News

POST TYPE

ARTICLE

ကျွန်တော်ရိုက်ချင်သော ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်
01-Aug-2018
မိုးကလေးတစိမ့်စိမ့် ဝါဆိုလပြည့်နေ့မှာ အွန်လိုင်းပေါ် ဟိုဟိုဒီဒီ စာတွေလိုက်ဖတ်ရင်းက စိတ်ဝင်စားဖွယ် link တစ်ခုဆီ ရောက်သွားခဲ့သည်။ အကြောင်းအရာက အသစ်မဟုတ်သော်လည်း ကိုယ်မသိသေးတာတွေ ပါနေသဖြင့် စာထဲ အချိန်အတော်ကြာ နစ်ဝင်စီးမျောသွားခဲ့သည်။ မြန်မာ့လွတ်လပ်ရေးနောက်ကွယ်က အဓိက ကြိုးကိုင်ပါဝင်ခဲ့သူလည်းဖြစ်၊ ယနေ့အထိ အတောမသတ်နိုင်သေးသည့် ပြည်တွင်းစစ်မီး၏ ကနဦးတွင် ပါဝင်ခဲ့သူလည်းဖြစ်သူ “ဗိုလ်မိုးကြိုး” ခေါ် ဂျပန်စစ် ထောက်လှမ်းရေးအရာရှိ ဗိုလ်မှူးကြီး ဆူဇူကီး (Keiji Suzuki) အကြောင်းပင် ဖြစ်သည်။ Tea Circle ဟု အမည်ပေးထားသော စာမျက်နှာမှာတော့ ဆောင်းပါးရှင်က Keiji Suzuki: The Japanese Lawrence of Arabia who helped end British Rule in Myanmar (မြန်မာနိုင်ငံတွင် ဗြိတိသျှတို့ အုပ်ချုပ်မှုကို အဆုံးသတ်စေခဲ့သူ ဂျပန် “လောရင့်စ် အော့ဖ် အာရေးဗီးယား” ကီဂျီ ဆူဇူကီး) ဟူ၍ ခေါင်းစဉ်ပေးထားသည်။ ထိုဆောင်းပါးကိုဖတ်ရင်း ဗိုလ်မှူးကြီးဆူဇူကီးအကြောင်းကို သိချင်လာသည်။ ၁၉၄၂ ခုနှစ်တွင် ဂျပန်နိုင်ငံသို့ ပြန်သွားသည့်နောက်ပိုင်းတွင် သူဘာဖြစ်သွားသည်၊ ဘယ်အချိန်ထိ အသက်ရှင်နေထိုင်သွားသည်ကို မသိ။ ဆက်လက်ရှာဖွေရင်း ဧရာဝတီမဂ္ဂဇင်း၊ အင်္ဂလိပ်ဗားရှင်းမှာ The Man Behind the Burma Independence Army ကို သွားတွေ့သည်။ ရေးသားသူက အောင်ဇော်။ ထိုဆောင်းပါးမှာတော့ ဆူဇူကီးအကြောင်း အသေးစိတ်အချို့ ပါလာသည်။ 

မြန်မာ့လွတ်လပ်ရေးသမိုင်းက စိတ်ဝင်စားစရာတွေနှင့် ပြည့်နှက်နေသည်။ အလားတူ လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလက လှုပ်ရှားတက်ကြွသော ကျောင်းသားလူငယ် သခင်ပေါက်စများနှင့် သူတို့၏ စွန့်စားခန်းများကလည်း စိတ်ဝင်စားဖွယ်ကောင်းသည်။ ရဲဘော်သုံးကျိပ်ဟု ထင်ရှားလာမည့် မြန်မာလူငယ်တစ်စုကို ဂျပန်သို့ ခေါ်ယူစစ်ရေးလေ့ကျင့်စေခဲ့ရာတွင် အဓိက ဦးဆောင်ပါဝင်ခဲ့သော ဂျပန်ထောက်လှမ်းရေး ဗိုလ်မှူးကြီး ဆူဇူကီးကို နောင်တွင် ဂျပန်နိုင်ငံ၏ “လောရင့်စ်အော့ဖ်အာရေးဗီးယား” Japan's  Lawrence of Arabia အဖြစ် မှတ်တမ်းတင်ခဲ့သည်ကိုလည်း တွေ့ရသည်။ ပထမကမ္ဘာစစ်မတိုင်မီ ပါလက်စတိုင်းနှင့် ဆိုင်းနိုင်းပြည်သူများက တူရကီအော်တိုမင်အင်ပါယာကို တော်လှန်ရာတွင် နောက်ကွယ်က ပါဝင်ခဲ့သည့် အင်္ဂလိပ်ရှေးဟောင်းသုတေသနပညာရှင်၊ စစ်အရာရှိ၊ စာရေးဆရာ T.E Lawrence နှင့် ဗိုလ်မှူးကြီးဆူဇူကီးကို ခိုင်းနှိုင်းထားခြင်းဖြစ်သည်။ 

