News

POST TYPE

ARTICLE

ရေကြီးပြီ ပြေးကြတော့
04-Aug-2018 tagged as ရေကြီး

ပဲခူး၊ ကရင်၊ မွန်နှင့် ရန်ကုန်တို့မှာ ရေတွေကြီးပြီ။ စိုပြေကတော့ ရေကြီးလျှင်ပျော်သည်။ စာမူခတွေ ခဏခဏရလို့ဖြစ်သည်။ နှစ်တိုင်း ရေကြီးသည်။ ရေကြီးတိုင်း ရေကြီးသည့်အကြောင်း ရေးသည်။ အဲ့တော့ စာမူခတွေရသည်။

တစ်ခါတလေဆို စာမူတွေတောင် မရေးနိုင်တော့။ ရေးတာတွေ ထပ်နေလို့ဖြစ်သည်။ အဲ့တော့လည်း ဘာဖြစ်တုံး ...။ အရင်တုန်းက ရေးထားတာလေးကို နေရာလေးချိန်းလိုက်ရုံပင်။ ဒါဆို စာမူခရပြီ။

သတင်းထောက်တွေလည်း ပျော်ကြသည်။ ခရီးတွေ ထွက်ရ၊ ဓာတ်ပုံတွေရိုက်ရနဲ့ ဝင်ငွေတွေ ပိုရလို့ ဖြစ်သည်။ ပရဟိတသမားတွေလည်း ပျော်ကြသည်။ အခုအစိုးရလက်ထက်မှာ အစိုးရက ကောင်းလွန်းတော့ ပရဟိတသမားတွေမှာ လုပ်ကွက်သိပ်မရှိ။

ဒီတော့ ရေကြီးတာကိုပဲ စောင့်ကြရသည်။ ရေကြီးတော့မှသာ အလှူခံလေးထွက်ရသည်။ ဒါတောင် အချို့နေရာတွေမှာ ရေဘေးအလှူခံတွေကို ခွင့်မပြု။ ဒါကလည်း အစိုးရ သိက္ခာကျစရာမဟုတ်လား။ ပရဟိတ အဖွဲ့တွေများနေလျှင် အစိုးရ ဘာမှမလုပ်ဘူးလားလို့ အပြစ်တင်ကြလိမ့်မည်။

ဒီတော့ ပရဟိတအဖွဲ့တွေလည်း တိုးတိုးတိတ်တိတ် လုပ်ရရှာသည်။ ဘာပဲဖြစ်ဖြစ် ရေဘေးဖြစ်လျှင် ပရဟိတသမားတွေလည်း ခရီးတွေထွက်ရ။ ဆယ်ဖီတွေ ဆွဲရ၊ ပစ္စည်းတွေလှူရနှင့် လက်မလည်။ ရေကြီးချိန်မှာ ပရဟိတလုပ်လျှင် နာမည်ကြီးတာများသည်။ ဥပမာ- ဝေဠုကျော်လိုပေါ့။ နာမည်ကြီးတော့ အလှူငွေတွေ ပိုရ။ ပိုလှူရ။ ခရီးတွေ ပိုထွက်ရ။ ပျော်စရာကြီး။

စီးပွားရေးသမားတွေကလည်း ပျော်ကြသည်။ ရေကြီးတော့ ကုန်ဈေးနှုန်းတွေ တက်သည်။ အဲ့တော့ စီးပွားရေးသမားတွေလည်း ဝင်ငွေပိုရ။

စီးပွားရေးလုပ်ငန်းအကြီးတွေကျတော့လည်း ရေဘေးကိုအမှီပြုပြီး ကြော်ငြာကြသည်။ ဘယ်လုပ်ငန်းက ဘယ်လောက်လှူသည်ပေါ့။ အလှူလည်းဖြစ်။ ကြော်ငြာလည်းဖြစ်။ ကုလသမဂ္ဂက ကြေညာထားသည့် Corporate Social Responsibility ဆိုတာ လည်းဖြစ်။ တိုက်ကွန်းသူဌေးကြီးတွေလည်း လှူတယ်ဆိုတော့ ပြည်သူတွေကြားမှာ နာမည်ကောင်းရ။

