News

POST TYPE

ARTICLE

ဘင်္ဂါလီတွေရဲ့ အနာဂတ် ဘယ်လို အဖြေရှာမလဲ
18-Aug-2018



ဇေဝင်းနောင် ဘာသာပြန်ဆိုသည်

(ဘင်္ဂါလီအရေး၊ နိုင်ငံတကာမီဒီယာများအခေါ် ရိုဟင်ဂျာအရေးသည် နိုင်ငံတကာမီဒီယာများတွင် နေရာယူထားဆဲဖြစ်သလို နိုင်ငံတကာ သံတမန်ရေးနယ်ပယ်တွင် မြန်မာအစိုးရနှင့် တပ်မတော်ကို အပြစ်ဖို့စရာ အဓိကအကြောင်းအရာအဖြစ် ဆက်ရှိနေသော်လည်း ထို့ထက်ပိုလွန်ပြီး လက်တွေ့ကျသည့် ဖြေရှင်းနည်းများ ပေါ်ထွက်လာစေရန် အားထုတ်မှု၊ ပံ့ပိုးမှုအသာထား၍ စဉ်းစားတွေးခေါ်ပေးမှုပင်လျှင် အလွန်ရှားပါးပါသည်။ Economist မဂ္ဂဇင်း ဝက်ဘ်ဆိုက်ရှိ Open Future ကဏ္ဍတွင် ဖော်ပြထားသော ယခုဆောင်းပါးမှာ နိုင်ငံတကာမီဒီယာအားလုံးနီးပါး လက်ခံဖော်ပြနေသည့် အချက်အလက်များကို အခြေခံ၍သာ ရေးသားထားခြင်းဖြစ်သော်လည်း ဖြစ်နိုင်ခြေရှိသော လက်တွေ့ကျသည့် ဖြေရှင်းနည်းအချို့ကို စဉ်းစားကြည့်ပေးထားသည်ကို တွေ့နိုင်မည်ဖြစ်ပါသည်။ ဖွင့်ထားသောစိတ်ဖြင့် လေ့လာဆင်ခြင်ကြည့်နိုင်ရန် ပြန်ဆိုဖော်ပြခြင်းဖြစ်ပါသည်။ ရိုဟင်ဂျာဆိုသော အသုံးအနှုန်းများကို ဘင်္ဂါလီဟု ပြောင်းလဲပြန်ဆိုထားပါသည်)

ကမ္ဘာပေါ်တွင်အကြီးမားဆုံး နိုင်ငံမဲ့ အုပ်စုဖြစ်သော ဘင်္ဂါလီများ ရင်ဆိုင်နေရသည့် အကျပ်အတည်းအတွက် ကောင်းမွန်သော ဖြေရှင်းနည်းဟူ၍ မရှိသေးပါ။

မြန်မာ့တပ်မတော်က ဘင်္ဂါလီများကို ရခိုင်ပြည်နယ်ရှိ ၎င်းတို့ကျေးရွာများမှ မောင်းထုတ်ခဲ့သည်မှာ တစ်နှစ်နီးပါးရှိလာပြီဖြစ်ပြီး ယင်းကိစ္စကို ကုလသမဂ္ဂက “လူမျိုးရေးရှင်းလင်းမှု စံနမူနာပုံစံ”ဟု သုံးနှုန်းခဲ့ပါသည်။ အချို့ကတော့ လူမျိုးသုဉ်း သတ်ဖြတ်မှုဟုပင် ခေါ်ဝေါ်ကြပါသည်။ အားလုံးပေါင်း ဘင်္ဂါလီ ၇ သိန်းခန့် နယ်စပ်ကို ဖြတ်ကျော်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းသို့ ထွက်ပြေးသွားခဲ့ခြင်းကြောင့် ဘင်္ဂလားဒေ့ရှ်ရှိ ဘင်္ဂါလီအရေအတွက်မှာ ၁ သန်းခန့် ရှိလာပြီဖြစ်ပါသည်။ (နိုင်ငံတကာ မီဒီယာများက လက်ခံဖော်ပြသော ကိန်းဂဏန်းအရေအတွက်ဖြစ်ပြီး မှန်ခြင်း၊ မှားခြင်းကို အငြင်းပွားလိုခြင်းမရှိပါ)။ 

