News

POST TYPE

ARTICLE

၂၀၁၈ အောင်မြင်သော လူငယ်စွန့်ဦးလုပ်ငန်းရှင်လေးများ
11-Aug-2018 tagged as



Stanislav Vishnevskiy

သူ့အမည်က ဗစ်ရှ်နက်စကီးဖြစ်သည်။ အသက် ၂၉ နှစ်သာရှိသေးသည် လူငယ်တစ်ဦးဖြစ်သည်။ သူ၏ဆန်ဖရန်စစ္စကို အခြေစိုက် Discord ကုမ္ပဏီကို ဂျေဆန်စီထရွန်နှင့်အတူ ၂၀၁၅ ခုနှစ်တွင် စတင်ထူထောင်ခဲ့ကြသည်။ Discord သည် ဆော့ဖ်ဝဲထုတ်လုပ်သည့် ကုမ္ပဏီတစ်ခုအဖြစ် ရပ်တည်ခဲ့သည်။ မူလက ဂိမ်းကစားသူများ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဆက်သွယ်နိုင်သည့် ဆော့ဖ်ဝဲလေးကို တီထွင်ခဲ့ရာ သုံးစွဲသူ ၂၀ ဦးသာ ရှိခဲ့သည်။ ယခုဆိုလျှင် ကမ္ဘာတစ်ဝန်း သူတို့ဆော့ဖ်ဝဲကို သုံးစွဲနေသူပေါင်း သန်း ၉၀ ကျော်ရှိနေပြီ။

Minecfart အစရှိသည့် ဗီဒီယိုဂိမ်းများကို အုပ်စုအတွင်း၌လည်းကောင်း၊ အချင်းချင်းနှင့်သော်လည်းကောင်း စိတ်ဝင်စားမှုများကို မျှဝေနိုင်ခြင်း၊ အပြန်အလှန်ချိတ်ဆက် လုပ်ဆောင်နိုင်ခြင်းများသည် သူတို့ကို ဒေါ်လာ သန်း ၁၀၀ ကျော် ချမ်းသာလာစေသည်အထိ ဖြစ်ခဲ့သည်။ ယခုအခါ သူတို့ကုမ္ပဏီတွင် ဝန်ထမ်းပေါင်း ၁၀၀ ခန့်ကို ခန့်ထားနိုင်သည်အထိ အောင်မြင်နေသည်။ 

Discord ထဲကိုဝင်လိုက်လျှင် အချင်းချင်း အသံ၊ စာ သို့မဟုတ် ရုပ်သံနှစ်မျိုးစလုံးဖြင့် ဆက်သွယ်၍ရသည်။ ၂၀၁၇ ခုနှစ်ကစတင်ပြီး ဖိုင်များကို အချင်းချင်း အကန့်အသတ်မရှိ မျှဝေနိုင်ရန်အတွက် တစ်လလျှင် ၅ ဒေါ်လာ သတ်မှတ်ကောက်ခံခဲ့ရာ ဂိမ်းသမားများက ကြည်ဖြူစွာပေးရလောက်အောင်ပင် သူတို့ဘက်ကလည်း ဝန်ဆောင်မှုကောင်းသည်။ ထို့ကြောင့်လည်း ယနေ့ အောင်မြင်သည့် ဆော့ဖ်ဝဲလုပ်ငန်းရှင်ကြီးများအဖြစ် ရပ်တည်နိုင်ခဲ့သည်။ သူက -

“ကျွန်တော့်ဘဝတစ်လျှောက်လုံး Website နဲ့ ဆော့ဖ်ဝဲတွေမှာ အချိန်ကုန်ပြီး လူတွေဆက်သွယ်နိုင်အောင် ကြိုးပမ်းခဲ့တာပါ။ လူတွေအချင်းချင်း ဆက်သွယ်နိုင်ဖို့ဆိုတာ ကျွန်တော့်ဦးတည်ချက်ပါ” ဟု ဆိုခဲ့သည်။

Nathan Barry

နာသန်သည် အသက် ၂၇ နှစ်သာရှိသေးသည့် လူငယ်တစ်ဦးဖြစ်သည်။ သူက ConvertKit ဆိုသည့် လုပ်ငန်းကို ဦးဆောင်နေသည်။ သူလည်း ဆော့ဖ်ဝဲထုတ်သူဖြစ်ပြီး သူ့ကုမ္ပဏီလုပ်ငန်းကို ၂၀၁၃ ခုနှစ်က စတင်ထူထောင်ခဲ့သည်။ ယခုအခါ သူ့လုပ်ငန်းတွင် ဝန်ထမ်း ၃၀ ကိုခန့်ထားပြီး ၂၀၁၇ ခုနှစ်က သူ့ဝင်ငွေမှာ ဒေါ်လာ ၉ ဒသမ ၅ သန်းဖြစ်သည်။ အမေရိကန် ပြည်ထောင်စု၊ Idaho ပြည်နယ်၊ Boise မြို့တွင် သူ့ကုမ္ပဏီကို ဖွင့်လှစ်ထားသည်။