တကယ်ပျော်ရမှာကတော့ အစိုးရဖြစ်သည်။ အခုက ဒီမိုကရေစီခေတ်မဟုတ်လား။ ပြည်သူတွေပေးသည့် မဲနှင့်အစိုးရဖွဲ့ရခြင်းဖြစ်သည်။ ဒီတော့ ပြည်သူတွေ မဲပေးအောင်လုပ်ဖို့လိုသည်။ ဒါကြောင့် မဲတွေ ဆွယ်ကြရသည်။

အခုလို ရေဘေးဖြစ်လျှင်တော့ ထွေထွေထူးထူး မဲဆွယ်စရာမလိုတော့။ ရေဘေးကူတာကိုက မဲဆွယ်ပွဲပဲဖြစ်သည်။ ကိုယ့်ပိုက်ဆံနဲ့တောင် မဲဆွယ်စရာမလို။ အစိုးရဖြစ်နေချိန်ဆို အစိုးရပိုက်ဆံနဲ့ မဲဆွယ်ရုံပင်။

၂၀၁၅ တုန်းက ရေကြီးသည်။ အဲ့တုန်းက NLD က အစိုးရမဖြစ်သေး။ ထိုရေဘေးမှာ NLD က တော်တော်ကူညီလိုက်သည်။ အစိုးရ ကူညီနေတာတွေပါ မှေးမှိန်ပျောက်ကွယ်သွားအောင်ကို အင်တိုက်အားတိုက် ကူညီခဲ့သည်။ အဲ့အကျိုးဆက်အရ ၂၀၁၅ မှာ NLD မဲနိုင်ခဲ့သည်။ ပြည်သူတွေအမြင်မှာလည်း ကိုယ့်ကို ကူညီသူကိုပဲ မဲထည့်ချင်တာကိုး။ အဲ့တုန်းကဆို စကားတစ်ခွန်း ခေတ်စားလိုက်သည်။ မင်းဆိုးမင်း ညစ်အုပ်ချုပ်လို့ ရေကြီးတာဆိုလားပဲ။ နောက်နှစ်တွေလည်း ရေကြီးတာပါပဲ။

အခုလည်း ရေကြီးပြီ။ နိုင်ငံရေးသမားတွေအတွက် ပျော်စရာကြီးပေါ့။ နိုင်ငံတကာမှာဆိုရင်တော့ ပွဲတော်ကြီး။ ဝန်ကြီးချုပ်တွေ၊ သမ္မတတွေ ရေထဲကိုဆင်း။ ပြည်သူတွေကိုတွေ့။ ပစ္စည်းတွေပေး။ ဓာတ်ပုံတွေရိုက်။ မီဒီယာတွေမှာပါ။ အစိုးရနာမည်ကြီး။ ပါတီနာမည်ကြီး။ ဝန်ကြီးချုပ်နာမည်ကြီး။ ပြည်သူတွေနဲ့ တစ်သားတည်းရှိတဲ့ အစိုးရ ဘာညာဆိုပြီး လော်ဘီလုပ်လိုက်လို့ကတော့ ...။ ဝက်ဝက်ကွဲ အောင်မြင်မှာ။

ဒါပေမဲ့ မြန်မာပြည်က အစိုးရနဲ့ နိုင်ငံရေးသမားတွေကတော့ မလုပ်တတ်။ အခုလို ရေကြီးတာကိုတောင် စိတ်ညစ်နေပုံရသည်။ စိတ်ညစ်ရုံနှင့် အားမရ။ အစိုးရလူကြီးတွေကိုယ်တိုင်က အခုလိုရေကြီးတာ ပြည်သူတွေ မကောင်းလို့ဟု ဆိုကြသေးသည်။

ပြီးတော့ ရေကြီးတာ အစိုးရမှာပဲ တာဝန်မရှိ။ ပြည်သူတွေမှာလည်း တာဝန်ရှိသည်ဆိုပြီး နိုင်ငံပိုင် သတင်းစာတွေမှာလည်း ထည့်လိုက်သေးသည်။

