News

POST TYPE

ARTICLE

လွိုင်ကော်ဗိုလ်ချုပ်ကြေးရုပ်ကန့်ကွက်မှု လေးဦးကို ထပ်မံတရားစွဲ
13-Aug-2018
တောင်ငူ၊ ဩဂုတ် ၁၃

ကယားပြည်နယ်အစိုးရက လွိုင်ကော်မြို့တွင် စိုက်ထူရန်ပြင်ဆင်နေသည့် ဗိုလ်ချုပ်ကြေးရုပ်ကို ကန့်ကွက်သူများဆိုကာ လေးဦးကို ဩဂုတ် ၁၀ ရက်နေ့က ဖားဆောင်းမြို့နယ်တရားရုံးက ထပ်မံတရားစွဲဆိုထားကြောင်း ဦးဆောင်ကန့်ကွက်နေသူ မောင်မိုးမြာက ပြောကြားသည်။

“ဖားဆောင်းတရားရုံးက ပုဒ်မ ၅၀၅ (ခ) (ဂ)နဲ့ ထပ်မံတရားစွဲဆိုခဲ့တာပါ။ နောက်တစ်ခုက ကန့်ကွက်နေတဲ့ထဲမှာမပါဘဲ တရားစွဲဆိုခံထားရသူတွေလည်း ပါနေတယ်”ဟု ၎င်းကပြောကြားသည်။

ယခုထပ်မံ တရားစွဲဆိုခံရသူများတွင် ကိုမျိုးလှိုင်ဝင်း (ခ) ပါစကွားလယ်၊ ဒီးဒီ၊ ခွန်ကောရီယိုနှင့် ဘွဲ့ထူးတို့ဖြစ်ပြီး မျိုးလှိုင်ဝင်းသည် ပုဒ်မလေးခုဖြင့် အချုပ်မှတစ်ဆင့် တရားရင်ဆိုင်နေခြင်းဖြစ်ကာ ယခုထပ်မံတရားစွဲသည့်ကိစ္စတွင် ကိုမျိုးလှိုင်ဝင်း (ခ) ပါစကွားလယ်နှင့် ခွန်ကောရီယိုတို့မှာ သက်ဆိုင်ခြင်းမရှိကြောင်း ကန့်ကွက်နေသူများထံမှ သိရသည်။

ဖားဆောင်းမြို့၌ ကရင်နီသမိုင်း လက်ကမ်းစာစောင်ဖြန့်ဝေမှုတွင် ပါဝင်သည်ဟုဆိုကာ ယခုလေးဦးကို ဖားဆောင်းတရားရုံးက ထပ်မံတရားစွဲဆိုခြင်းဖြစ်သော်လည်း မျိုးလှိုင်ဝင်းနှင့် ခွန်ကောရီယိုတို့မှာ ယင်းကိစ္စတွင် ပါဝင်ခဲ့ခြင်းမရှိကြောင်း ကရင်နီလူငယ်များက ဆိုသည်။

ဇွန်လ နောက်ဆုံးပတ်အတွင်းက ကရင်နီသမိုင်းနှင့် ဗိုလ်ချုပ်ကြေးရုပ်ထားရှိမည့် ကိစ္စရပ်များကိုကန့်ကွက်သည့် လက်ကမ်းစာစောင်များဖြန့်ဝေ၍ ကရင်နီ လူငယ် ၁၁ ဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) (ဂ) တို့နှင့် တရားစွဲဆိုခဲ့သည့်အပြင် လွိုင်ကော်တွင် ဆန္ဒဖော်ထုတ်ခဲ့သည့်အတွက် ငြိမ်း/စု/စီ ဥပဒေဖြင့် လူငယ်အချို့ကို တရားစွဲဆိုထားရာ လက်ရှိအချိန်ထိ ကရင်နီလူငယ် ၂၀ ဦး ခန့်တရားဆွဲဆိုခံထားရကြောင်း ၎င်းတို့ထံမှ သိရသည်။

ယခုနှစ်ဦးပိုင်းမှစတင်ပြီး ကယားပြည်နယ်အစိုးရအဖွဲ့က လွိုင်ကော်မြို့နယ် ကန္ဒာဟေဝန်ပန်းခြံအတွင်း ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တု စိုက်ထူရန် ပြင်ဆင်နေခြင်းကို ကယားအရပ်ဘက်အဖွဲ့အစည်းအချို့နှင့် ကရင်နီပြည် လူငယ်သမဂ္ဂအဖွဲ့တို့က ကန့်ကွက်နေကြသည့်အတွက် ဇူလိုင်လ ၂၃ ရက်နေ့တွင် အစိုးရကဖွဲ့စည်းထားသည့် ယင်းကြေးရုပ်ဖြစ်မြောက်ရေးကော်မတီကို ဖျက်သိမ်းခဲ့သည်။

R-15