News

POST TYPE

ARTICLE

တရုတ်-မြန်မာ စီးပွားရေးစင်္ကြံနောက်ကွယ်က ထောင်ချောက်
13-Aug-2018



ဇူလိုင်လ ပထမပတ်အတွင်းတွင် တရုတ်စီးပွားရေး ပိုးလမ်းမရှေ့ဆောင် လှုပ်ရှားမှု၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်းမ တည်ထောင်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ ၁၅ ခုကို လက်မှတ်ရေးထိုးကြောင်း မြန်မာဘက်က တရားဝင်ထုတ်ပြန်လိုက်သည်။ သဘောတူညီချက်များ တရားဝင် အတည်ပြုလက်မှတ်ရေးထိုးမည့် အစီအစဉ် မကြာခင် ဖြစ်ဖွယ်ရှိသည်။ 

အဆိုပါ စင်္ကြံလမ်းမသည် တရုတ် ယူနန်ပြည်နယ်နှင့် မန္တလေးကိုချိတ်ထားကာ ရန်ကုန်သို့ ဆက်သွားပြီး အနောက်ဘက်ဆိုလျှင်လည်း ဘင်္ဂလားပင်လယ်အော်ဘက် တည်ထောင်ပြီးဖြစ်သည့် ကျောက်ဖြူအထူးစီးပွားရေးဇုန်သို့ ဆက်သွားမည်ဖြစ်သည်။

အစိုးရနှစ်ရပ်သည် ကဏ္ဍပေါင်းများစွာတွင် ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီမှုရထားပြီး အခြေခံအဆောက်အဦ၊ ဆောက်လုပ်ရေး၊ ထုတ်လုပ်ရေး၊ စိုက်ပျိုးရေး၊ သယ်ယူပို့ဆောင်ရေး၊ ဘဏ္ဍာရေး၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးရေး၊ တယ်လီကွန်းဆက်သွယ်ရေး၊ သုတေသနနှင့် နည်းပညာ စသည့်ကဏ္ဍများ ဖြစ်သည်။ အဆိုပါ ပူးပေါင်းဆောင်ရွက်မှုသည် စီးပွားရေး၊ လူမှုရေးဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှု ပေါင်းစုံပါဝင်မည်။ အဓိကလိုလားချက်မှာ တရုတ်အတွက် ပထဝီအနေအထား မဟာဗျူဟာမြောက် အခြေခံအဆောက်အဦ ဖော်ဆောင်ရေးဖြစ်ပြီး၊ ကျန်သည်မှာ အများပြည်သူလက်ခံရေးအတွက် လုပ်ပြသော အရာများ ဖြစ်သည်။ 

သဘောတူညီချက်သည် အားလုံးလောက်နီးပါးကို ခြုံငုံမိသော ကွန်ချာကြီးသဖွယ် ယေဘုယျသဘောပိုဆန်သည်။ သို့သော် စီမံကိန်းတစ်ခုချင်းအတွက် သက်ဆိုင်ရာလုပ်ငန်းကော်မတီများ၊ ပူးပေါင်းလုပ်ငန်းကော်မတီများရှိမည်ဖြစ်၍ စီမံကိန်းတိုင်းတွင် မြန်မာဘက်က အတိုင်းအတာတစ်ခုအထိ ပြောဆိုပါဝင်ခြင်းများရှိပေမည်။

ပတ်လမ်းရှေ့ဆောင်စီမံကိန်း Belt Road Initiative လက်အောက်တွင် စီးပွားရေးစင်္ကြံသဘောတရားကို အင်တင်တင်လုပ်နေသော မြန်မာလည်း ဖိအားပေးခံလိုက်ရမှာ သံသယဖြစ်ဖွယ်မရှိပေ။ စီးပွားရေးစင်္ကြံလမ်းဆိုင်ရာ ဆွေးနွေးမှုများ အချိန်အတော်ကြာ လုပ်လိုက်ရသော်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် စီးပွားရေးစင်္ကြံလမ်းကိစ္စ လာပြောသော တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့် ကာကွယ်ရေးဝန်ကြီးတို့ ခရီးစဉ်အပြီး ပြီးခဲ့သည့်နှစ် နိုဝင်ဘာလောက်မှ တရုတ်က စတင်ဖိအားပေးလာခြင်းဖြစ်သည်။ စစ်တပ်ကတော့ ကန့်ကွက်မှုတစ်စုံတစ်ရာ မလုပ်ပေ။ အဘယ့်ကြောင့် ဆိုသော် ယင်းစီမံကိန်းသည် စစ်တပ်နှင့် ဆက်စပ်နေသော ကုမ္ပဏီများသာမက စစ်ဗိုလ်ချုပ်ကြီးများပါ အကျိုးဖြစ်ထွန်းသောကြောင့်ပေတည်း။ 

