News

POST TYPE

ARTICLE

မေမေ . . . ကြင်ကြင်ကျောင်းတက်နေပါပြီ
02-Aug-2018



အမှတ် (၂) အခြေခံပညာမူလတန်းကျောင်းရှိ အခန်းထောင့်တစ်နေရာတွင် အသက်ငါးနှစ်အရွယ် ကလေးတစ်ဦး တိတ်ဆိတ်စွာ ထိုင်နေသည်။ သူက မျက်လုံးတောက်တောက် အသားညိုညိုပိုင်ရှင်မလေး ကြင်ကြင်။ 

အခန်းဖော်သူငယ်ချင်းများ ပျော်ရွှင်စွာကစား နေကြသော်လည်း ကြင်ကြင်တစ်ယောက် တိတ်ဆိတ်နေသောသူ့မျက်ဝန်းများဖြင့် အခန်းဖော်သူငယ်ချင်းများကို ငေးကြည့်နေသည်။ 

ကြင်ကြင်အတွက် သက်တူရွယ်တူကလေးများနှင့် သူငယ်ချင်းဖြစ်ခွင့်ရှိသော်လည်း သူ့ကိုခေါ်ကစားမည့်သူငယ်ချင်းမရှိ။ သူက တခုတ်တရခေါ်ကစားရမည့် သူငယ်ချင်းလည်းမရှိ။ သူ့ကမ္ဘာက သူထိုင်နေသော ခုံအစွန်းမျှခန့်သာ။ 

သူ ကျောင်းကိုလာခဲ့တဲ့နေရာက လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကဖွင့်ထားတဲ့ ကလေးပြုစုရေးဌာန။ သူ့မှာ ဖေဖေ၊ မေမေ ရှိခဲ့ပါသော်လည်း ကြင်ကြင်ကတော့မသိ။ 

ကလေးပြုစုရေးဌာနမှာရှိတဲ့ အခြားကလေးများနည်းတူ ကြင်ကြင်သည်လည်း စွန့်ပစ်ခံကလေးတစ်ဦးသာ။ သူမိဘများက ဘာကြောင့် စွန့်ပစ်ခဲ့သည်ကို ကြင်ကြင်မသိ။ 

ကြင်ကြင်သည် ကလေးပြုစုရေးဌာနမှာရှိတဲ့ မေသော်၊ ရှင်းသန့်၊ ထက်ဇော် စတဲ့ သူငယ်ချင်းများနှင့် အတူ ကျောင်းလာတက်ရသည်။ ဒါသည်ပင် သူ့ကမ္ဘာ၊ သူ့အဖော်များသာဖြစ်သည်။ 

“သူတို့အနေနဲ့ ချို့ချို့ငဲ့ငဲ့တော့မနေရဘူး။ ဒါပေမဲ့ သူတို့ တစ်ခုခုလိုနေသလိုပဲ။ ကျွန်မစာသင်နေရင် ကြည့်ကြည့် သမီးကြည့်၊ သားကြည့်ဆိုရင် ကြည့်တော့ကြည့်တယ်။ သူတို့ဘာတွေတွေးနေလဲ မသိဘူး။ အာရုံမရဘူး” ဟု အတန်းပိုင်ဆရာမ ဒေါ်လှသီတာက ပြောပြသည်။

မန္တလေး ကလေးပြစုရေးဌာနတွင် ဌာနပိုင်ကလေး၊ ယာယီအပ်နှံထားသည့်ကလေး စသည့်ဖြင့် ကလေးအမျိုးအစားများခွဲထားပြီး ကြင်ကြင်အပါအဝင် စုစုပေါင်းကလေး ၃၇ ဦးရှိသည်။ 

