News

POST TYPE

ARTICLE

နီကရာဂွါ ကျောင်းသားတော်လှန်ရေး
18-Aug-2018



နီကရာဂွါ မြို့တော်မာနာဂွါရှိ အင်ဂျင်နီယာတက္ကသိုလ် (UNI) ကို ဧပြီ ၁၉ ရက်နေ့က ကျောင်းတက်ရန် ရောက်လာသည့် လိုင်းရစ် ဆိုလစ် ဂွန်ဇာလက် တစ်ယောက်ကျောင်းရောက်တော့ အတန်းတွေကို ပိတ်ထားမှန်းသိလိုက်ရသည်။ လိုင်းရစ်သည် အသက် ၁၉ နှစ်သာရှိသေးသည့် ဗိသုကာတန်းကို တက်နေသော ကျောင်းသူတစ်ဦးဖြစ်သည်။ သူက နိုင်ငံရေးကိုလည်း စိတ်ဝင်စားမှုမရှိ။ ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲတွင် စိတ်မဝင်စားသောကြောင့် မဲကိုပင် မထည့်ခဲ့သူ ဖြစ်သည်။ 

သူကျောင်းက မလာမီညကတော့ Facebook ပေါ်တွင် ကျောင်းသားတွေ ဆန္ဒပြနေသည့် ဗီဒီယိုများကို ကြည့်လိုက်ရသေးသည်။ သူလည်း ကျောင်းသားတစ်ယောက်ဖြစ်သည်။ သို့သော် ထိုကဲ့သို့သောဆန္ဒပြပွဲများတွင် ပါဝင်လိုစိတ် မရှိခဲ့ပေ။ ထိုနေ့က တက္ကသိုလ်ရှေ့တွင် ကျောင်းသားတွေစုဝေးနေကြသည်။ သူတို့ အော်ဟစ်နေကြသည်။ လက်ထဲတွင်လည်း ခဲတွေကို ကိုင်ထားကြသည်။ လိုင်းရစ်က အခြေအနေဆိုးဝါးသွားလိမ့်မည်ဟု လုံးဝထင်မထားခဲ့ပေ။ ထို့ကြောင့် သူက ကျောင်းပြင်ကို ပြေးထွက်ခဲ့သည်။ 

ကျောင်းပြင်ကိုရောက်သည့်အခါတွင် ဆန္ဒပြနေသည့် ကျောင်းသားတွေကို အထူးတပ်ဖွဲ့က ရော်ဘာကျည်ဆန်တွေနှင့် ပစ်ခတ်နှိမ်နင်းနေသည်ကို မျက်ဝါး ထင်ထင်တွေ့မြင်လိုက်ရသည်။ သူ့စိတ်ထဲတွင် ဝေဒနာတစ်မျိုး ဖြစ်သွားသည်။ ညက ဗီဒီယိုထဲတွင် ကြည့်ခဲ့ရသည့် ပုံစံအတိုင်း ဆန္ဒပြမြင်ကွင်းဖြစ်နေသော်လည်း ယခုတော့ ရော်ဘာကျည်ဆန်တွေကြားတွင် သူတို့ ကျောင်းသားတွေ ပြိုလဲနေရသည်ကို ခံပြင်းသွားသည်။ ထို့ကြောင့် လိုင်းရစ်စ်ယောက် ဆန္ဒပြပွဲတွင် ကိုယ်တိုင်ပါဝင်လှုပ်ရှားသည့် ဘဝကိုရောက်သွားခဲ့ရသည်။ 