ထိုသို့ ခိုင်းနှိုင်းလောက်အောင်လည်း ဗိုလ်မှူးကြီးဆူဇူကီး၏ မြန်မာ့လွတ်လပ်ရေးတပ်မတော်နောက်ကွယ်က ပါဝင်လှုပ်ရှားမှုတွေက စိတ်ဝင်စားစရာကောင်းလှသည်။ သူသည် ၁၉၄၀ ပြည့်နှစ်တွင် ဂျပန်နိုင်ငံ ယူမီယူရီ သတင်းထောက်တစ်ဦးအဖြစ် ရန်ကုန်မြို့သို့ အသွင်ယူရောက်ရှိလာပြီး မြန်မာ့မျိုးချစ်လူငယ်အချို့နှင့် တိတ်တဆိတ်တွေ့ဆုံခဲ့သည်။ ထိုကာလမှာ သခင်အောင်ဆန်းအပါအဝင် မြန်မာမျိုးချစ်လူငယ်များ အင်္ဂလိပ်တို့ထံမှ လွတ်လပ်ရေးရယူရန် နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းနေကြချိန်ဖြစ်သည်။ ဗြိတိသျှတို့၏ ဝရမ်းပြေးတစ်ဦးအဖြစ် သတ်မှတ်ခံထားရသော သခင်အောင်ဆန်းမှာ ပြည်ပအဆက်အသွယ်ရှာဖွေပြီး အင်္ဂလိပ်တို့ကို လက်နက်ကိုင်တော်လှန်ရန် ကြံဆနေချိန်ဖြစ်သည်။ လက်ဝဲယိမ်း မြန်မာမျိုးချစ်လူငယ်အများစုက တရုတ်ကွန်မြူနစ်ပါတီနှင့်ပူးပေါင်းပြီး တိုက်ပွဲဝင်ရန်ဆန္ဒ ရှိသည်။ ထိုစဉ်က ဂျပန်သည် တရုတ်အား ကျူးကျော်သိမ်းပိုက်ထားရာ သခင်အောင်ဆန်းအပါအဝင် မြန်မာမျိုးချစ်များက ဂျပန်ကိုသဘောမကျ။ လက်တွဲရန်ဆန္ဒမရှိ။ တရုတ်ကွန်မြူနစ်ပါတီနှင့် ဆက်သွယ်ရန် မြန်မာနိုင်ငံမှ လျှို့ဝှက်ထွက်ခွာသွားသော သခင်အောင်ဆန်းနှင့် သခင်သန်းမြိုင်တို့သည် တရုတ်နိုင်ငံတောင်ပိုင်း အမွိုင်မြို့ (ယခု Xiamen) တွင် လအတန်ကြာ သောင်တင်နေခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီနှင့်လည်း အဆက်အသွယ်မရ။ ထိုအခြေအနေကိုသိသော ဆူဇူကီးက သူ့လူတစ်ဦးကို စေလွှတ်ပြီး ဂျပန်သို့ ခေါ်ယူလိုက်သည်။ ၁၉၄၀၊ နိုဝင်ဘာလတွင် သခင်အောင်ဆန်းနှင့် သခင်သန်းမြိုင်တို့နှစ်ဦး တိုကျိုမြို့သို့ ရောက်ရှိလာခဲ့သည်။ ဆောင်းပါးပါ ဖော်ပြချက်အရ နှစ်ဦးစလုံး အလွန်အေးသော ဆောင်းရာသီတွင် အနွေးထည်လည်းမပါ၊ ပတ်စ်ပို့လည်း မပါ။ ဗိုလ်မှူးကြီး ဆူဇူကီးက သူတို့နှစ်ဦးကို လက်ခံတွေ့ဆုံပြီး ဆန္ဒကိုမေးမြန်းသည်။ ဆူဇူကီး၏ သုံးသပ်ချက်အရ လွတ်လပ်ရေးကြိုးပမ်းနေသော မြန်မာမျိုးချစ်လူငယ်များတွင် အစုနှစ်စုကွဲနေသည်။ အများစုက တရုတ်-ရုရှားတို့နှင့် ပူးပေါင်းလက်တွဲရန်ဆန္ဒရှိပြီး အနည်းစုကသာ ဂျပန်နှင့်လက်တွဲလိုသည်။ သို့သော် လွတ်လပ်ရေးအတွက် မည်သူ့အကူအညီရသည်ဖြစ်စေ လက်ခံရန် နောက်ဆုံးတွင် ဆုံးဖြတ်ခဲ့ကြသည်။ ဆူဇူကီးသည် အသက် ၂၅ နှစ်သာရှိသေးပြီး ရင့်ကျက်မှုမရှိသေးသည့် သခင်အောင်ဆန်းကို သိပ်တော့ဘဝင်မကျ။ သခင်အောင်ဆန်းအား မြန်မာ့လွတ်လပ်ရေးနှင့်ပတ်သက်ပြီး အသေးစိတ်စီမံချက်စာတမ်း (Blueprint) တစ်စောင် တင်ပြရန်တောင်းဆိုခဲ့ရာ နောင်တွင် ဂျပန်စစ်ဌာနချုပ်သို့ပေး ပို့ခဲ့သော ထိုစာတမ်းသည် သခင်အောင်ဆန်း၏ မူရင်းလော၊ ဆူဇူကီးက ပြန်လည်ပြင်ဆင် ဖြည့်စွက်ထားသောစာတမ်းလော မည်သူမျှ မသိနိုင်ခဲ့ကြပေ။ 