ကြင်ကြင်သည် မန္တလေးကလေးပြုစုရေးဌာနသို့ ၂၀၁၇ ခုနှစ်က ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး အဲဒီအချိန်မှာ သူ့အသက်က လေးနှစ်။ အဘွားဖြစ်သူက စွန့်ပစ်ခဲ့တဲ့အတွက် ရောက်ရှိလာခဲ့သည်ဟု ကလေးပြုစုရေးဌာန ဦးစီးအရာရှိ နန်းမောက်ဆိုင်က ဆိုသည်။

ကြင်ကြင်နေသည့် ကလေးပြုစုရေးဌာနတွင် မွေးကင်းစမှ အသက်တစ်နှစ်ထိ ကလေး ၁၀ ဦး၊ အသက် တစ်နှစ်မှ သုံးနှစ်ထိ ကလေးခြောက်ဦး၊ အသက်သုံးနှစ်မှငါးနှစ်ထိ ကလေး သုံးဦးနှင့် အသက် ငါးနှစ်အထက် ၁၈ ဦးရှိသည်။

“ကျွန်တော်တို့ကလေးတွေက လေးနှစ်ဆိုတဲ့အရွယ်မှာ ပြောပြနိုင်ရမှာပေါ့။ သို့သော်လည်း သူ (ကြင်ကြင်) မပြောပြနိုင်ဘူး။ ဘာမှ နားမလည်သေးတဲ့ မွေးကင်းစအရွယ်တွေဆိုရင် ဒါကပဲ သူတို့ရဲ့အိမ်၊ သူတို့ရဲ့စောင့်ရှောက်သူအဖြစ်နဲ့ ကြီးပြင်းလာကြတယ်။ စွန့်ပစ်တယ်ဆိုတဲ့နေရာမှာလည်း အသက်နည်းနည်းရမှ မိဘကိုယ်တိုင်က လာအပ်တာတွေရှိတယ်။ ဆိုတော့ သူတို့ရဲ့ဖွံ့ဖြိုးမှုက အိမ်မှာနေရတဲ့ကလေးတွေနဲ့ မတူတော့ဘူး” ဟု ဦးစီးအရာရှိက သူ့အတွေ့အကြုံကို ရှင်းပြသည်။

စွန့်ပစ်ခံကလေးများသည် ပြောစကားနားမထောင်ခြင်း၊ အကောင်းမြင်စိတ်နည်းပါးခြင်းနှင့် ဂျစ်တီး၊ ဂျစ်ကန် လုပ်လေ့ရှိသည်။ 

“ဂရုစိုက်တာကိုလိုချင်တာလည်း ဖြစ်နိုင်တယ်။ နောက်တစ်ခုက အပြုသဘောနဲ့ ကြီးပြင်းမသွားဘဲနဲ့ အရာအားလုံးကို အဆိုးမြင်ပြီးနေတဲ့ပုံစံမျိုးတွေ အများဆုံးတွေ့ရတယ်။ လိုအင်ဆန္ဒပြည့်ဝတယ်လို့ ဘယ်ခါမှ မခံစားရဘဲနဲ့ တစ်ခုခုလိုနေသလိုမျိုးနဲ့ ကြီးပြင်းလာရတဲ့ပုံစံမျိုးပေါ့” ဟု နန်းမောက်ဆိုင်ကဆိုသည်။

ကလေးတစ်ယောက်၏ ဖွံ့ဖြိုးမှုအပိုင်းတွင် သိမှုဆိုင်ရာဖွံ့ဖြိုးမှု၊ စိတ်ခံစားမှုဆိုင်ရာဖွံ့ဖြိုးမှု၊ ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု၊ လူမှုဆက်ဆံရေးဆိုင်ရာဖွံ့ဖြိုးမှုဆိုသော အပိုင်းအခြားများရှိသော်လည်း စွန့်ပစ်ခံကလေးများအနေနှင့် အဆိုပါအချက်များပြည့်စုံရန် ခဲယဉ်းနိုင်သည်ဟု မန္တလေးတက္ကသိုလ် စိတ်ပညာ ဌာနမှ ဌာနမှူး ဒေါက်တာဒေါ်ခင်စန်းလှိုင်က ပြောဆိုသည်။