ယခုတော့ လိုင်းရစ်တစ်ယောက် အခြားကျောင်းသားတွေလို ပုန်းအောင်းနေထိုင်ရသည့် ဘဝကို ရောက်နေပြီ။ ကျောင်းသားတွေကို ဖြိုခွင်းပြီးနောက် ရဲတပ်ဖွဲ့က လူဖမ်းပွဲကြီးကို လုပ်သည်။ ဆန္ဒပြပွဲတွင် ပါဝင်သူတွေကိုသာမက ဘေးမှကြည့်သူတွေကိုပါ မှတ်တမ်းဗီဒီယိုတွင် တွေ့သမျှ အားလုံးဖမ်းသည်။ ရိုက်နှက်ခြင်း သတ်ဖြတ်ခြင်းများအထိ လက်ရဲဇက်ရဲ ကျူးလွန်ခဲ့ကြသည်။ 

ဧပြီလ ၁၉ ရက်နေ့ကတည်းက ဖြစ်ပွားခဲ့သည့် ကျောင်းသားပုန်ကန်မှုပွဲအပြီးတွင် သေဆုံးခဲ့ရသူပေါင်း ၃၁၇ ဦး ရှိကြောင်း Inter-American Commission on Human Rights (IACHR) အဖွဲ့က ထုတ်ပြန်ထားသည်။ အစိုးရက ဧပြီ ၁၉ မှ ဇူလိုင် ၂၅ ရက်အတွင်း သေဆုံးသူပေါင်း ၁၉၇ ဦးရှိသည်ဟု ထုတ်ပြန်ခဲ့သည်။ ယင်းတို့အထဲတွင် ရဲတပ်ဖွဲ့ဝင်ပေါင်း ၂၂ ဦးပါသည်ဟု သိရသည်။ 

အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သည့် ကျောင်းသားများသည် အိမ်နီးချင်း ကော့စ်တာရီကာသို့ ထွက်ပြေးတိမ်းရှောင်သူတွေရှိသည်။ ထိုကျောင်းသားများသည် အာဏာရှင်အစိုးရ အာဏာရှင်သမ္မတဟူ၍ ဒယ်နီရယ် အော်တေးဂါးကို ဆန့်ကျင်ကြသူများဖြစ်သည်။ ရလဒ်မှာ ပြင်းထန်စွာ နှိပ်ကွပ်ခံလိုက်ရခြင်းဖြစ်သည်။ ထို့ကြောင့် သူတို့က အော်တေးဂါးကို အာဏာရှင်ဟု သုံးနှုန်းရခြင်းမှာ ပိုပြီး ခိုင်မာသွားခဲ့ရသည်။ 

သမ္မတ အော်တေးဂါးက ပင်စင်ဥပဒေကို ပြင်ဆင်ရန် အမိန့်ထုတ်သည်။ ထိုစဉ်ကတည်းက ကန့်ကွက်သံတွေ ပေါ်ထွက်လာသည်။ အစောပိုင်းက သူ့ကို ဆန္ဒပြသူများမှာ ၂၄ ဦးခန့်သာရှိသည်။ အများစု မှာ ကျောင်းသားများဖြစ်သည်။ အစိုးရကို ဆန့်ကျင်သူအများစုမှာ တက္ကသိုလ်ကျောင်းသားများဖြစ်ပြီး မျိုးဆက်သစ်တော်လှန်ရေးသမားများအဖြစ် စတင်ခဲ့ခြင်းဖြစ်သည်။ အာဏာရှင်လက်အောက်တွင် ဒီမိုကရေစီဆိတ်သုဉ်းခဲ့သည်မှာကြာပြီ။ သူတို့က ဒီမိုကရေစီဆိုသည့် အသံများကို နားစွင့်ခဲ့ကြသည်။ လူ့အခွင့်အရေးနှင့် နိုင်ငံသူနိုင်ငံသားအခွင့်အရေးတွေကို တောင်းဆိုရမှန်း သိလာကြသည်။ 

