News

POST TYPE

ARTICLE

တပ်မတော်နှင့် ပြေလည်မှုရသည့်အတွက် ကရင်အာဇာနည်နေ့ အခမ်းအနား ဆက်လက်ပြုလုပ်မည်
08-Aug-2018
ရန်ကုန်၊ ဩဂုတ် ၇

ကရင်အမျိုးသား အစည်းအရုံး (KNU) က ကရင်ပြည်နယ် ဖာပွန်ခရိုင်အတွင်းရှိ တပ်မဟာ (၅) နေရာတွင် ပြုလုပ်မည့် ကရင်အာဇာနည်နေ့ အခမ်းအနားပြုလုပ်မှုကိစ္စ တပ်မတော်နှင့် ညှိနှိုင်းမှုရရှိကာ ပြေလည်သွားပြီဖြစ်၍ အခမ်းအနားကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း KNU ထံမှ သိရသည်။

ဩဂုတ်လ ၁၂ ရက်တွင် ကျရောက်မည့် ၆၈ ကြိမ်မြောက် ကရင်အာဇာနည်နေ့အခမ်းအနားကို တပ်မဟာ (၅) နယ်မြေတွင် ပြုလုပ်သွားမည်ကို တပ်မတော်ဘက်က ကန့်ကွက်ခဲ့သဖြင့် အခမ်းအနားကျင်းပမည့် နေရာတွင် တပ်မတော်က တပ်စွဲနေရာယူသည်အထိ တင်းမာမှုများရှိခဲ့သည်။

လက်ရှိတွင် အဆိုပါတပ်မတော်၏ တပ်စွဲထားသည့် စစ်ကြောင်းများ ပြန်လည်ဆုတ်ခွာသွားပြီဖြစ်၍ ပြေလည်မှုရရှိသွားသည့် အခြေအနေဟု ယူဆရကြောင်း KNU ၏ ဖာပွန်ခရိုင် အတွင်းရေးမှူး စောရော်ဘင်က ပြောကြားသည်။

ကရင်အာဇာနည်နေ့ကို နှစ်စဉ် ကျင်းပနေကျဖြစ်သည့် သတ်မှတ်နေရာတွင်သာ ပြုလုပ်သွားမည်ဖြစ်ပြီး စစ်ရေးပြအခမ်းအနားအချို့လည်း ပါဝင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အဆိုပါ အခမ်းအနားနှင့်ပတ်သက်၍ ကရင်ပြည်နယ်အစိုးရ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်က ကရင်ပြည်နယ်အပစ်ရပ် စောင့်ကြည့်ရေး (JMC) သို့ ဇူလိုင်လကုန်ပိုင်းက ကန့်ကွက်စာ ပေးပို့ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဒေသတွင် KNU တပ်ဖွဲ့ဝင်များသည် လက်နက်ကိုယ်စီဖြင့် ဖာလုံကြီးဒေသသို့ စစ်ရေးပြလေ့ကျင့်ရန် လာရောက်ခဲ့ခြင်းအပေါ် အဓိကထား ကန့်ကွက်ခဲ့ခြင်းဖြစ်ပြီး စစ်ရေးပြအခမ်းအနားများအား သက်ဆိုင်ရာအဖွဲ့အစည်းဌာနချုပ်မှအပ အခြားနေရာများတွင် လုပ်ဆောင်ခြင်း မပြုလုပ်ရန်လည်း အဆိုပါ ကန့်ကွက်စာတွင် ထည့်သွင်းရေးသားထားသည်။

ယင်းနောက်တွင် တပ်မတော်တပ်များလည်း အဆိုပါဖာလုံဒေသတွင် တပ်စွဲမှုများဖြစ်ပွားခဲ့ပြီး ဒေသခံများက စိုးရိမ်မှုများရှိခဲ့သည်။

ကရင်အာဇာနည်နေ့သည် ၁၉၅၀ ပြည့်နှစ်က ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ထို့ထော်ကိုး ကျေးရွာအနီး တပ်မတော်နှင့် တိုက်ပွဲတွင် ကျဆုံးသွားသည့် ကရင်အမျိုးသား ခေါင်းဆောင်တစ်ဦးဖြစ်သူ စောဘဦးကြီးနှင့် အပေါင်းအပါများ ကျဆုံးခဲ့သည့်နေ့ဖြစ်သည့် ဩဂုတ်လ ၁၂ ရက်ကို ကရင့်အာဇာနည်နေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ 

J-08


  • VIA