မြောက်ပိုင်းနှင့် အရှေ့ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အရေးကို စီမံခန့်ခွဲရန်နှင့် ရိုဟင်ဂျာများအား ဆက်ဆံကိုင်တွယ်မှုကိစ္စအတွက် မြန်မာအပေါ် အရေးယူမည့် အနောက်နိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ ဆောင်ရွက်လာမှုအပေါ် အပြည်ပြည်ဆိုင်ရာ မျက်နှာစာတွင် ထောက်ခံမှုရရေး တရုတ်ကို မှီတည်နေမှုရှိခြင်းတို့ကြောင့် နားလည်မှုစာချွန်လွှာအပေါ် မြန်မာသည် ငြင်းဆန်နိုင်ခြင်းမရှိပါပေ။ 

ကြွေးမြီနွံနစ်နိုင်သည့် အန္တရာယ်ရှိခြင်းဆိုင်ရာ ယူဆသုံးသပ်ချက်များစွာရှိပေသော်ငြား ပတ်လမ်း ရှေ့ဆောင်စီမံကိန်းကြီးနှင့် ကင်းကင်းနေရန် မြန်မာအတွက် မဖြစ်နိုင်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးအသစ်က ပြောထားသည်။ 

တရုတ်ကုန်စည်နှင့် ဝန်ဆောင်မှုများ အိန္ဒိယဘက်သို့ စီးဆင်းရန်အတွက် စင်္ကြံလမ်းလည်းဖြစ်ရာ အိန္ဒိယဘက်သို့လည်း အကျိုးစီးပွားရှိကြောင်း တရုတ်မှ လေ့လာသုံးသပ်သူတစ်ဦးက ဆိုသည်။ နီပေါတွင် ကီရန်၊ ရာဆူဗာနှင့် ခတ္တမန္ဒူတို့သို့ ရထားလမ်းဖောက်ရန် ကမ်းလှမ်းစဉ်က တရုတ်သည် ယင်းကဲ့သို့သော သဘောထားမျိုးကို ပြဖူးသည်မှာ စိတ်ဝင်စားဖွယ်ကောင်းသည်။ တရုတ်များဘက်က ကြည့်လျှင် ဒေသတွင်း ခါးပတ်လမ်းရှေ့ဆောင်စီမံချက် BRI သည် အိန္ဒိယ ဝင်မပါလျှင်၊ အနောက်ဘက်ရော၊ အရှေ့ဘက်ရော စင်္ကြံလမ်းဖောက်မထားလျှင် မအောင်မြင်နိုင်ရှိရခြေကား စိတ်ရှည်လက်ရှည် စောင့်ဆိုင်းဆောင်ရွက်ရမည်ဖြစ်သည်။ ပတ်လမ်းရှေ့ဆောင်စီမံကိန်းကို စဦးပိုင်းက မထောက်ခံခဲ့သော ဂျပန်ပင်လျှင် ထိုင်းနိုင်ငံရှိ အချို့သော စီမံကိန်းများတွင် ရွေးချယ်လျက် ပါဝင်ရန် စီစဉ်လာသည်မှာ စိတ်ဝင်စားဖွယ်ဖြစ်ပါသည်။ 

မြန်မာနိုင်ငံတွင် ဆောင်ရွက်မည့် စီးပွားရေးစင်္ကြံတွင် အခက်အခဲအတားအဆီးများလည်း ရှိပါသည်။ ကူးလူးဆက်သွယ်ရေးကို ဖော်ဆောင်နေသည့် တရုတ်၏ ရှေ့ဆောင်စီမံကိန်းများသည် စေတနာဗလပွဖြင့် ဆောင်ရွက်ပေးနေခြင်းမဟုတ်သည်ကိုတော့ နားလည်ထားအပ်သည်။

ပူရမည့်ကိစ္စမှာ ကျောက်ဖြူစီမံကိန်းနှင့် အထူးစီးပွားရေးဇုန်ကို တရုတ်ကတည်ထောင်ခြင်းဖြစ်သည်။ တရုတ်သည် သီရိလင်္ကာတွင် ၎င်းတို့လုပ်ခဲ့သည့် ဟမ်ဘန်တိုတာစီမံကိန်းကို သမ္မတဦးသိန်းစိန်လက်ထက်က မြန်မာပြည်တွင် ထပ်လုပ်ရန် စီမံခဲ့ပြီး တရုတ်က စီမံကိန်းအတွက် ၈၅ ရာခိုင်နှုန်းထည့်ဝင်ကာ မြန်မာအစိုးရက ကျန် ၁၅ ရာခိုင်နှုန်း ထည့်ဝင်ရန်အတွက် စတင်ရန် သဘောတူထားခဲ့သည်။ သို့သော် လူထုဘက်က ဝေဖန်မှုများ ပြင်းထန်လာသဖြင့် အစိုးရအနေနှင့် စီမံကိန်းတွင် ၂ နိုင်ငံ၏ အချိုးကျရှယ်ယာကိစ္စကို ပြန်လည်ညှိနှိုင်းရန် ဖြစ်လာသည်။ မြန်မာဘက်က အမြင်မှာ စီမံကိန်းကိုလျှော့ချပြီး မြန်မာဘက်က ရှယ်ယာထည့်ဝင်မှုကို ပို၍မြှင့်တင်နိုင်ရန် ဖြစ်သည်။ 