အာဏာရှင်အစိုးရက ပထမဆုံး ဆန္ဒပြသည့် ကျောင်းသားများသည် ထိုင်သပိတ်လောက်နှင့် စတင်ခဲ့ခြင်းဖြစ်သည်။ Polytechnic University (Upoli) နှင့် National Autonomous University of Nicaragua (UNAN) တက္ကသိုလ်ကျောင်းများရှေ့တွင် ကျောင်းသားများသည် အတားအဆီးများ ပြုလုပ်ကာ ဆန္ဒပြခြင်းများကို လုပ်ဆောင်ခဲ့ကြသည်။

ဇူလိုင်လတွင် ရဲတပ်ဖွဲ့က အစိုးရကိုထောက်ခံသည့် လက်နက်ကိုင်တပ်များသည် UNAN ကျောင်းဝင်းကို ကျောင်းသားများ ပိတ်ဆို့ထားခြင်းများအား ဖယ်ရှားပြီး တက္ကသိုလ်ကို ပြန်လည်သိမ်းပိုက်ခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ ကျောင်းသား ၂၀၀ ခန့်သည် နီးစပ်ရာ ဘုရားကျောင်းထဲကို ဝင်ပြေးပြီး ခိုလှုံကြသည်။ ဘုရားကျောင်းအတွင်း ပိတ်မိနေသည့် ကျောင်းသားများကို ညအချိန်တွင် ဖြိုခွင်းသည်။ အစိုးရထုတ်ပြန်ချက်တွင် နှစ်ဦးသေဆုံး၊ ၁၀ ဦး ဒဏ်ရာရဟု ဖော်ပြထားသည်။ 

မှတ်တမ်း ဗီဒီယိုများ ဆိုရှယ်မီဒီယာပေါ်ကို တက်လာသည်။ လက်နက်ကိုင်များကို ကျောင်းသားတွေက တောင်းပန်နေသည့်ကြားမှ သေနတ်သံတွေ ထွက်ပေါ်လာသည်။ နောက်ပိုင်းတွင် ကက်သလစ် ကျောင်းတော်မှ ဆရာတော်များ ဝင်ရောက်ညှိနှိုင်းပေးသဖြင့် လွတ်မြောက်သွားသူများလည်းရှိသည်။ လွတ်မြောက်လာသူများ၏ ပြောကြားချက်အရ သူတို့ကို သူခိုးတွေ၊ အကြမ်းဖက်သမားတွေပုံစံဖြင့် ရက်စက်စွာ ဆက်ဆံခဲ့ကြကြောင်း သိရသည်။

လိုင်းရစ်တစ်ယောက်လည်း သူ့တက္ကသိုလ်ရှေ့၌ အဖမ်းခံရသူများထဲတွင် ပါသွားသည်။ သို့သော် သူက ထောင်ထဲတွင် ခေတ္တသာနေခဲ့ရသည်။ မေလ ၂၈ ရက်နေ့က သူတို့တက်နေသည့်ကျောင်းမှ အာဏာပိုင်များကလည်း သူတို့ကို ပေါ်ပင်ဆန္ဒပြသူများအဖြစ် လျစ်လျူရှုခဲ့ကြသည်။ သူတို့ဆန္ဒပြနေသည့် နေရာကို ရဲတစ်ယောက်နှင့် စစ်တပ်က အသွင်ပြောင်းထားသော နှိမ်နင်းရေးအဖွဲ့ဝင်များ ရောက်လာပြီး ပစ်ခတ်နှိမ်နင်းမှုများကို စတင်ခဲ့သည်။ သူတို့လည်း ဘေးကင်းရာကို ထွက်ပြေးသူပြေး၊ အဖမ်းခံသူ ခံရဖြစ်ကုန်ကြသည်။ ကျည်အစစ်ကြောင့် ပစ်လဲကျသွားသူတွေ ရှိသလို၊ ရော်ဘာကျည် ခေါင်းထိပြီး လဲကျသွားသူတွေလည်း ရှိသည်။ 

