News

POST TYPE

ARTICLE

မွန်၊ ကရင်နှင့် ပဲခူးတိုင်းရှိ လူဦးရေ ၅၃,၀၀၀ ကျော် ရေဘေးကြုံ
29-Jul-2018



မြန်မာနိုင်ငံတစ်ဝန်း တိုင်းနှင့်ပြည်နယ်သုံးခုတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေခြင်းကြောင့် လူဦးရေ ၅၃,၀၀၀ ကျော် ရေဘေးဒုက္ခနှင့် ကြုံတွေ့နေရသည်။ လက်ရှိ ရေကြီးရေလျှံမှုများမှာ မြစ်ရေမြင့်တက်ခြင်းများကြောင့် အများစု ရေဘေးကြုံတွေ့နေခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ ရေဘေးကြုံတွေ့နေသည့် မွန်ပြည်နယ်ရှိ ဘီးလင်းမြစ်၊ ကရင်ပြည်နယ်ရှိ သံလွင်မြစ်နှင့် ပဲခူးရှိ စစ်တောင်းမြစ်နှင့် ပဲခူးမြစ်တို့၏ အခြေအနေသည် စိုးရိမ်ရေမှတ်အထက်၌ပင် ရှိနေဆဲဖြစ်သည့်အတွက် ရေဘေးကြုံတွေ့နေရသူများ ဆက်လက် အခက်အခဲများစွာ ကြုံတွေ့နေရသည်။

မွန်

မွန်ပြည်နယ် ဘီးလင်းနှင့် သထုံမြို့နယ်တို့တွင် ဘီးလင်းမြစ်ရေကြီးမှုကြောင့် ဘီးလင်းမြို့ပေါ်ရပ်ကွက်အပါအဝင် ကျေးရွာအုပ်စု ၁၃ ခုနှင့် ကျိုက်ထိုမြို့နယ်တွင် ရပ်ကွက်ကျေးရွာအုပ်စု ၅ ခုတို့တွင် ရေဘေးရှောင် ပြည်သူ ၁၀,၀၀၀ ခန့် ရေဘေးကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့နေထိုင်နေရကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။ 

လက်ရှိဘီးလင်းမြို့နယ်တွင် ရေဘေးရှောင်ပြည်သူများအတွက် ကယ်ဆယ်ရေးစခန်း ၃၂ ခုဖွင့် လှစ်ထားရာ ရေဘေးရှောင်မှာ ၈၀၀၀ နီးပါးနှင့် ကျိုက်ထိုမြို့နယ်တွင် ကယ်ဆယ်ရေးစခန်း ၄ ခုတွင် လူဦးရေ ၂၀၀၀ ကျော် ရေဘေးရှောင်နေရကြောင်း ယင်းပြည်နယ်အစိုးရအဖွဲ့က ဆိုသည်။

“ရေတွေတက်လာတော့ သူတို့တွေ ကယ်ဆယ်ရေးစခန်းကို ပြောင်းလာနေရတယ်။ ကယ်ဆယ်ရေးစခန်းဆိုတော့ အခက်အခဲတော့ ရှိမှာပေါ့။ အဲဒီအပေါ်မူတည်ပြီး ကျွန်တော်တို့က အခက်အခဲတွေကို ကူညီဖြေရှင်းပေးနေပါတယ်။ စားရေးသောက်ရေးကအစပေါ့” ဟု ဘီးလင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စွာရဲက ပြောဆိုသည်။

ထိုရေဘေးရှောင်ပြည်သူများအတွက် ပြည်ထောင်စုမှ လူကယ်ပြန်ဝန်ကြီးဌာနမှ ဆန်၊ ဆီ၊ စားသောက်ကုန်များနှင့် တစ်ဦးလျှင် တစ်ရက်စာ ဆန်ဖိုး ၂၁၀၀ ကျပ်နှုန်းဖြင့် ထောက်ပံ့ပေးထားပြီး ပိတ်မိနေသည့် ရေဘေးသင့်သူများကိုလည်း ကယ်ဆယ်ရေးလုပ်သားများမှ ဝိုင်းဝန်းကယ်ဆယ်ပေးနေကြောင်း ၎င်းက ရှင်းပြသည်။

“ရေဘေးရှောင်စခန်းဖွင့်ထားတဲ့ ဘုန်းကြီးကျောင်းနေရာတွေလည်း အခက်အခဲဖြစ်နေတယ်။ အဲဒီနေရာတွေကိုရောက်ဖို့က ရေလွှမ်းနေတော့ သွားလို့မရဘူး။ အစားအသောက်နဲ့ ဆေးဝါးပို့ပေးဖို့က အခက်အခဲဖြစ်နေတယ်”ဟု ရေဘေးရှောင်စခန်းသို့ သွားရောက်ခဲ့သည့် ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက ပြောဆိုသည်။