ထွက်ပြေးသွားသူအများစုမှာ ယခုအခါ ကော့စ်ဘဇားအနီးရှိ ကမ္ဘာ့အကြီးဆုံးနှင့် လူဦးရေသိပ်သည်းမှုအများဆုံး ဒုက္ခသည်စခန်း ကူတူပလောင်တွင် နေထိုင်လျက်ရှိသည်။ ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီ ငါးသိန်းခန့် ဆက်ရှိနေသေးသော်လည်း အများအပြားမှာ ဆက်လက်ထွက်ခွာနေဆဲဖြစ်သောကြောင့် ဘင်္ဂလားဒေ့ရှ်တွင် ပြည့်လျှံနေသည်။ 

မကြာသေးမီလပိုင်းအတွင်း မုတ်သုံမိုးကြောင့် ကူတူပလောင်မှာ ရွှံ့ဗွက်တောကြီး ပမာဏဖြစ်လာခဲ့သည်။ ယာယီတဲငယ်များမှာ ရေကြီး၊ မြေပြိုမှုများကြောင့် မျောပါပျက်စီးမှုများ ကြုံခဲ့ရပြီး အချို့မှာ ပိုဝေးသည့်နေရာသို့ ရွှေ့ပြောင်းခဲ့ရသည်။ ကယ်ဆယ်ရေး အေဂျင်စီများ၊ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များနှင့် ဘင်္ဂါလီများကတော့ အခြေအနေကို ရဲရဲရင့်ရင့် ရင်ဆိုင်ဖြတ်သန်းနေသည်။ သို့သော်လည်း ဘာဆက်ဖြစ်မည်မသိ။ ကမ္ဘာ့အကြီးဆုံး နိုင်ငံမဲ့လူသားများကို ကူတူပလောင်မှာ အချိန်အကြာကြီး ဖြစ်သလိုထား၍ မရနိုင်။

ကံမကောင်းအကြောင်းမလှသည်က လတ်တလောရွေးချယ်စရာများသည် ဆွဲဆောင်နိုင်စွမ်းမရှိသလို လက်တွေ့မကျဖြစ်နေခြင်းပင်ဖြစ်သည်။ ဘင်္ဂါလီအများစုသည် ရခိုင်ပြည်နယ်မှ သူတို့အိမ်များ၊ ရွာများကို ပြန်လာကောင်းလာချင်ကြမည်။ စာရွက်ပေါ်တွင်တော့ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်အစိုးရတို့သည် ပြန်ပို့မည့် စီမံချက်အတွက် သဘောတူထားကြပြီ။ သို့သော်လည်း လက်တွေ့မှာတော့ ဘင်္ဂါလီများသည် ပြန်စရာ အကြောင်းသိပ်မရှိ သို့မဟုတ် လုံးဝမရှိတော့ပေ။

မြန်မာအာဏာပိုင်များက မီးလောင်သွားသော ကျေးရွာအများအပြားကို ဘူဒိုဇာဖြင့် ထိုးပြီး ကျန်ရစ်သည့် အဆောက်အအုံများကိုပါ ဖြိုဖျက်ရှင်းလင်းပြီးဖြစ်သည်။ “သူတို့တွေက ဘင်္ဂါလီကျေးရွာတွေရဲ့ အရိပ်အယောင်တောင် မကျန်စေချင်ပုံရတယ်။ တချို့နေရာတွေဆိုရင် လွင်တီးခေါင်ပြင်ပဲ ကျန်တော့တယ်”ဟု ရခိုင်ပြည်နယ်သို့ မကြာသေးမီက သွားရောက်ခဲ့သော လေ့လာစောင့်ကြည့်သူတစ်ဦးက ဆိုသည်။ (ယခုအပိုဒ်ပါ အချက်အလက်များသည် အီကောနောမစ်မဂ္ဂဇင်း၏ ကိုးကားဖော်ပြချက်သာဖြစ်သည်) 