ဂျပန်ရောက်ပြီး သိပ်မကြာမီမှာပင် သခင်အောင်ဆန်းသည် ဂျပန်ဝတ်စုံကို ဝတ်ဆင်ကာ ဂျပန်နာမည်ခံယူပြီး ဂျပန်စကားကို ကောင်းစွာသင်ယူနိုင်ခဲ့သည်ဆို၏။ ထိုစဉ်က ဆူဇူကီးနှင့် ဂျပန်စစ်ဌာနချုပ်အကြား ဆက်ဆံရေးမှာ နားလည်ရခက်သည်ဟုလည်း အချို့ကသုံးသပ်သည်။ မြန်မာ လှုပ်ရှားတက်ကြွသူနှစ်ဦး ဂျပန်သို့ရောက်လာပြီဖြစ်ကြောင်း ဆူဇူကီးက ကနဦး သတင်းပို့ခဲ့သော်လည်း သူတို့နှစ်ဦးကို ကောင်းမွန်စွာဆက်ဆံခြင်းလည်းမရှိ၊ အကူအညီလည်းမပေးဘဲ ထားခဲ့သည်။ ထိုအတောအတွင်း ဗြိတိသျှတို့က တရုတ်ကို စစ်ရေးအထောက်အပံ့ပေးရန် Burma Road လမ်းမကြီးအား စတင်ဖွင့်လှစ်လိုက်ရာ ဂျပန်စစ်ဌာနချုပ်အတွက် မြန်မာ့အရေးမှာ အာရုံစိုက်စရာဖြစ်လာခဲ့သလို ဆူဇူကီး၏ အခန်းကဏ္ဍမှာလည်း အရေးပါလာသည်။ ဂျပန်စစ်ဌာနချုပ်၏ တာဝန်ပေးအပ်ချက်အရ ဆူဇူကီးသည် သခင်အောင်ဆန်းတို့အား တွေ့ဆုံပြီး မြန်မာပြည် လွတ်မြောက်ရေး မြေအောက်စီမံကိန်းတစ်ရပ်ကို စတင်အကောင်အထည်ဖော်တော့သည်။ ထိုလျှို့ဝှက်စစ်ဆင်ရေးစီမံချက်ကို “မီနာမီကီကန်း” Minami Kikan ဟု အမည်ပေးထားသည်။ ဗိုလ်မှူးကြီးဆူဇူကီး၏ အစီအစဉ်ဖြင့် သခင်အောင်ဆန်းအပါအဝင် နောင်တွင် ရဲဘော်သုံးကျိပ်ဖြစ်လာမည့် မြန်မာမျိုးချစ်လူငယ် ၃၀ သည် ၁၉၄၁ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ ဟိုင်နန်ကျွန်းတွင် ခက်ခဲကြမ်းတမ်းသော စစ်ပညာများ စတင်သင်ကြားကြသည်။ ထိုကာလမှာ ဂျပန်လေတပ်က ပုလဲဆိပ်ကမ်းကို စတင်ဗုံးကြဲပြီး ပစိဖိတ်စစ်ပွဲသို့ စတင်မဝင်ရောက်မီ ခြောက်လအလိုဖြစ်သည်။ စစ်ပညာသင် မြန်မာမျိုးချစ်လူငယ်များတွင် ဗိုလ်လကျာ်၊ ဗိုလ်စကြာ၊ ဗိုလ်နေဝင်း၊ ဗိုလ်ကျော်ဇော အစရှိသူများ ပါဝင်သည်။ စစ်ပညာသင်ကြားမှုက လွန်စွာကြမ်းတမ်းလွန်းသဖြင့် သင်တန်းကာလအတွင်းမှာပင် ထွက်ပြေးပြီး တရုတ်တော်လှန်ရေးသမားများနှင့် သွားရောက်ပူးပေါင်းရန် ကြံစည်ခဲ့ဖူးကြောင်း ထိုစဉ်က အသက် ၂၁ နှစ်သာ ရှိသေးသည့် ဗိုလ်ကျော်ဇောက သူ၏ စာအုပ်တွင် ရေးသားထားသည်။ တစ်ခါတွင် ဂျပန်အရာရှိတစ်ဦးသည် တရုတ်စစ်သုံ့ပန်းတစ်ဦးကို ခေါ်လာပြီး လှံစွပ်လေ့ကျင့်ခန်းပြုလုပ်စေခဲ့ရာ နောင်တွင် ဗမာ့လွတ်လပ်ရေးတပ်များက ဗြိတိသျှအလိုတော်ရိများ၊ သံသယရှိသူများကို ထိုနည်းအတိုင်း လှံစွပ်ဖြင့်သုတ်သင်ခဲ့သော မှတ်တမ်းများပင် ရှိလာခဲ့သည်။