တက္ကသိုလ်ကျောင်းရှေ့ တိုက်ခိုက်မှုတွင် တစ်ဦးသေပြီး ၄၁ ဦး ဒဏ်ရာရခဲ့ကြောင်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ထုတ်ပြန်ကြေညာခဲ့သည်။ ဒဏ်ရာရသူအများစုမှာ သေနတ်ကျည်ဒဏ်ရာတွေဖြစ်သည်။ တိုက်ခိုက်ပစ်ခတ်မှုကို ကျူးလွန်သူများမှာ စစ်တပ်ဖြစ်ပြီး နောက်ပိုင်းမှ ရဲတပ်ဖွဲ့ကဝင်လာခဲ့ခြင်းဖြစ်သည်။ 

အစိုးရအဖွဲ့က သတင်းစာရှင်းလင်းပွဲလုပ်သည်။ ကျောင်းသားများက အကြမ်းဖက်တုံ့ပြန်ခြင်းကြောင့် ပစ်ခတ်ရသည်ဟု ရှင်းလင်းသည်။ ကျောင်းသားတွေကို လိုက်ဖမ်းသည်။ ပုန်းအောင်းနေထိုင်ခဲ့ကြရသည်။ အော်တေးဂါး ကိုယ်တိုင်က ကျောင်းသားတွေကို အမေရိကန်ပြည်ထာင်စုနှင့် အတိုက်အခံပါတီများ၏ သွေးထိုးမြှောက်ပေးမှုကြောင့် လုပ်ဆောင်ကြသည်ဟု စွပ်စွဲသည်။ 

မေလတွင် ပြုလုပ်သည့် နိုင်ငံရေးဆွေးနွေးပွဲတစ်ခုတွင် အော်တေးဂါးက တက္ကသိုလ်များမှ ကျောင်းသားများသည် ရဲတပ်ဖွဲ့အပေါ် ရာဇဝတ်မှုများ ကျူးလွန်ခဲ့ကြောင်း ပြောကြားလိုက်သည်။ သူက ရဲစခန်းများကိုပင် ကျောင်းသားတွေက ဝိုင်းပြီး သေနတ်များနှင့် ပစ်ခတ်ခဲ့ကြသည်ဟုဆိုသည်။ IACHR ကလည်း ရဲတပ်ဖွဲ့ဝင်ပေါင်း ၂၁ ဦး သေဆုံးခဲ့ကြောင်း အတည်ပြုသည်။ 

နီကရာဂွါတွင် လူငယ်အများစုသည် အသက် ၇၂ နှစ်အရွယ်ရှိလာပြီဖြစ်သော အော်တေးဂါးကို ထောက်ခံရင်း ကြီးပြင်းလာခဲ့ရသူများဖြစ်သည်။ အော်တေးဂါးသည် ၁၉၇၉ ခုနှစ်ကတည်းက ဆန်ဒီနစ္စ တာစစ်တပ်တွင် ဗိုလ်ချုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်သည်။ ထိုစဉ်က အာဏာရှင် အန်နက်စ်တာဆီရို ဆိုမိုဇာအား ဖြုတ်ချပြီး အော်တေးဂါးသည် အာဏာသိမ်းခဲ့သူဖြစ်သည်။ သူ၏ အာဏာသိမ်းပွဲကို နီကရာဂွါတော်လှန်ရေးအဖြစ် သတ်မှတ်ခဲ့ကြသည်။ 

အော်တေးဂါးသည် နီကရာဂွါနိုင်ငံကို ထိန်းချုပ်ထားပြီး စစ်တပ်အစိုးရအနေနှင့် ရပ်တည်နိုင်အောင် လုပ်ရင်းက ၁၉၈၄ ခုနှစ်တွင် အရွေးကောက်ခံသမ္မတအဖြစ် ကြေညာခဲ့သည်။ သူက ဆိုဗီယက်ယူနီယံနှင့် မဟာမိတ်ဖြစ်သောကြောင့် တိုင်းပြည်ကို မာ့စ်ဝါဒအတိုင်း ချီတက်မည်ဖြစ်ကြောင်း ကြွားလုံးထုတ်ခဲ့ဖူးသည်။ ၁၉၈၀ ခန့်က နီကရာဂွါတွင် ဆန်ဒီနစ္စတာ အစိုးရသည် အမေရိကန် ကျောထောက်နောက်ခံပေးထားသည့် ကွန်ထရာ သူပုန်များကို တိုက်ခိုက်ခဲ့သည်။ ပြည်တွင်းစစ်မီးတွင် လူပေါင်း ၅၀၀၀၀ ခန့် သေဆုံးခဲ့ကြရသည်။ 