ထို့ပြင် ဘယ်ဘင်္ဂါလီမျှ ပြန်မလာကြသေး။ မြန်မာနိုင်ငံမှ နိုင်ငံရေးအခြေအနေ အကြီးအကျယ် မပြောင်းလဲသေးသမျှကာလပတ်လုံး ထိုအခြေအနေက ပြောင်းလဲဖို့ရာမရှိ။ ဒါကလည်း မဖြစ်နိုင်။ ရခိုင်ပြည်နယ်မှ ကုလသမဂ္ဂ တာဝန်ရှိသူတစ်ဦးက “ပြည်နယ်အတွင်း ရခိုင်နှင့်ဘင်္ဂါလီ အသိုင်းအဝိုင်းများအကြား ဆက်ဆံရေး မြှင့်တင်မှုတွင် အဓိပ္ပာယ်ပြည့်ဝသော တိုးတက်မှုမျိုး မရှိသလို၊ ... ရှိလာသည်က ယင်းနှင့်ဆန့်ကျင်ဘက် အခြေအနေသာဖြစ်သည်”ဟု သုံးသပ်ထားသည်။

ဘင်္ဂါလီတွေ မြန်မာပြည်ကို ဘေးရန်ကင်းကင်း ပြန်မလာနိုင်လျှင် ဘာဆက်လုပ်မည်နည်း။ ဘင်္ဂလားပင်လယ်အော်ထဲက ကျွန်းတစ်ကျွန်းကို သူတို့အတွက် အမြဲတမ်းနေအိမ်အဖြစ် သတ်မှတ်ပေးနိုင်သည်ဟု ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက လွန်ခဲ့သော နှစ်အတန်ကြာကတည်းက ပြောခဲ့ဖူးသည်။ ယင်းအိုင်ဒီယာမှာ မကြာသေးမီက ပြန်အသက်ဝင်လာခဲ့ပြီး ဘာဆန်ချားကျွန်းကို အခြေချနေထိုင်ရ ပိုအဆင်ပြေစေရန် ဖန်တီးမှုများ စတင်နေပြီဖြစ်သည်။ 

သို့သော်လည်း ယင်းမှာ ရေရှည်ဖြေရှင်းနည်း ဖြစ်သည်ဟု အကူအညီပေးရေးလုပ်သားများက မယူဆကြ။ ကုန်းမကြီးနှင့် ကီလိုမီတာ ၃၀ ခန့်ဝေးသော ဘာဆန်ချားသည် လွန်ခဲ့သော နှစ် ၂၀ ခန့်ကမှ နုန်းမြေအဖြစ်မှ ကျွန်းအသွင် ပီပြင်လာခြင်းဖြစ်ပြီး ရေလွှမ်းသည့် ဒဏ်ခံနေရဆဲဖြစ်သည်။ ထို့အပြင် ဘင်္ဂါလီအားလုံးကိုထားရန် သေးလွန်းနေသည်။

အခြားနည်းရွေးချယ်စရာမှာ ကူတူပလောင်တစ်ဝိုက် အထူးစီးပွားရေးဇုန် (SEZ) တစ်ခု ထူထောင်ရန်ဖြစ်သည်။ ဆီးရီးယားမှ ဒုက္ခသည် ၆ သိန်း ခွဲထက်မနည်း လက်ခံပေးထားရသော ဂျော်ဒန်နိုင်ငံ၏ အိုင်ဒီယာကို အတူယူရန်ဖြစ်သည်။ အခွန်လျှော့ပေါ့ပေးခြင်းနှင့် အခြားအထူးအခွင့်အရေးများ ပေးအပ်ခြင်းဖြင့် ဒုက္ခသည်များအတွက် SEZ သို့ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာရန် ဆွဲဆောင်နိုင်သည်။ 

ယင်းနည်းလမ်းဖြင့် ဒုက္ခသည်များကို အလုပ်လုပ်ခွင့်ပါမစ်ပေးပြီး အလုပ်အကိုင်ဖန်တီးပေးနိုင်ရုံမျှမက လက်ခံပေးသည့် နိုင်ငံအတွက်ပါ အလုပ်အကိုင်များ ဖန်တီးပေးနိုင်မည်ဖြစ်ရာ ဘင်္ဂါလီများကို ကူညီရန် အကူအညီများ ဒေါ်လာသန်းရာနှင့်ချီ ဝင်ရောက်လာခြင်းအပေါ် ဒေသခံ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများ မကျေမနပ်ဖြစ်လာနိုင်မှုကိုပါ လျော့ပါးသက်သာစေမည်ဖြစ်သည်။ 