ဗမာ့လွတ်လပ်ရေးတပ်မတော် (Burma Independence Army) ကို ၁၉၄၁ ခုနှစ်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ စတင်ဖွဲ့စည်းခဲ့ပြီး စစ်ဦးစီးချုပ် Commander in Chief အဖြစ် ဗိုလ်မှူးကြီးဆူဇူကီး၊ Chief of Staff အဖြစ် ဗိုလ်ချုပ်အောင်ဆန်းက တာဝန်ယူသည်။ ဂျပန်တို့က ဘီအိုင်အေတပ်များ ထိုင်းနယ်စပ်ကိုကျော်ဖြတ်ပြီး မော်လမြိုင်သို့ရောက်သည်နှင့် မြန်မာပြည်လွတ်လပ်ရေးကို ကြေညာပေးမည်ဟု ကတိပြုခဲ့သည်။ သို့သော် ထိုကတိမတည်ခဲ့ပါ။ မြန်မာပြည်သို့ ဝင်ရောက်ခဲ့ရာတွင် ဆူဇူကီးက “ဗိုလ်မိုးကြိုး”အမည်ကို ခံယူပြီး ဗိုလ်ချုပ်အောင်ဆန်းက ဗိုလ်တေဇအမည်ကို ခံယူသည်။ 

ဆူဇူကီးတစ်ဖြစ်လဲ ဗိုလ်မိုးကြိုးနှင့်ပတ်သက်၍ ထိုစဉ်က မြန်မာတို့အကြား ဖြစ်ပေါ်နေသော ကောလာဟလတစ်ခုမှာ ထီးကို မိုးကြိုးခမည်။ အင်္ဂလိပ်တို့ကို ဗိုလ်မိုးကြိုးက ဦးဆောင်ပြီး မောင်းထုတ်မည်။ ဗိုလ်မိုးကြိုး ဆိုသူကား မြင်ကွန်းမင်းသားကြီး၏ အဆက်ဖြစ်သည်ဟူ၍ဖြစ်သည်။ နောင်တွင် ဆူဇူကီးကိုယ်တိုင် သူ့ကိုယ်သူ ဗမာ့လွတ်လပ်ရေးတပ်မတော်ခေါင်းဆောင် ဗိုလ်မိုးကြိုးအဖြစ် အထင်ရောက်သွားပြီး မြန်မာ့လွတ်လပ်ရေးအတွက် ကိုယ်ရောစိတ်ပါ နှစ်မြှုပ်ကြိုးပမ်းခဲ့သလားဟု အချို့ကပင် သံသယဝင်ခဲ့သည်။ 