၁၉၉၀ ပြည့်နှစ်တွင် အော်တေးဂါးသည် ရွေးကောက်ပွဲရှုံးသဖြင့် အာဏာကို ပြန်လည်လွှဲအပ်ခဲ့ရသည်။ သို့သော် ၂၀၀၆ ခုနှစ်တွင် နိုင်ငံရေးလောကကို သူပြန်ရောက်လာပြန်သည်။ ၂၀၁၁ ခုနှစ်တွင် ပြန်လည် ရွေးကောက်တင်မြှောက်ခံရပြန်သည်။ ၂၀၁၆ ခုနှစ် တွင်လည်း သူသာ သမ္မတအဖြစ် ပြန်လည် ရွေးကောက်ခံခဲ့ရသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း တတိယ သမ္မတသက်တမ်း ပြန်လည်ရွေးကောက်ခံရန် ပြင်ဆင်ခဲ့သည်။

ကျောင်းသားများအပေါ် တရားမဲ့နှိမ်နင်းလိုက်ခြင်းက အော်တေးဂါးအပေါ် ပြည်သူတွေ ပေါက်ကွဲစရာ ဖြစ်လာရသည်။ ထို့ကြောင့်လည်း ဆန္ဒပြပွဲတွေက အတောမသတ်ဖြစ်လာခဲ့သည်။ ပြည်သူတွေက “အာဏာရှင်စနစ် တော်လောက်ပြီ” ဟု သံပြိုင်ထွက်လာကြသည်။ 

အော်တေးဂါး၏ တိုင်းပြည်အာဏာကို ချုပ်ကိုင် ထားမှုမှာ နှစ်ပေါင်းကြာခဲ့ပြီ။ အစိုးရ၏ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ မူဝါဒများကို ကျောင်းသားတွေက ကန့်ကွက်ခြင်းအပေါ် အကြမ်းဖက်တုံ့ပြန်မှုနှင့် ပတ်သက်ပြီး “ပြည်သူ့အုံကြွမှု” ဟု ခေါင်းစဉ်တပ်လာကြသည်။ ပြည်သူထဲက ပေါက်ဖွားလာသည့် ကျောင်းသားများ၏ အာဏာရှင် ဆန့်ကျင်ရေးသည် ပြည်သူ့ ဆန့်ကျင်ရေးပင် မဟုတ်ပါလား။

ကျောင်းသားတွေ တိုက်ပွဲဝင်လာခြင်းသည် မျိုးဆက်သစ်တို့ နိုးထလာခြင်းဖြစ်သည်။ ယခင် တော်လှန်ရေးပြီးဆုံးခဲ့သည့်နောက် နှစ်ပေါင်း ၄၀ ကြာမှ တော်လှန်ရေးအလံကို တစ်ဖန်ပြန်လည် လွှင့်ထူနိုင်ခဲ့ကြသည်။ ယခင်တော်လှန်ရေးက အာဏာရှင်ကို စစ်တပ်ကတော်လှန်ပြီး အာဏာပြန်သိမ်းသည့် အာဏာတော်လှန်ရေး ဖြစ်သည်။ ယခုတော်လှန်ရေးက အာဏာရှင်လက်ထဲက အာဏာကို ဒီမိုကရေစီအလံ လွှင့်ထူကာ ကျောင်းသားများ တိုက်ပွဲဝင်နေသည့် ဒီမိုကရေစီတော်လှန်ရေးဖြစ်လာသည်။ လွတ်လပ်စွာ စုဝေးခွင့်၊ ပြောဆိုခွင့်များကို တောင်းဆိုကြသည်။ 