ConvertKit သည် အီးမေးလ်များဖြင့် ဈေးကွက်ရှာသည့်လုပ်ငန်းကို လုပ်ဆောင်ပေးသည်။ သူ့ဝန်ဆောင်မှုကို နှစ်သက်သဖြင့် ဆက်သွယ်ပြီး လုပ်ငန်းလုပ်ဆောင်နေသူ ၁၈,၀၀၀ ကျော်ရှိသည်။ နာမည်ကျော် စာရေးဆရာများလည်း ထိုအထဲတွင်ပါသည်။ နာသန်သည် ၂၀၁၃ ခုနှစ်ကတည်းက လုပ်ငန်းစတင်လုပ်ဆောင်ခဲ့ပြီး ဒေါ်လာ ၅၀၀၀ ဖြင့် စတင်ရင်းနှီးမြှုပ်နှံခဲ့သည်။ ၆ လ အကြာတွင် သူရင်းနှီးမြှုပ်နှံထားသည့် ငွေကြေးပမာဏကို ပြန်ရခဲ့သည်။ တစ်နှစ်ခွဲခန့်အကြာတွင် ConvertKit သည် တစ်လပုံမှန်ဝင်ငွေ ဒေါ်လာ ၅၀၀၀ လောက် ဝင်သည့်လုပ်ငန်းအဖြစ်က စတင်ခဲ့ရသည်။

သို့သော် ဝင်ငွေကကျဆင်းလာပြီး လုပ်ငန်းကို ပိတ်ရမည်လား၊ ဆက်ရမည်လား ဝေခွဲမရဖြစ်လာသည်။ ထို့ကြောင့် လုပ်ငန်းတွင် နောက်ထပ် ဒေါ်လာ ၅၀,၀၀၀ ကို ထပ်မံရင်းနှီးမြှုပ်နှံပြီး ကျဆင်းနေသည့် လုပ်ငန်းကို ကြီးကြပ်လုပ်ဆောင်ပေးနိုင်သည့် အဖွဲ့လက်ထဲထည့်ကာ ပြန်လည်တည့်မတ်နိုင်အောင် ကြိုးစားခဲ့သည်။ နောက်ထပ် ၂ နှစ်အကြာတွင် ConvertKit သည် တစ်နှစ်လျှင် ဒေါ်လာ ၄ သန်းခန့် ဝင်ငွေရှိသော လုပ်ငန်းကြီးဖြစ်လာသည်။ 

၂၀၁၇ ခုနှစ်တွင် ဝင်ငွေ ၉ ဒသမ ၅ သန်းအထိ တက်လာသည်။ ၂၀၁၈ ခုနှစ်တွင် ဒေါ်လာ ၁၄ သန်းခန့် ဝင်ငွေရလာနိုင်ကြောင်း နာသန်က ခန့်မှန်းထားသည်။ ယခုအခါ ConvertKit ကုမ္ပဏီတွင် အဝေးက စီမံခန့်ခွဲပေးနေသည့် ဝန်ထမ်းပေါင်း ၃၄ ဦးကို ခန့်ထားပြီး လစဉ် ဒေါ်လာ တစ်သန်းကျော်ရှာပေးနိုင်အောင် စီမံထားသည်။ သူက -

“ကျွန်တော့် ဆောင်ပုဒ်ကတော့ လူတိုင်းကို သင်ပေးပါဆိုတာပဲဗျ။ ခုဆိုရင် လူတိုင်းကို သင်ပေးပါဆိုတာ ကျွန်တော့်ကုမ္ပဏီရဲ့ ဆောင်ပုဒ်တောင် ဖြစ်နေပြီ။ ကျွန်တော် သိတာကို ကျွန်တော် အားလုံးကို မျှဝေပေးတယ်။ လူတိုင်းသိအောင်လုပ်ပေးဖို့ဆိုတာ ကျွန်တော်တို့တာဝန်လို့လည်း ခံယူထားတယ်” ဟု သူကဆိုသည်။ 