ဂျပန် အမှတ် ၁၅ တပ်မတော်နှင့် ဗိုလ်မိုးကြိုး၊ ဗိုလ်တေဇတို့ ဦးဆောင်သည့် ဘီအိုင်အေတပ်များသည် မြန်မာနိုင်ငံတောင်ပိုင်းမှတစ်ဆင့် ချီတက်လာပြီး မော်လမြိုင်ကို သိမ်းပိုက်ခဲ့ကြသည်။ ဆူဇူကီးနှင့် ဗိုလ်ချုပ်အောင်ဆန်းတို့၏ ရည်ရွယ်ချက်မှာ မတ်လမတိုင်မီ ရန်ကုန်အရောက် ချီတက်သိမ်းပိုက်ရန်ဖြစ်သည်။ ထိုအတောအတွင်း ဂျပန်လေယာဉ်များ၏ ဗုံးကြဲမှုကြောင့် ရန်ကုန်မြို့မှ အင်္ဂလိပ်၊ အိန္ဒိယအမှုထမ်းများ၊ ရဲများ၊ အစိုးရအရာရှိများ အနောက်ဘက်အိန္ဒိယသို့ ဆုတ်ခွာထွက်ပြေးနေပြီ ဖြစ်သည်။ နောင်တွင် ဒေါက်တာမောင်မောင်က ဆူဇူကီးအား တွေ့ဆုံမေးမြန်းချက်များအရ မြန်မာနိုင်ငံတွင်းသို့ အလျင်အမြန်ချီတက်ပြီး ရန်ကုန်မြို့အားသိမ်းပိုက်နိုင်ခဲ့ခြင်းမှာ အံ့အားသင့်ဖွယ်ကောင်းလှသည့် ဗိုလ်ချုပ်အောင်ဆန်း၏ မျိုးချစ်စိတ်နှင့် ခေါင်းဆောင်မှုကြောင့်ဖြစ်ကြောင်း ဆူဇူကီးကိုယ်တိုင် ဝန်ခံခဲ့သည်။

ရန်ကုန်မြို့အား သိမ်းပိုက်ပြီးသော်လည်း ဂျပန်တို့က လွတ်လပ်ရေး ကြေညာပေးရန် နှောင့်နှေးနေသောအခါ မြန်မာမျိုးချစ်များနှင့် ဆူဇူကီးတို့အကြား အဖုအထစ်တွေ ဖြစ်လာတော့သည်။ ဂျပန်အစိုးရသည် စစ်ကြီးပြီးမှ မြန်မာပြည်၏ လွတ်လပ်ရေးကို စဉ်းစားမည်ဟု ဆိုသည်။ ၎င်းတို့၏ အဓိကမျှော်မှန်းချက်မှာ ဗြိတိသျှတို့၏ Burma Road ကို ဖြတ်တောက်ပစ်ရန်သာဖြစ်ပြီး မြန်မာပြည်လွတ်မြောက်ရေးအတွက် မဟုတ်ပေ။ ဆူဇူကီးကမူ မြန်မာပြည်ကို သိမ်းပိုက်ပြီးလျှင် လွတ်လပ်ရေးကြေညာပေးရန် ဆန္ဒရှိသည်။ ထိုအကြောင်းကြောင့်ပင် ဆူဇူကီးနှင့် ဂျပန်တပ်မတော်၏ မြန်မာနိုင်ငံဆိုင်ရာ တပ်မှူးရှင်ဂျီယို အီဒါတို့အကြား မကျေလည်မှုအချို့ ရှိလာခဲ့သည်။ ထိုအချိန်တွင် မြန်မာနိုင်ငံသိမ်းပိုက်ရေး မီနာမီကီကန်း စီမံချက်လည်း ပြီးမြောက်သွားပြီဖြစ်ရာ ဆူဇူကီး၏ တာဝန်လည်း ပြီးဆုံးသွားပြီဖြစ်သည်။ ထိုအတောအတွင်းမှာပင် ဂျပန်ဘုရင့်စစ်ဌာနချုပ်သည် မီနာမီကီကန်းအဖွဲ့ကို ဖျက်သိမ်းကြောင်း ကြေညာလိုက်ပြီး ဆူဇူကီးကိုလည်း ဌာနချုပ်သို့ ပြန်ခေါ်ကာ ရေကြောင်းပို့ဆောင်ရေးအကြီးအကဲအဖြစ် ပြောင်းလဲခန့်ထားလိုက်သည်။ မြန်မာ့လွတ်လပ်ရေးအတွက် ရဲဘော်သုံးကျိပ်နှင့်အတူ နောက်ကွယ်မှ အဓိကပါဝင်ခဲ့သော ဂျပန်ထောက်လှမ်းရေး ဗိုလ်မှူးကြီးဆူဇူကီးတစ်ယောက် ၁၉၄၂ ခုနှစ်အတွင်းမှာပင် မြန်မာနိုင်ငံကို ကျောခိုင်းထွက်ခွာသွားခဲ့ရတော့သည်။ 