တော်လှန်ရေးဆိုသည်မှာ လက်နက်မပါဘဲ အောင်မြင်ရန်ခဲယဉ်းသည်။ အော်တေးဂါးကိုယ်တိုင် လက်နက်ဖြင့် တော်လှန်ခဲ့သူဖြစ်သည်။ သူက ယနေ့တိုင် လက်နက်ကိုင်ပြီး ကျောင်းသားတွေကို ရင်ဆိုင်မည်ဆိုလျှင် စစ်ပွဲဆီသို့ ပြန်လည်ဦးတည်သွားနိုင်သည်။ စစ်ဖြစ်လျှင် ပြည်သူတွေအများကြီး သေဆုံးကုန်နိုင်သည်။ ဖိနှိပ်သတ်ဖြတ်မှုများကို မခံရပ်နိုင်လျှင် ကျောင်းသားတွေ သူပုန်ဖြစ်ကောင်း ဖြစ်နိုင်သည်။ ၁၉၈၀ ပြည့်နှစ်ခန့်က သေဆုံးခဲ့ရသည့် တော်လှန်ရေး တိုက်ပွဲတွေအကြောင်း ပြည်သူတွေ မမေ့နိုင်သေးပေ။

လက်နက်မဲ့ကျောင်းသားများသည် ငြိမ်းချမ်းစွာဖြင့် သူတို့ဆန္ဒကို ထုတ်ဖော်ကြခြင်းဖြစ်သည်။ မခံရပ်နိုင်အောင် ကျည်ဆန်တွေဖြင့် တုံ့ပြန်သည့် အခါတွင် ခဲတွေ၊ ပုလင်းတွေနှင့် ပြန်လည်ရင်ဆိုင်ကြသည်။ ယင်းကို ခုခံသည်ဟု ဆိုသည်။ ထို့ပြင် ကျောင်းသားတွေက လက်နက်တွေ ကိုင်ဆောင်လာကြသည်ဟုလည်း သတင်းမီဒီယာများတွင် ရေးသားခဲ့ကြသည်။ 

နီကရာဂွါတွင် ကျောင်းသားနှင့် အစိုးရကြား တင်းမာမှုများ ဖြစ်ပွားနေသည်။ ဖမ်းဆီးထားသည့် ကျောင်းသားများကို လွှတ်ပေးရေးနှင့် အပြစ်ရှိကြောင်းမှန်လျှင် တရားဥပဒေအရ အရေးယူအပြစ်ပေးရေးတို့ကို တောင်းဆိုနေကြသည်။ 

AP သတင်း၏ ထုတ်ပြန်ချက်တွင် ယနေ့အထိ နီကရာဂွါ၌ စတင်ဆန္ဒပြစဉ်ကတည်းက ဖမ်းဆီးထားသူပေါင်း ၂၀၀၀ ကျော်ရှိသည်ဟု ဆိုသည်။ ကျောင်းသားတွေက -

“ဒါတော်လှန်ရေးပါ။ အားလုံးကို သူ့နေရာနဲ့သူ ပြန်ရောက်အောင် ကျွန်တော်တို့ လုပ်နေကြတာပါ”ဟုဆိုသည်။ 

သူတို့နိုင်ငံတွင် လူမှန်နေရာမှန်မဖြစ်ခဲ့သည်ကို ကျောင်းသားတွေက လူမှန်နေရာမှန်ဖြစ်အောင် ပြန်ပို့ပေးနိုင်မည်လား စောင့်ကြည့်ကြရပေလိမ့်မည်။

(Ref: Business Insider, AP, Reuters)