စီးပွားရေးစင်္ကြံ၏ အဓိကလိုလားဆောင်ရွက်ချက်မှာ ရင်းနှီးမြှုပ်နှံမှုကြီးသည့် အခြေခံအဆောက်အဦဆိုင်ရာစီမံကိန်းများ ဖြစ်သည်။ မြန်မာတွင် ဘဏ္ဍာရေးကမရှိ။ ရန်ပုံငွေအတွက် နိုင်ငံတကာအေဂျင်စီများထံလည်း သွားလို့ကမရ၊ ပါကစ္စတန်က BRI ရှေ့ဆောင် စီမံကိန်းများအတွက် ရန်ပုံငွေထည့်ရန် ကြိုးစားပုံမျိုးဖြစ်သည်။ ကာလရှည်လာပါက အန္တရာယ်ဖြစ်လာနိုင်သည့်အတွက် တရုတ်ကုမ္ပဏီများကိုပဲ ထည့်ဝင်ခွင့် အများဆုံးပေးလိုက်လို့ကလည်း မရပေ။ သီရိလင်္ကာ ဆိပ်ကမ်းစီမံကိန်းကြီး ဟမ်ဘန်တိုတာလိုမျိုး နောက်ထပ်ဖြစ်လာဖို့က သေချာသည်။ 

မြန်မာအတွက် ကံကောင်းသည်က ဒီမိုကရေစီအနည်းငယ်ရခြင်းနှင့်အတူ ရှေးယခင်နှင့်မတူအောင်ကို လူထုအသိရေချိန်က မြင့်လျက်ရှိခြင်းဖြစ်သည်။ အကောင်းဆုံးဥပမာမှာ အများပြည်သူကန့်ကွက်မှုကြောင့် ဘီလီယံဒေါ်လာနှင့်ချီသော ကချင်မြစ်ဆုံစီမံကိန်းကို လက်လွှတ်ထားခြင်းဖြစ်သည်။ ထိုစီမံကိန်းကြီးတစ်ခုလုံးမှာ တရုတ်အတွက် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန် ဖြစ်သည်။ 

စီးပွားရေးစင်္ကြံလမ်းသည် မြန်မာပြည်၏ အဓိကပဋိပက္ခများဖြစ်ရာ ရှမ်းနှင့် ကချင်နယ်မြေများကို ဖြတ်သန်းရမည်ဖြစ်ရာ ဒေသတွင်းတည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးမရပါက လမ်းကြောင်းဖော်ဆောင်ရန် မလွယ်ကူပေ။ အစိုးရသည် တစ်ဖက်က ငြိမ်းချမ်းစွာ အဖြေရှာရေး ကြိုးစားနေသော်လည်း စစ်တပ်ကတော့ ကချင်နှင့် ရှမ်းဒေသများတွင် စစ်ဆင်ရေးများ အရှိန်မြှင့်နေသည်။ အဆိုပါဒေသများသို့ စစ်တပ်က ချဉ်းကပ်ကာ ပဋိပက္ခပြန်လည်ဖြစ်ပွား စစ်ဆင်မှုများရှိနေသည်မှာ ကချင်လက်နက်ကိုင်များ ချေမှုန်းလိုသောကြောင့်မဟုတ်၊ စစ်တပ်နှင့် နီးစပ်သောကုမ္ပဏီများနှင့် တရုတ်စီးပွားရေးအကျိုးအမြတ်များရှိရာ တွင်းထွက်အရင်းအမြစ် ကြွယ်ဝသည့်ဒေသကို ထိန်းချုပ်လိုခြင်း ဖြစ်သည်။ ကချင်ပြည်နယ်ကျောက်စိမ်းတွင်းများရှိရာ ဖားကန့်သည် ဥပမာကောင်းတစ်ခုဖြစ်သည်။

မြန်မာအတွက် စိန်ခေါ်မှုကိုလေ့လာသူတစ်ဦးက သုံးသပ်သည်မှာကား မြန်မာသည် တရုတ်နှင့် နီးစပ်လို့ရသည်။ သို့သော် တရုတ်အပေါ် အလွန်အမင်းမှီခိုသွား၍ တော့ မဖြစ်နိုင်ပေ။ တရုတ်၏ဧရာမရင်းနှီးမြှုပ်နှံ မှုကြီးများပါဝင်သည့် ခါးပတ်လမ်းစီမံကိန်းကြီးသည် မြန်မာဘက်ကငွေကြေးမတတ်နိုင်မှုနှင့်အတူ မြန်မာသည် ပါကစ္စတန်မှာ ဖြစ်ခဲ့သလို တရုတ်ကိုလိုနီသဖွယ် ဖြစ်သွားနိုင်ခြင်းဖြစ်သည်။ မြန်မာပြည်သူများက သိသလောက်တော့သိပါသည်။ အစိုးရသို့မဟုတ် စစ်တပ်ကို တရုတ်အပေါ် လုံးဝကြီး မှီခိုသွားခြင်းမျိုးကို ခွင့်ပြုကြမည် မဟုတ်ချေ။ 

သန့်ဇင်စိုး