ကလေးများ ဘက်ပေါင်းစုံပြည့်စုံဖွံ့ဖြိုးဖို့ မိခင်၊ ဖခင်တို့၏ ပြုစုစောင့်ရှောက်မှု၊ ဂရုစိုက်မှုသည် အလွန်အရေးကြီးသောအချက်များ ဖြစ်သည်။

“မိဘတွေက သူတို့ကလေးတွေကို စိတ်ပိုင်း၊ ရုပ်ပိုင်းစောင့်ရှောက်တယ်။ သူတို့ဆာရင်ကျွေးတယ်။ သူတို့အတွက် နွေးထွေးတဲ့ ချစ်ခြင်းမေတ္တာကိုပေးတယ်။ ဒါတွေရှိနေမှကလေးက အန္တရာယ်ကင်းတယ်လို့ ယူဆတာကိုး။ ဒါကသူတို့စိတ်ထဲမှာရှိတာပေါ့။ အခုလိုမျိုး မိဘနဲ့မရှိဘူး။ သူတို့အတွက် စား၊ ဝတ်၊ နေရေးမှာ အားကိုးရာမရှိဘူးဆိုရင် ဒါကသူတို့အတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုအန္တရာယ်ပဲ” ဟု ဒေါ်ခင်စန်းလှိုင်က ရှင်းပြသည်။

စိတ်ပညာသဘောအရ ကလေးတစ်ယောက်သည် မိခင်၏ရင်ခွင်အတွင်းမှာရှိနေတဲ့အချိန်များက သူတို့အတွက် စိတ်ပိုင်းဆိုင်ရာအရ လုံခြုံမှုရှိတယ်လို့ ခံစားရစေသည်။ စိတ်ပိုင်းဆိုင်ရာလုံခြုံမှု၊ စိတ်ချရမှုကို ရရှိစေသည်။ အန္တရာယ်ကင်းစေတယ်လို့ ယူဆကြပါသတဲ့။ ဒါတွေမရခဲ့ရင် ပတ်ဝန်းကျင်လောကကို ယုံကြည်မှုမရှိခြင်း၊ စိတ်ကျခြင်း၊ ရန်လိုခြင်း၊ ကိုယ်ကိုယ်ကိုယ်ယုံကြည်မှုမရှိခြင်း၊ အခြားသူများအပေါ် မချစ်ခင်ခြင်း၊ စိတ်လိုက်မာန်ပါပြုမှုခြင်းများဖြစ်လာနိုင်တယ်လို့လည်း ဆိုသည်။ 

“ဒီကလေး (ကြင်ကြင်) က မိခင်ရဲ့နွေးထွေးမှု ကို မရခဲ့တဲ့အတွက် စိတ်ပိုင်းဆိုင်ရာယုံကြည်မှုမရှိတော့ဘူး။ ဒါကြောင့် သူ့အနေနဲ့ သူများကိုလည်း ချစ်ခင်နွေးထွေးမှု ပြနိုင်မှာမဟုတ်တော့ဘူး။ ဒါက ဖြစ်နိုင်ခြေတွေပေါ့။ ကလေးမှာလည်း ကလေးနဲ့ညီမျှ တဲ့ လုပ်ဆောင်ချက်တွေရှိတယ်။ သူ့လုပ်ဆောင်ချက် တွေကို အသိအမှတ်ပြုမယ့်သူလည်းမရှိဘူး။ ဒါတွေ မရှိတဲ့အတွက် သူ့ကိုယ်သူ ယုံကြည်မှုလည်း ရှိမယ် မထင်တော့ဘူး။ လူတွေနဲ့ရှောင်ဖယ်လာတယ်။ မဆက်ဆံချင်ဘူး။ စိတ်ခံစားမှုတွေမှာ ပျက်ပြားတာပေါ့။ သုတေသနတွေ့ရှိချက်တွေအရတော့ ဒီလိုပဲပြောထားတယ်” ဟု ရှင်းပြသည်။

