News

POST TYPE

ARTICLE

လျှပ်တစ်ပြက်ကောင်းမှုလေးများနှင့် လူသားများ (၁၃)
29-Jul-2018
လူသားတိုင်းသည် အသက်ရှင်ရပ်တည်ရေးအတွက် ကိုယ့်နည်းကိုယ့်ဟန် ကိုယ့်ပုံစံဖြင့် ရုန်းကန်နေကြရသူများချည်း ဖြစ်ပါသည်။ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး စသည့်ကဏ္ဍများတွင် ဝင်ဆံ့ရပ်တည် ခိုင်မာစေရန် အမြဲပြင်ဆင်လှုပ်ရှားနေကြရသည်။ ထို့ကြောင့် လူတိုင်းသည် အချိန်ပြည့် အများအကျိုးလုပ်ဆောင်နေနိုင်သူ မဖြစ်နိုင်ပေ။ သို့သော် နေ့စဉ်ဘဝတွင် ရုန်းကန်နေထိုင်ရင်းပင် ကြုံရာကျပန်း ကောင်းမှုလေးများကို လုပ်ဆောင်နိုင်ပေသည်။ သန်းကြွယ်သူဌေး၊ အားကစားကြယ်ပွင့်မှသည် သာမန်ရထားစီးခရီးသည်တစ်ယောက်အထိ လုပ်ဆောင်ပေးသမျှသည် သူ့နည်းသူ့ဟန်ဖြင့် လိုအပ်နေသူအတွက် ထိရောက်မှုရှိပါပေသည်။ ကြုံရာကျပန်းလုပ်ဆောင်ပေးသည့် လျှပ်တစ်ပြက်ကောင်းမှုလေးများ သတင်းတိုများကို ဖတ်ရှုရတိုင်း မဖော်ပြတတ်သော ကြည်နူးမှုများ ခံစားရတတ်သည်။ ထို့ကြောင့် The Voice Sunday စာဖတ်ပရိသတ်အတွက် အဆိုပါဖြစ်ရပ်လေးများကို မျှဝေဖော်ပြလိုက်ပါသည်။ 

ရေကြီးလို့ ဝတ်ပြုရာနေရာပျောက်တဲ့ မွတ်ဆလင်တွေကို ဆစ်ခ်များက ၎င်းတို့ဘုရားကျောင်းတွင်း ဝတ်ပြုဖို့နေရာပေး



အိန္ဒိယနိုင်ငံ အူထရာခန်းပြည်နယ်တွင် ရေကြီး ရေလျှံမှုဖြစ်ပွားခဲ့ရာတွင် ဒေသတစ်ခုလုံးထိခိုက်ခဲ့ရသည်။ မွတ်ဆလင်များ ဝတ်ပြုကိုးကွယ်ရာ ဗလီဝတ်ကျောင်းများရေဝင်သဖြင့် စုပေါင်းဝတ်ပြုရာနေရာ အခက်အခဲကြုံခဲ့ရသည်။ အစ်ပွဲတော်ကာလဖြစ်၍ ထိုရက်ပိုင်း ဝတ်ပြုကိုးကွယ်ခြင်းက မွတ်ဆလင်များအတွက် အရေးပါသည်။ ဆစ်ခ်ဘာသာဝင်များသည် ၎င်းတို့အိမ်နီးချင်းမွတ်ဆလင်များ စုပေါင်းဝတ်ပြုနိုင်စေဖို့အတွက် သူတို့ဘုရားကျောင်းတံခါးကို ဖွင့်ပေးခဲ့ကြသည်။ သို့ဖြင့်ရေလွတ်ရာ နေရာကောင်းတစ်ခုဖြစ်သော ဆစ်ခ်ဘုရားကျောင်းအတွင်းချမ်းသာစွာ ဝတ်ပြုနိုင်ခဲ့ကြသည်။ “ဟိန္ဒူဖြစ်စေ၊ ဆစ်ခ်ဖြစ်စေ၊ မွတ်ဆလင်ဖြစ်စေ ကျွန်တော်တို့ဂျိုရှီမာဒေသမှာ အချင်းချင်းသံယောဇဉ်ရှိကြပါတယ်။ ဆစ်ခ်ဘုရားကျောင်းလူကြီးတွေနဲ့ မွတ်ဆလင်ခေါင်းဆောင်တွေ တွေ့လိုက်ပြီးတာနဲ့ အစ်နေ့ဝတ်ပြုဖို့နေရာကို စီစဉ်ပေးခဲ့ကြပါတယ်” ဟု သျှရီဟမ်ကွန်ဆာဟစ်ဂုရုဒွါရာ ကျောင်းတော်မှ မန်နေဂျာဘူတာဆင်းက ပြောကြားခဲ့ပါတယ်။ မွတ်ဆလင်ငါးရာခန့် ဆစ်ခ်ဘုရားကျောင်းတွင်းသို့ ဝင်ရောက်ဝတ်ပြုခဲ့ကြသည်။ ချစ်ခင်ရင်းနှီး ကြသော ဘာသာလူမျိုးမခွဲခြားသည့် စိတ်ထားဖြင့် မိုးတဖွဲဖွဲရေတဖောင်ဖောင်ကြား ပျော်ရွှင်စွာ အစ်ပွဲတော်ကို ဆင်နွှဲဝတ်ပြုခဲ့ကြပါသည်။