ကူတူပလောင်သည် အလွန်ဆင်းရဲသည့် နိုင်ငံတွင် အဆင်းရဲဆုံးဒေသများအနက်မှ တစ်ခုဖြစ်ရာ ယင်းအချက်မှာ အထူးအရေးပါပါသည်။ အာဖရိကမှ ယူဂန္ဓာနိုင်ငံတွင်လည်း အလားတူနည်းလမ်းကို ကျင့်သုံးနေပြီး တောင်ဆူဒန်မှ အများစုဖြစ်သော ဒုက္ခသည်များကို အလုပ်လုပ်ခွင့်ပြုပေးထားပါသည်။

ဂျော်ဒန်နိုင်ငံတွင် ထူထောင်ထားသော SEZ တွင် အငြင်းပွားဖွယ်ရာများရှိနေဆဲဖြစ်ပြီး ယင်းသို့သော အစီအစဉ်ကြောင့် ဒုက္ခသည်များ ပိုမိုဝင်ရောက်လာစေရန် လှုံ့ဆော်ပေးသလိုဖြစ်နေခြင်းသည်လည်း ယင်းကိစ္စများထဲမှတစ်ခုဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များသည် အင်မတန်ရက် ရောဟန်ပေါက်နေသော်လည်း ဘင်္ဂါလီများကို အမြဲတမ်းလက်ခံထားရန်အတွက်မူ မလိုလားကြပေ။ 

အလှူရှင်များက ထောက်ပံ့ပေးထားသော ပိုမိုအတည်တကျဖြစ်သွားသည့် အထူးစီးပွားရေးဇုန် တစ်ခုသည် လူမျိုးရေးရှင်းလင်းမှု လုပ်ဆောင်ခဲ့သော မြန်မာ့တပ်မတော်ကို ဆုချသလိုဖြစ်နေပြီး ရှင်းလင်းသောအောင်ပွဲတစ်ရပ် ဖန်တီးပေးရာရောက်မည်ဟု ရှုမြင်သူအချို့လည်း ရှိနိုင်ပါသည်။

ကျွမ်းကျင်သော၊ လုပ်ရည်ကိုင်ရည်ရှိသော ဘင်္ဂါလီများသည် ဒေသတစ်လွှားတွင် ရှုပ်ထွေးသော ကုန်သွယ်ရေးကွန်ရက်တစ်ခုဖန်တီးပြီး ရခိုင်ပြည်နယ် စီးပွားရေးတွင် ပါဝင်ကူညီခဲ့ကြပါသည်။ ဘင်္ဂလားဒေ့ရှ်တွင်လည်း သူတို့ဒါမျိုး ကောင်းကောင်းကြီး လုပ်နိုင်ကြပါသည်။

သို့သော်လည်း ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာတို့သည် ကုလသမဂ္ဂနှင့် နိုင်ငံခြားတိုင်းပြည်များ အကူအညီဖြင့် ပြဿနာ၏ ဇာစ်မြစ်ဖြစ်သော ဘင်္ဂါလီတို့၏ တရားဝင် အဆင့်အတန်း ကိစ္စကို တဖြည်းဖြည်းခြင်း ဖြေရှင်းသွားရမည်ဖြစ်ပါသည်။ ယခုအခါတွင်တော့ သူတို့တွေသည် ကမ္ဘာပေါ်တွင် အများဆုံး “နိုင်ငံမဲ့” လူသားများဖြစ်နေသလို မြန်မာနိုင်ငံက သူတို့ကို နိုင်ငံသားဖြစ်ခွင့်ပေးရန် မျှော်လင့်ချက်ကလည်း အနည်းငယ်သာရှိပါသည်။ ကုလသမဂ္ဂက ၂၀၂၄ တွင် နိုင်ငံမဲ့ဖြစ်မှုကို အဆုံးသတ်ရန်လိုလားကြောင်း ထုတ်ပြန်ထားသည်။ 

ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနယ်စပ်တွင် ပြည်ပအကူအညီများဖြင့် အောင်မြင်သော အထူးစီးပွားရေးဇုန် (SEZ) တစ်ခု ထူထောင်နိုင်ပါက သူတို့အတွက် ကိုယ်ပိုင်စီမံအုပ်ချုပ်နိုင်သော နယ်မြေတစ်ခု ရရှိလာရေး အခြေခံဖြစ်လာနိုင်ပြီး တဖြည်းဖြည်းနှင့် ဘင်္ဂါလီတို့အတွက် ဥပဒေဆိုင်ရာ အခွင့်အရေးများ ရရှိလာနိုင်မည်ဖြစ်ပါသည်။

Ref: Economist, What next for Myanmar's Rohingya