မြန်မာနိုင်ငံတွင် ကလေးပြုစုရေးဌာနခြောက်ခု၊ နေ့ကလေးထိန်းဌာန ၄၁ ခု၊ မူလတန်းကြိုကျောင်း ၂၁ ကျောင်း၊ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း ၇၈၉ ကျောင်းအထိ ဖွင့်လှစ်ထားကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စာရင်းတွေအရ သိရသည်။

မန္တလေးတိုင်းအတွင်း၌ မှတ်ပုံတင်ထားပြီးဖြစ်သည့် လူငယ်ဖွံ့ဖြိုးရေးဂေဟာ ၁၅ ခု၊ မသန်စွမ်း ပရဟိတဂေဟာနှစ်ခု၊ ဘိုးဘွားရိပ်သာ ၁၃ ခုရှိတယ်လို့ မန္တလေးတိုင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနမှသိရသည်။ ဒါကတရားဝင်မှတ်ပုံတင်ထားပြီးသားစာရင်းအရ ဖြစ်ပြီး မှတ်ပုံမတင်ရသေးတဲ့ ဂေဟာတွေလည်း ရှိနေ ပါသေးသည်။

သည်လိုဂေဟာများ၊ ကလေးပြုစုရေးဌာနများအနေနှင့် စွန့်ပစ်ခံကလေးတွေအတွက် ဘယ်လောက်ထိအရေးပါလာပြီလဲ။ ပြုစုစောင့်ရှောက်ပေး နေသူတွေအနေနှင့်ကလေးများကို တကယ့်မိဘမေတ္တာဖြင့် ပြုစုစောင့်ရှောက်ခြင်း၊ တစ်ဦးချင်းကို အာရုံစိုက်စောင့်ရှောက်ခြင်း၊ ခေါ်ပြောနှုတ်ဆက်ခြင်းများပြုလုပ်သင့်ကြောင်း မန္တလေးတက္ကသိုလ် စိတ်ပညာဌာနမှ ဌာနမှူး ဒေါက်တာဒေါ်ခင်စန်းလှိုင်က အကြံပြုသည်။ 

“ကလေးတစ်ဦးဦးကိုပိုပြီးတော့ ဂရုစိုက်တာတွေမလုပ်သင့်ဘူး။ နှိုင်းယှဉ်တာတွေမလုပ်သင့်ဘူး။ ဒီလိုလုပ်တာက ကလေးတွေရဲ့စိတ်ကိုပိုပြီး အနာတရဖြစ်စေပါတယ်” လို့ ဆရာမကြီးက သတိပေးသည်။

ကလေးပြုစုရေးဌာနအနေနှင့် ဝန်ထမ်းအင်အား နည်းပါးနေပြီး ကလေးကများနေသည့် အနေအထားများကို ရင်ဆိုင်နေရသည်။

“ဒါက အင်မတန်အရေးကြီးတဲ့ အင်မတန်ကောင်းမွန်တဲ့ ပြုစုစောင့်ရှောက်သူနဲ့ ပြုစုစောင့်ရှောက်တဲ့စနစ်ပါ။ ကလေးစိတ်ပညာကို တကယ်ကို သိထားတဲ့သူတွေကိုမှ ပြုစုစောင့်ရှောက်တဲ့သူတွေအဖြစ် ခန့်သင့်တယ်။ အခုက အသက်ကြီးလာတဲ့ မိဘမဲ့တွေကို ဒီမှာအလုပ်ပြန်ခန့်တယ်။ ပြုစုရေးက ထွက်သွားတဲ့ကလေးတွေက စက်ရုံတစ်ရုံကနေပြီးတော့ ထုတ်လိုက်တဲ့အတိုင်း တစ်ပုံစံတည်းပဲ။ စကားပြောတာ၊ စဉ်းစားတာ၊ တစ်ပုံစံတည်းပဲ။ ဒါကို သုံးသပ်အဖြေရှာရမယ့်အချိန်တော့ ရောက်ပြီ။ ဘာ့ကြောင့်လဲဆိုတဲ့အဖြေကို ရှာရတော့မယ်” ဟု ကလေးပြုစုရေးဌာနမှ ဦးစီးအရာရှိ နန်းမောက်ဆိုင်က ပြောဆိုသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေနှင့် ဂေဟာတွေကို ထောက်ပံ့ကြေးတွေ ပေးတဲ့နေရာမှာ ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်မှာ ဝန်ထမ်းတစ်ဦးကို တစ်နှစ်စာအတွက် ကျပ်သုံးသောင်းထောက်ပံ့ပေးရာကနေ ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်စပြီး ကျပ် ၅၄,၀၀၀ ကျပ်သို့ တိုးမြှင့်ပေးခဲ့သည်။