Emily Purdom, Rachel Robinson

အယ်မလီနှင့် ရေချယ်တို့သည် DotCom Therapy ဆိုသည့်ကုမ္ပဏီကို ထူထောင်ထားသည်။ အယ်မလီက ၂၉ နှစ်၊ ရေချယ်က ၃၀ ဖြစ်သည်။ သူတို့ ကုမ္ပဏီသည် အွန်လိုင်း ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဝန်ဆောင်မှုပေးသည်။ ကျန်းမာရေးဆိုင်ရာ ဆွေးနွေးမှုများ၊ စိတ်ရောဂါဆိုင်ရာ ဆွေးနွေးမှုများတို့ကို အွန်လိုင်းတွင် ဆွေးနွေးနိုင်စေရန် အကူအညီပေးသည်။ ၂၀၁၅ ခုနှစ်တွင် လုပ်ငန်းကို စတင်ထူထောင်ခဲ့ပြီး ၂၀၁၇ ခုနှစ် ဝင်ငွေမှာ ဒေါ်လာ ၂ သန်းဖြစ်သည်။ အမေရိကန်ပြည်ထောင်စု၊ မစ်ဆိုရီပြည်နယ်၊ စပရင်းဖီးလ်မြို့တွင် လုပ်ငန်းကို အခြေစိုက်ထားသည်။ ယခုအခါ ဝန်ထမ်းပေါင်း ၁၀၃ ဦး ရှိနေပြီဖြစ်သည်။

အယ်မလီနှင့် ရေချယ်တို့နှစ်ဦးသည် DotCom Therapy ဆိုသည့် အွန်လိုင်းကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းကို ဒေါ်လာ ၂၅၀,၀၀၀ ဖြင့်မတည်ပြီး လုပ်ဆောင်ခဲ့သည်။ သုံးနှစ်သားခန့်သာရှိသေးသည့် ကုမ္ပဏီကို သူတို့ နှစ်ဦးက နှုတ်ဖြင့် ကျန်းမာရေးဆွေးနွေးခြင်း ဝန်ဆောင်မှုအဖြစ် စတင်ခဲ့သည်။ မူလက မြို့ပြနှင့်ဝေးကွာသည့် ဒေသများမှ ကလေးများအတွက် ကျန်းမာရေးဆွေးနွေးပေးနိုင်ရန် ရည်ရွယ်ပြီး စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ 

အယ်မလီသည် တစ်နေ့လျှင် ကားကို သုံး၊ လေး နာရီခန့်မောင်းပြီး ကျေးလက်ကျောင်းများကိုသွားကာ ပညာပေးဟောပြောမှုများ လုပ်ရသည်။ ကလေးများ ရောဂါဝေဒနာဖြစ်လာလျှင် အွန်လိုင်းကတစ်ဆင့် သူတို့ကို ဆက်သွယ်နိုင်ကြောင်း ကျောင်းများကို စည်းရုံးရေးလိုက်ဆင်းရခြင်းဖြစ်သည်။ ရေချယ်က ဆေးရုံ၏ ပြင်ပလူနာဌာနများတွင် စည်းရုံးရေးဆင်းသည်။ အကယ်၍ ကလေးများ အရေးပေါ်ဖြစ်လာပြီး ဆေးရုံကို ချက်ချင်းမပို့နိုင်လျှင် ဘာလုပ်မည်နည်း။ သူတို့က ထိုပြဿနာများကို အွန်လိုင်းကတစ်ဆင့် သူတို့ကို ဆက်သွယ်လာလျှင် ဖြေရှင်းပြသည်။ 

DotCom Therapy သည် ကျန်းမာရေးဝန်ဆောင်မှုများ လုပ်ဆောင်ပေးရင်း နာမည်ရပြီး လူသိများလာသည်။ ၂၀၁၇ ခုနှစ်တွင် ဒေါ်လာ ၂ သန်းဝင်ငွေရသည်အထိ အောင်မြင်လာခဲ့သည်။ သူတို့သူငယ်ချင်းများ မိသားစုများထံမှ ချေးငှားပြီး မတည်လုပ်ဆောင်ခဲ့ရသည့်ငွေမှာ အရင်းကျေရုံမက အကျိုးအမြတ်ပါရှိနေပြီ။ 

ယခုအခါ သူတို့၏ DotCom Therapy သည် အမေရိကန်ပြည်ထောင်စု၏ ပြည်နယ် ၂၈ ခုနှင့် နိုင်ငံ ၇ ခုအထိ အွန်လိုင်းကတစ်ဆင့် ကျန်းမာရေးဝန်ဆောင်စောင့်ရှောက်မှုများကို လုပ်ဆောင်ပေးနေသည်။ အယ်မလီက -

“ကျွန်မတို့က လိုအပ်နေသူတိုင်းကို ကုသမှုပေးချင်ပါတယ်။ အခက်အခဲဖြစ်နေတဲ့ နေရာတိုင်းက လူတိုင်းအတွက် ဝန်ဆောင်မှုပေးချင်ပါတယ်။ ကျွန်မတို့က ဈေးကွက်ကို အမေရိကလောက်သာမဟုတ်ပါဘူး။ ကမ္ဘာလောက်အထိကို မျှော်ကြည့်ထားပါတယ်” ဟု ဆိုသည်။ 

E-01

(Ref: Rising Stars, 2018)

  • TAGS