ဆူဇူကီး မပြန်မီ နောင်တစ်ချိန် ဝန်ကြီးချုပ်ဖြစ်လာမည့် သခင်နုအား ပြောခဲ့သည့်စကားတစ်ခွန်းကတော့ ထူးခြားနေသည်။ “လွတ်လပ်ရေးဆိုတာ တခြားလူတစ်ယောက်ဆီက လက်ဖြန့်ပြီးတောင်းလို့ရတာမျိုးမဟုတ်ဘူး။ ခင်ဗျားတို့ လွတ်လပ်ရေးလိုချင်ရင် ခင်ဗျားတို့ကိုယ်တိုင်ကြေညာ။ တွံတေးဘက်ကမ်းလိုနေရာမျိုးကိုသွားပြီး ကြေညာ။ ဂျပန်တွေလာပစ်မလား။ ပြန်ပစ်ရုံပဲ” ဆိုပြီး ပြောကြားခဲ့သည်။ ဆူဇူကီး ဘာ့ကြောင့် ထိုစကားပြောသည်ကို မည်သူမျှနားမလည်နိုင်ကြ။ သူသည် ထိုအချိန်တွင် ဘီအိုင်အေတပ်၏ အကြီးအမှူးဖြစ်နေသည်။ သူကိုယ်တိုင် ဘီအိုင်အေတပ်ကို ဦးဆောင်ပြီး ဂျပန်ကို ပြန်တိုက်မည်လား။ ဗိုလ်ချုပ်အောင်ဆန်းကတော့ ဆူဇူကီးစကားကို သဘောမတူပါ။ ဆူဇူကီးရှိနေသရွေ့ ထိုအလုပ်မျိုးမလုပ်ဟု ဆိုသည်။ သို့သော် နောက်ပိုင်းတွင် မြန်မာ့တပ်မတော်သည် ဆူဇူကီးပေးခဲ့သည့် နည်းနာအတိုင်းပင် (၁၉၄၅ ခုနှစ်၌) ဂျပန်ကို ပြန်လည်တော်လှန်ခဲ့သည်။ 