စားစရိတ်ထောက်ပံ့ကြေးအနေနှင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်းက ဝန်ထမ်းတစ်ဦးကို တစ်နှစ်စာအတွက် ကျပ်သုံးသောင်းထောက်ပံ့ရာမှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာ ၇၃,၀၀၀ ကျပ်အထိ တိုးမြှင့်ပေးခဲ့ပြီး ဝတ်စုံစရိတ်ထောက်ပံ့ကြေးအနေနှင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ဝန်ထမ်းတစ်ဦးကို တစ်နှစ်စာအတွက် ကျပ် ၁၃,၀၀၀ သာပေးခဲ့ရာမှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ကျပ်နှစ်သောင်းဟု တိုးမြှင့်ပေးခဲ့သည်။

ယင်းအပြင် ဂေဟာမှူးလစာများကိုလည်း ကျပ် ၁၈,၀၀၀ မှ ကျပ် ၃၆,၀၀၀ အဖြစ် တိုးမြှင့်ထောက်ပံ့ပေးခဲ့သည်။

ကြင်ကြင်နေသည့် ကလေးပြုစုရေးဌာန၌ တစ်လလျှင် ၂၅ ရက်အထိ အလှူရှင်များက ကျွေးမွေးလေ့ရှိသောကြောင့် ရုပ်ပိုင်းဆိုင်ရာထောက်ပံ့မှုများကို ပြည့်ဝစွာ ဖြည့်ဆည်းပေးနိုင်သော်လည်း စိတ်ပိုင်းဆိုင်ရာများကိုမူ ပြည့်ဝစွာဖြည့်ဆည်းပေးနိုင်ခြင်း မရှိသေးပေ။

အကြောင်းအမျိုးမျိုးကြောင့် လူမှုရေးချို့တဲ့နေသည့်ကလေးများ၊ ပြုစုစောင့်ရှောက်မည့်သူမရှိသော ကလေးများကို မွေးစမှ အသက်ရှစ်နှစ်အရွယ်အထိ ဘက်စုံဖွံ့ဖြိုးမှုရရှိစေရေးအတွက် ရှေးဦးကလေးသူငယ်ဖွံ့ဖြိုးမှု ပြုစုပျိုးထောင်ရေးဆိုင်ရာ နည်းစနစ်များဖြင့် ပြုစုစောင့်ရှောက်ပေးခြင်း၊ သာမန်မိသားစုများကဲ့သို့ ကြီးပြင်းလာနိုင်ရန် ကလေးသူငယ်ဥပဒေနှင့်အညီ သင့်တော်သောမိဘများအား မွေးစားခွင့်ပေးခြင်း၊ မူလတန်းပညာ ကောင်းမွန်စွာသင်ကြား နိုင်ရေးနှင့် ကလေးသူငယ် အခွင့်အရေးများ အပြည့်အဝရရှိစေရေးအတွက်ရည်ရွယ်ကာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနက ကလေးပြုစုရေးဌာနများကို ဖွင့်လှစ်ထားခြင်းဖြစ်သည်။ 

