News

POST TYPE

ARTICLE

အာဖဂန်နစ္စတန် ဂျလာလာဘတ်တွင် သားဖွားဆရာမ သင်တန်းကျောင်းကို တိုက်ခိုက်မှုဖြစ်ပွား
31-Jul-2018



ကာဘူးလ်၊ ဇူလိုင် ၃၀

အာဖဂန်နစ္စတန်နိုင်ငံရှိ သားဖွား ဆရာမသင်တန်းကျောင်းတစ်ခုတွင် စစ်သွေးကြွများ၏ တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ ယာဉ်မောင်းနှင့် အစောင့်နှစ်ဦး သေဆုံးသွားပြီး အနည်းဆုံး ၈ ဦး ဒဏ်ရာရရှိသွားသည်ဟု BBC သတင်းတွင်ဖော်ပြထားသည်။

နန်ဂါရာပြည်နယ် ဂျာလာလာဘတ်ရှိ သားဖွားဆရာမသင်တန်းကျောင်းကို စစ်သွေးကြွများက ဗုံးများ၊ သေနတ်များဖြင့် တိုက်ခိုက်ခဲ့ပြီး ခြောက်နာရီကြာမြင့်သော ပစ်ခတ်မှုအပြီး လုံခြုံရေးတပ်ဖွဲ့များက ပြန်လည်ထိန်းချုပ်နိုင်ပြီဟု သိရှိရသည်။

အဆိုပါပြည်နယ်တွင် IS အဖွဲ့က တိုက်ခိုက်မှုများစွာ ပြုလုပ်လေ့ရှိသော်လည်း ယခုတိုက်ခိုက်မှုတွင် လက်သည်အဖြစ် မည်သည့်အုပ်စုကမှ ကြေညာခြင်းမပြုသေးပေ။

တိုက်ခိုက်မှုသည် ဒေသစံတော်ချိန် နံနက် ၁၁း၀၀ နာရီတွင် စတင်ခဲ့ပြီး ညနေ ၆း၀၀ နာရီတွင် အဆုံးသတ်သွားသည်။ စစ်သွေးကြွများက အဆောက်အအုံးအနီးတွင် ဗုံးများထောင်ထားခဲ့ကြသည်ဟု မြင်တွေ့သူများက ပြောကြားသည်။

စစ်သွေးကြွတစ်ဦးသည် ဗုံးများတပ်ဆင်ထားသောအင်္ကျီကို ဖောက်ခွဲစဉ် သေဆုံးခဲ့ပြီး အခြားစစ်သွေးကြွတစ်ဦးမှာ လုံခြုံရေးတပ်ဖွဲ့များ၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားသည်ဟု ပြည်နယ်အုပ်ချုပ်ရေးမှူး၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

သင်တန်းကျောင်းဝင်းအတွင်းမှ သွားဖွားဆရာမ ၆၁ ဦးနှင့် ကလေးငယ် ၂ ဦးကို ကယ်ဆယ်နိုင်ခဲ့သည်ဟု ၎င်းက ပြောကြားသည်။ သို့ရာတွင် အစောင့်နှစ်ဦးနှင့် ယာဉ်မောင်းတစ်ဦး သေဆုံးခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် သုံးဦး၊ အရပ်သားသုံးဦးနှင့် သင်တန်းကျောင်းဝန်ထမ်း နှစ်ဦးတို့ ထိခိုက် ဏ်ရာရရှိခဲ့သည်။

အဆိုပါသင်တန်းကျောင်းတွင် သားဖွားဆရာမ ၂ နှစ် သင်တန်းများကို လေ့ကျင့်သင်ကြားပေးနေသည်။ အဘယ်ကြောင့် သားဖွားဆရာမ သင်တန်းကျောင်းကို ပစ်မှတ်ထားသည် ဆိုသောအချက်ကိုမူ သဲကွဲစွာ မသိရသေးပေ။

သို့ရာတွင် စစ်သွေးကြွများသည် ရုံးအဆောက်အအုံများနှင့် ဆေးကုဌာနများကို များသောအားဖြင့် ပစ်မှတ်ထားလေ့ရှိကြသည်။ 

အာဖဂန်လူမျိုး အများစုသည် အိမ်ထောင်မရှိသော အမျိုးသမီးများ အိမ်အပြင်ထွက်၍ အလုပ်လုပ်ခြင်းကို ဆန့်ကျင်ကြသည်။

အာဖဂန်နစ္စတန်တွင် ကလေးမွေးဖွားမှု ၅၀ ရာခိုင်နှုန်းကို သင်တန်းဆင်း သားဖွားဆရာမ မပါဘဲ မွေးဖွားနေကြခြင်းဖြစ်သည်။ 

အာဖဂန်နစ္စတန်သည် ကမ္ဘာပေါ်တွင် ကိုယ်ဝန်ဆောင်မိခင် သေဆုံးမှု အများဆုံးနိုင်ငံဖြစ်ပြီး မွေးဖွားမှုအကြိမ် ၁၀၀,ဝ၀၀ တွင် ၃၉၆ ဦး သေဆုံးမှုနှုန်းသည် ကမ္ဘာ့ပျမ်းမျှ သေဆုံးမှုနှုန်း ၂၁၆ ဦးထက် များစွာကျော်လွန်နေသည်။ 

F-04