ရဲဘော်သုံးကျိပ်နှင့်အတူ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုတွင် အဓိကပါဝင်ခဲ့သော ဗိုလ်မိုးကြိုးခေါ် ဆူဇူကီး၏ အခန်းကဏ္ဍမှာ ထိုစဉ်ကတည်းက မှေးမှိန်ပျောက်ကွယ်သွားခဲ့သည်။ သူ၏ လက်ရုံးတစ်ဆူဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းမှာလည်း သူတို့နှစ်ဦးတွေ့ဆုံပြီး ၇ နှစ်အကြာ၊ ၁၉၄၇ ခုနှစ်တွင် လုပ်ကြံသတ်ဖြတ်ခံရပြီး ကွယ်လွန်ခဲ့သည်။ ဆူဇူကီးနှင့် ပတ်သက်ပြီး စစ်အတွင်း ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုတွေလည်း များစွာရှိခဲ့သည်။ Donald M.Seekins ၏ ရေးသားချက်အရ ဆူဇူကီးသည် မြစ်ဝကျွန်းပေါ်ရှိ ကရင်တိုင်းရင်းသားကျေးရွာနှစ်ရွာကို ဖျက်ဆီးကာ ယောကျာ်း၊ မိန်းမ၊ ကလေးသူငယ်အားလုံး ဓားဖြင့်သတ်ဖြတ်ပစ်ရန် အမိန့် ပေးခဲ့သည်ဟုဆိုသည်။ သူ၏ လက်ထောက်အရာရှိတစ်ဦးကို ဂျပန် ဆန့်ကျင်ရေးအင်အားစုများက တိုက်ခိုက်သတ်ဖြတ်ခဲ့သည့်အတွက် လက်တုံ့ပြန်ခြင်းဖြစ်သည်ဟုဆိုသည်။ ထိုဖြစ်ရပ်ကို ဆူဇူကီးလက်အောက်တွင် တာဝန်ထမ်းဆောင်ခဲ့သော ဗိုလ်မှူးချုပ်ကျော်ဇောကလည်း သူ၏စာအုပ်တွင် ရေးသားဖော်ပြထားသည်။ ထိုဖြစ်ရပ်နောက်ပိုင်းတွင် လူမျိုးရေးပဋိပက္ခအသွင်ဆောင်ပြီး အပြန်အလှန်သတ်ဖြတ်မှုများဖြစ်ပွားခဲ့ရာ မြောင်းမြခရိုင်တွင် ကျေးရွာပေါင်း ၄၀၀ ဖျက်ဆီးခံရပြီး လူပေါင်း ၁၈၀၀ သေဆုံးခဲ့ရကြောင်း Martin Smith ၏ Burma Insurgency and Politic of Ethnicity စာအုပ်တွင် ဖော်ပြထားသည်။ ဘီအိုင်အေတပ်များ မြန်မာနိုင်ငံထဲသို့ စတင်ဝင်ရောက်ခဲ့ရာတွင် မြန်မာတိုင်းရင်းသားများက ကြိုဆို၍ ပူးပေါင်းပါဝင်ခဲ့သော်လည်း ဗြိတိသျှတို့ လေ့ကျင့်ပေးထားသည့် ကရင်၊ ကရင်နီ၊ ချင်းနှင့် ကချင်တို့မှာ ပါဝင်ခြင်းမရှိခဲ့ဟုဆိုသည်။ ဗြိတိသျှတို့ ဆုတ်ခွာသွားစဉ် တိုင်းရင်းသားတပ်များကို ပြန်လာခဲ့မည်ဟု ကတိပေးခဲ့သည့်အတွက် တိုင်းရင်းသားတပ်များသည် မိမိတို့ဒေသများသို့ ပြန်သွားခဲ့ကြသည်။ ဘီအိုင်အေတပ်များက ကရင်တိုင်းရင်းသားများကို လက်နက်ဖြုတ်သိမ်းခိုင်းရာမှ ပဋိပက္ခဖြစ်ခဲ့သည်ဟုလည်းဆိုသည်။ တရားဥပဒေစိုးမိုးရန် ကြိုးပမ်းရင်း ဗြိတိသျှအလိုတော်ရိများ၊ ရာဇဝတ်ကျူးလွန်သူများအား စစ်ခုံရုံးတင်ကာ လှံစွပ်ဖြင့် အပြစ်ပေးသတ်ဖြတ်မှုများစွာလည်း ရှိခဲ့သည်။ 

စစ်အတွင်း ဤဖြစ်ရပ်သာမက အနောက်ဘက်အိန္ဒိယနယ်စပ် မောင်တောဒေသတွင်လည်း ရခိုင်တိုင်းရင်းသားများနှင့် မွတ်ဆလင်တို့အကြား အပြန်အလှန် သတ်ဖြတ်မီးရှို့မှုများ အကြီးအကျယ်ဖြစ်ပွားရန် ဂျပန်နှင့် ဗြိတိသျှတို့က ဖန်တီးခဲ့သည်ဟု မိုရှေ ရီဂါဆိုသူ သုတေသီတစ်ဦးက ရေးသားခဲ့သည်။ 

၁၉၄၅ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ပြီး ဖက်ဆစ်ဂျပန်များကို ပြန်လည်တိုက်ခိုက်ခဲ့စဉ် ဗြိတိသျှအစိုးရသည် ကရင်၊ ကချင်၊ ကရင်နီနှင့် အခြားတိုင်းရင်းသားများအား လက်နက်များထောက်ပံ့ပေးခဲ့ရာ ကရင်နှင့် ကရင်နီပြောက်ကျားများ၏ လက်ချက်ကြောင့် ဆုတ်ခွာလာသော ဂျပန်စစ်သည် ၁၂၅၀၀ အထိ သေဆုံးခဲ့သည်ဟု မှတ်တမ်းတွင် ဖော်ပြထားသည်။ 