“သူတို့ကိုပြုစုစောင့်ရှောက်နေတဲ့ဝန်ထမ်း၊ သူတို့ကို ပြုစုစောင့်ရှောက်သူရဲ့အခန်းကဏ္ဍ ဘယ်လောက်အရေးပါတယ်ဆိုတာကို ပြန်သုံးသပ်ရမယ့် အနေအထားကို ရောက်နေပြီ” ဟု ဒေါ်နန်းမောက်ဆိုင်က ပြောဆိုသည်။ 

ကြင်ကြင်တို့လိုအပ်နေတာက မေတ္တာတရားပါ။ နွေးထွေးစိတ်ချရတဲ့ရင်ခွင်တွေပါ။ သင့်လျော်ကောင်းမွန်တဲ့ပတ်ဝန်းကျင်ပါ။ ကလေးတစ်ယောက် ကောင်းခြင်းဆိုခြင်းဆိုသည်မှာ မိဘမျိုးရိုးဗီဇ၊ ပတ်ဝန်းကျင်၏ သက်ရောက်မှုအပေါ် များစွာမူတည်ပါတယ်။ 

“မျိုးရိုဗီဇကနေအမွေရထားတဲ့ လုပ်နိုင်စွမ်းအားတွေကြောင့် ဒီလူတွေက လုံးဝမကောင်းတဲ့သူတွေဆိုပြီး တထစ်ချပြောလို့မရဘူး။ နောက်တစ်ခုက ပတ်ဝန်းကျင်။ ပတ်ဝန်းကျင်က ဒီကလေးက လူကယ်ပြန်ကျောင်းကပဲ၊ မိဘကစွန့်ပစ်ထားတာပဲ ဆိုပြီ သူ့ကို တန်ဖိုးမထားဘဲဆက်ဆံရင်တော့ ခံနိုင်ရည်ရှိတဲ့ကလေးက သူရဲ့တိုးတက်ရာကိုရှာပြီး အောင်မြင်အောင်လုပ်နိုင်သလို မခံနိုင်တဲ့ကလေးတွေက ပိုဆိုသွားနိုင်တယ်” ဟု စိတ်ပညာဌာနပါမောက္ခ ဒေါက်တာ ဒေါ်ခင်စန်းလှိုင်က မှတ်ချက်ပြုသည်။

ကြင်ကြင်တို့လို ကလေးပြုစုရေးဌာနကပဲဖြစ်ဖြစ်၊ ပုဂ္ဂလိကတွေက ဖွင့်ထားတဲ့ဂေဟာတွေကပဲ ဖြစ်ဖြစ်စွန့်ပစ်ခံကလေးငယ်များ၏ မျိုးရိုးဗီဇကို ပြုပြင်ပြောင်းလဲဖို့ စွမ်းနိုင်စွမ်းမရှိသော်လည်း ကလေးများ၏ ပတ်ဝန်းကျင်ကိုဖန်တီးပေးနိုင်ပြီး မေတ္တာတွေပေးနိုင်သည်။ အထီးကျန်သော၊ စိတ်ကျနေသော၊ ရန်လိုနေသော၊ ကလေးငယ်များမဖြစ် အောင် စွမ်းဆောင်နိုင်သော အခွင့်အရေးရှိသည်။ ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု၊ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုရှိသော ကလေးများအဖြစ် ရှင်သန်ကြီးပြင်းလာစေရန် လမ်းညွှန်ပေးနိုင်သည်။

မည်သို့ပင်စေ ကြင်ကြင်ကတော့ ကျောင်းကားကြီးစီးပြီး ကျောင်းကိုလာရပါဦးမည်။ ကားကြီးစီးပြီး ပြုစုရေးဌာနသို့ပြန်ရပါဦးမည်။ ကြင်ကြင့်မေမေကို ပြောပေးကြပါ။ ကြင်ကြင် ကျောင်းတက်နေပါပြီလို့။

မြတ်မင်း