စီးပွားအပျက်ခံကာ သားသတ်ရုံရောက်ခွေးများ၊ လမ်းဘေးခွေးများကို ကယ်တင်ခဲ့သည့် တရုတ်သူဌေး



တရုတ်ပြည်မှာ နာမည်ကျော်ခွေးသားစားပွဲပြုလုပ်ရာ ဒေသကြောင့် ခွေးတွေ အသတ်ခံနေရတဲ့ကိစ္စကို လူပြောသူပြောများကြသည်။ ဒါပေမဲ့ ခွေးတွေ အသက်အန္တရာယ်ကင်းစေဖို့ အနစ်နာခံကယ်တင်တဲ့ မီလျံနာဟောင်း မစ္စတာဝမ်ယန်းအကြောင်းကိုတော့ သိသူနည်းပါသေးသည်။ မစ္စတာဝမ်ယန်းဟာ သားသတ်ရုံတွေကိုရောက်တော့မယ့် ခွေးကလေးတွေအတွက် သူ့မှာရှိတဲ့ ဓနဥစ္စာတွေကို စွန့်လွှတ်ခဲ့ပေသည်။ ဝမ်ယန်းဟာ သူ့ကိုယ်ပိုင်ပိုက်ဆံများနဲ့ သားသတ်ရုံကို ဝယ်လိုက်ပြီး ခွေးစောင့်ရှောက်ရေးဂေဟာအဖြစ် ပြောင်းလဲခဲ့ခြင်းဖြစ်သည်။ ခွေးပေါင်းများစွာကို စောင့်ရှောက်ပေးထားပြီး ကျကျနန မွေးချင်တဲ့သူရှိရင် သေချာလေ့လာပြီးလည်း ပေးလိုက်ပါသည်။ သူ့ဆီမှာ ခိုလှုံပြီး သခင်ကောင်းကောင်းရသွားသည့် ခွေးပေါင်းများစွာရှိသည်။ ခွေးအကောင်တစ်ထောင်ခန့်အထိ အများဆုံး စောင့်ရှောက်ပေးထားနိုင်သော ဂေဟာကို ဦးစီးနေသည်။ ကုန်ကျစရိတ်လည်းများပါသည်။ သူ့ကိုယ်ပိုင်ငွေများအားလုံးကို ထိုဂေဟာအတွက် အသုံးပြုနေသည်။ ကိုယ်ချင်းစာစိတ်ကြီးမားသူဖြစ်သည်။

ကျောင်းသူကျောင်းသားလေးများရှေ့မှ ကျည်ဆန်ကိုကာပေးခဲ့သူ အထက်တန်းကျောင်းက ဘောလုံးသမား



အမေရိကန်ပြည်ထောင်စု တန်နက်ဆီပြည်နယ် နော့စ်ဗီးဒေသမှာ ဘောလုံးသမားလေးတစ်ဦးဟာ သေနတ်သမားရဲ့ကျည်ဆန်ရာတွေကြောင့် သေဆုံးခဲ့ရသည်။ သူ ကျည်သင့်ခဲ့ရခြင်းကား အခြားကျောင်းသူကျောင်းသားလေးများကို မှန်မည်စိုးသဖြင့် ရှေ့ကနေသွားကာပေးခဲ့ခြင်းကြောင့် ဖြစ်သည်။ ဇေဗီယွန် ဝီလီယမ်ဟုအမည်ရသူ အသက် ၁၅ နှစ်အရွယ် ဘောလုံးသမားလေးသည် သေနတ်သမားက ပစ်ခတ်နေစဉ် ကျောင်းသူလေးသုံးဦးပေါ်ကို ခုန်အုပ်ခဲ့ကာ ကျည်မမှန်စေရန် ကာပေးခဲ့ခြင်းဖြစ်သည်။ သေနတ်သမားများသည် ကျောင်းပိတ်ရက်ပွဲကို ဆင်နွှဲနေကြသော ကျောင်းသူကျောင်းသားလေးများထံသို့ သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ ထိုကျောင်းသားလေး၏နာရေးသို့ ပြည်နယ်မြို့တော်၏ မြို့တော်ဝန်ပင် တက်ရောက်လာခဲ့သည်။ ကျောင်းသူကျောင်းသားများ၊ မြို့နေပြည်သူများက သေဆုံးသူ ကိုယ်ကျိုးစွန့် ဘောလုံးသမားလေးအတွက် ဖယောင်းတိုင်ထွန်းဆုတောင်းပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။ ဒါဇင်ပေါင်းများစွာသော ဆယ်ကျော်သက်များက ဖယောင်းတိုင်များဖြင့် ဝီလီယမ်၏ ကျောနံပါတ်ဖြစ်သော ၂၄ ပုံကို သရုပ်ဖော်ခဲ့ကြသည်။