ဆူဇူကီးအား ဂျပန်စစ်ဌာနချုပ်က ပြန်လည်ခေါ်ယူပြီးသည့်နောက်တွင် ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA) ကိုလည်း ဖျက်သိမ်းလိုက်ကာ ဗမာ့ကာကွယ်ရေးတပ်မတော် (BDA) အဖြစ် ၁၉၄၂ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်တွင် ပြင်ဆင်ဖွဲ့စည်းပြီး ဗိုလ်ချုပ်အောင်ဆန်း၏ ကွပ်ကဲမှုအောက်တွင် ဆက်လက်ထားရှိခဲ့သည်။ ဂျပန်တို့သည် စစ်အတွင်း ၁၉၄၃ ခုနှစ်၊ ဩဂုတ်လ ၁ ရက်တွင် မြန်မာနိုင်ငံလွတ်လပ်ရေးကို ကြေညာပေးခဲ့သော်လည်း ဂျပန်ကပေးသော ထိုလွတ်လပ်ရေးမှာ နောင်တွင် ရွှေရည်စိမ်လွတ်လပ်ရေးအဖြစ်သာ ထင်ရှားခဲ့သည်။ ဒုတိယကမ္ဘာစစ်၏ အဆုံးသတ်ကာလ၊ မဟာမိတ်များနှင့် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သည့် ဖက်ဆစ်တော်လှန်ရေး အင်အားစု၏ တိုက်ခိုက်မှုကြောင့် နောက်ဆုံးတွင် ဂျပန်တို့သည် မြန်မာစစ်မြေပြင်မှ အကျအဆုံးများစွာနှင့် ဆုတ်ခွာခဲ့ရပြီး စစ်ရှုံးကြောင်း ကြေညာခဲ့ရကာ ဒုတိယကမ္ဘာစစ်လည်း ပြီးဆုံးသွားခဲ့သည်။ စစ်ကြီးပြီးသွားသော်လည်း မြန်မာ့နိုင်ငံရေးမှာမူ လွတ်လပ်ရေးတိုက်ပွဲဝင်ခဲ့သူများအချင်းချင်းကြား၊ တိုင်းရင်းသားအချင်းချင်းကြားမှာ မညီမညွတ်နှင့် ကျန်ရစ်ခဲ့သည်။ 

ဗမာ့လွတ်လပ်ရေးတပ်မတော်ကို ဦးဆောင်ဖွဲ့စည်းပေးခဲ့ပြီး မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုကို ထောက်ခံအားပေးခဲ့သော ဆူဇူကီးသည် ၁၉၆၇ ခုနှစ် စက်တင်ဘာလတွင် ဂျပန်နိုင်ငံ၌ ကွယ်လွန်သွားခဲ့သည်။ သူ မကွယ်လွန်မီ တစ်နှစ် ၁၉၆၆ က ရဲဘော်သုံးကျိပ်ဝင် ဦးနေဝင်းသည် မြန်မာနိုင်ငံသို့ ဖိတ်ကြားခဲ့ဖူးသည်ဟု သိရပြီး ဂျပန်မြေအောက်တော်လှန်ရေး (မီနာမီကီကန်း) အဖွဲ့ဝင် လက်ကျန် ၆ ဦးကိုလည်း ၁၉၈၁ ခုနှစ်တွင် အောင်ဆန်းတံခွန်ဘွဲ့များ ချီးမြှင့်ခဲ့ကြောင်း သိရသည်။ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုအကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ပြောကြသည့်အခါ ဂျပန်စစ်ထောက်လှမ်းရေး ဗိုလ်မှူးကြီးဆူဇူကီးမှာ မပါမဖြစ်ပါဝင်ရသလို သူ၏အကြောင်းမှာလည်း စိတ်ဝင်စားစရာကောင်းလှသည်။ Lawrence of Arabia ဇာတ်ကားထဲက T.E Lawrence လို မြန်မာ့လွတ်လပ်ရေးတိုက်ပွဲကြားက ဆူဇူကီးအကြောင်း ရုပ်ရှင်ကားတစ်ကားလောက် ရှိလျှင်ကောင်းမည်။ ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ကို ဘယ်လိုပုံဖော်ကြမည်မသိသော်လည်း ထိုအထဲတွင် ပါဝင်နေမည့် ဗိုလ်မိုးကြိုး (သို့မဟုတ်) ဆူဇူကီးကိုတော့ စိတ်ဝင်စားနေမိပါသည်။

ချစ်ဝင်းမောင်