အတိုက်အခံတွေကလည်း တစ်မှောင့်။ ဘားအံမှာ ရေကြီးသည်။ နိုင်ငံတော်အတိုင်ပင်ခံ အမေစုလည်း သွားသည်။ ပြည်သူတွေနဲ့ စကားဝိုင်းလုပ်ဖို့သွားခြင်းဖြစ်သည်။ ဒါပေမဲ့ ရေတွေကြီးလာတော့ ရေဘေးသင့်သူတွေနဲ့ပဲတွေ့ပြီး ပြန်လာရသည်။ ဒါတောင် မြန်မြန်ပြန်လို့ မဟုတ်ရင် အမေစုလည်း ရေဘေးရောသင့်နိုင်သည်။ ဘာပဲဖြစ်ဖြစ် အမေစုကတော့ ပြောစမှတ်ပြုသည်။ မော်လမြိုင်မှာ ပြည်သူတွေနဲ့ စကားဝိုင်းလုပ်သည်။ ပြီးတော့ မွန်ပြည်နယ် ရေကြီးသည်။ ကရင်မှာ စကားဝိုင်းလုပ်ဖို့သွားသည်။ ဘားအံမှာ ရေကြီးသည်။ တကယ်တော့ ရေကြီးတာ သဘာဝဘေး။ ဒါပေမဲ့ တချို့ကလည်း ဖွကြသည်။ အမေစုလာလို့ပဲ ရေကြီးသလိုလို။ တကယ်တော့ မဆိုင်။ ခေတ်အဆက်ဆက် ရွှေတွေတူး၊ သစ်တွေခုတ်။ မြစ်ချောင်းတွေထဲမှာ နုန်းတွေ များလာ။ ဒီတော့ ရေမကြီးဘဲနေတော့မလား ...။

ဘာပဲဖြစ်ဖြစ် အစိုးရကတော့ ရေကြီးတာဟာ ပြည်သူတွေမှာ တာဝန်ရှိကြောင်း ပြောလိုက်ပြီ။ ဒုသမ္မတကလည်း ပြည်သူတွေကို အပြစ်တင်လိုက်ပြီ။ သတင်းစာတွေမှာလည်း ပြည်သူတွေမှာ တာဝန်ရှိသည်ဟုဆိုသည်။ ဒါတင်မကသေး ...။ သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေးကော်မတီကလည်း ပြည်သူတွေအတွက် ကြေညာချက်ထုတ်လိုက်သေးသည်။ ရေကြီးတော့မယ် ပြေးတော့တဲ့ ...။

ဟုတ်တော့လည်း ဟုတ်သည်။ အစိုးရကလည်း အလုပ်တွေများသည်။ ရုပ်တုတွေလုပ်ရဦးမည်။ ပြီးတော့ ဒေါ်လာဈေးကလည်း တက်နေသည်။ စီးပွားရေးကလည်း အစိုးရက တိုးတက်သည်ဆိုပေမယ့် ပြည်သူတွေဘက်မှာတော့ ကျနေသည်။ ဒါကြောင့် ပြည်သူတွေစီးပွားရေးတိုးတက်အောင်လည်း လုပ်ပေးရဦးမည်။ အရင်အစိုးရထားခဲ့သည့် မာစီဒီးကားတွေလည်း ပြင်ရဦးမည်။ ရုပ်ချောသူတွေနဲ့လည်း စကားဝိုင်းလုပ်ရဦးမည်။

ဒီတော့ ရေဘေးလောက်နဲ့ အစိုးရကို အပူကပ်မနေနဲ့တော့ ...။ ကိုယ့်ဟာကိုယ် အဆင်ပြေအောင်နေကြ။ အစိုးရမင်းတို့ အကြံပြုသလိုပဲ ရေခဏခဏ ကြီးနေရင်လည်း အဲ့မှာမနေနဲ့တော့ ...။ ရေမကြီးတဲ့ တောင်ပေါ်ကို ပြောင်းနေကြ။ ဒါမှမဟုတ်လည်း ခြေတံရှည်အိမ်တွေဆောက်ပြီး လှေတွေ ဝယ်ထားကြပေါ့။

စိုပြေ