတိုင်း မရောင်းပါဘူး။ စောစောကပြောထားသလို တစ်ဒေါ်လာကို ၁၀၀ ကျပ်တိတိနဲ့ပဲ ရောင်းမှာ ...။

ဒါပေမဲ့ ခဏတော့ စောင့်ဦး ...။ ဒေါ်လာပုံတွေကို အွန်လိုင်းကတော့ ဒေါင်းထားပြီးပြီ။ ပရင်တာလည်း မနေ့က သွားဝယ်လိုက်ပြီ။ စက္ကူကိုလည်း ၈၀ ဂရမ်တောင် ဝယ်ခဲ့တာ။ အခုတောင် စမ်းပြီးထုတ်နေပြီ။ ဒါပေမဲ့ ကတ်ကြေးကမကောင်းတော့... ဒေါ်လာတွေ ညှပ်ရတာ မညီဘူးဖြစ်နေတာပဲ။ ပုံနှိပ်တိုက်ကိုအပ်ပြီး တစ်ခါတည်း ထုတ်လို့ရပေမယ့် စိုပြေ သူတို့ကို မယုံဘူးလေ။ ကိုယ့်ဈေးကွက်ကို သူတို့ဦးသွားရင် ဘယ်လိုလုပ်မတုံး ...။

ရုံးဖွင့်ရက်မှ ဝန်ကြီးတွေ ဖဲကြိုးဖြတ်တဲ့ ကတ်ကြေးတွေ သွားငှားလိုက်ဦးမယ်။ သူတို့ ကတ်ကြေးတွေက ကောင်းတယ်လေ။ အဲ့တော့မှပဲ ညီညီညာညာ ညှပ်ထားတဲ့ အမေရိကန်ဒေါ်လာလေးတွေကို အားပေးကြပေါ့။

စိုပြေ