ကယ်ဆယ်ရေးစခန်းများ ပြုလုပ်ထားသော်လည်း ရေများတက်နေပြီး ဆန်များပေးပို့ရန် အခက်အခဲများရှိနေကြောင်း၊ အချို့နေရာများတွင် ရေဘေးသင့်နေသည်ဟု ဖုန်းဆက်အကြောင်းကြားမှ ကယ်ဆယ်ရေးသမားများသိရှိ၍ သွားရောက်ကယ်ဆယ်ရကြောင်း၊ မိမိတို့အနေနှင့် ကယ်ဆယ်ရေးစခန်းအချို့ကို ရေများနှင့် ပိတ်မိနေသည့်အတွက် သွားရောက်ကူညီနိုင်ခွင့်မရခဲ့ကြောင်း ၎င်းက ရှင်းပြပြောဆိုသည်။

မွန်ပြည်နယ် ဘီးလင်းမြို့နယ် ရေကြီးမှုကြောင့် ဇူလိုင် ၂၇ ရက်နေ့ နေ့လယ်ပိုင်းက တပ်မတော်သား ၇ ဦးက ရေဖြတ်ကူးစဉ် ရေထဲမျောပါသွားရာ ၃ ဦး ပျောက်ဆုံးနေပြီး ဇူလိုင် ၂၈ ရက်နေ့ နံနက်တွင်လည်း တပ်မတော်အရာရှိ၊ ရဲတပ်ဖွဲ့ဝင်နှင့် ပြည်သူ ၁၂ ဦးတို့မှာလည်း ရေထဲမျောပါသွားခဲ့ရာမှ ပြန်လည်ကယ်ဆယ်နိုင်ခဲ့ကြောင်း၊ လက်ရှိပျောက်ဆုံးနေသည့် တပ်မတော်သား ၃ ဦးအတွက် ဝန်ကြီးချုပ်က အရှေ့တောင်တိုင်းတိုင်းမှူးထံသို့ ထောက်ပံ့ငွေကျပ် သိန်း ၆၀ ကို ပေးအပ်လှူဒါန်းခဲ့ကြောင်း အစိုးရအဖွဲ့ထံမှ သိရသည်။

ကရင်

ကရင်ပြည်နယ်အတွင်း သံလွင်မြစ်၊ လှိုင်းဘွဲ့မြစ်များ ရေလျှံသဖြင့် ဆယ်စုနှစ် ၂ စုတာ ကာလအတွင်း အဆိုးရွားဆုံးရေကြီးရေလျှံမှုအဖြစ် ကြုံတွေ့နေရပြီး လူဦးရေ ၁၃,၀၀၀ ကျော် ရေဘေးနှင့် ကြုံတွေ့နေရသည်။

ကရင်ပြည်နယ်အတွင်း ဇူလိုင် ဒုတိယပတ်အတွင်းမှစတင်၍ လှိုင်းဘွဲ့မြို့နယ်၌ လှိုင်းဘွဲ့မြစ်နှင့် မဲပချောင်းတို့၏ မြစ်ရေတိုးမှုနှင့် တောင်ကျချောင်းရေများကြောင့် လှိုင်းဘွဲ့မြို့နယ်(က) ရပ်ကွက်နှင့် (၂) ရပ်ကွက်တို့ ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ပြီးနောက် ဇူလိုင် ၂၃ ရက်နေ့သို့ ရောက်ရှိချိန်တွင် မြဝတီ၊ ကော့ကရိတ်၊ ဘားအံတို့တွင် ရေကြီးရေလျှံမှုများ စတင်ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

“ရေမကြီးတာတော့ ၃ နှစ် ၄ နှစ် ကြာပြီး ပြောလို့ရတယ်။ ဒီနှစ်ရေကြီးတာ ဆိုးတယ်။ ကျွန်တော် ဒီမှာနေတာ အနှစ် ၄၀ ကျော် ကြာပြီ။ ခုလိုရေကြီးတာဆိုလို ၁၉၉၀ မှာ တစ်ကြိမ်၊ သံလွင်တံတားဖွင့်တဲ့နှစ် ခန့်မှန်း ၁၉၉၆-၁၉၉၇ ခုနှစ်မှာ တစ်ကြိမ်၊ ၂၀၀၂ မှာ တစ်ကြိမ် ရှိခဲ့ဖူးတယ်” ဟု ဘားအံမြို့ အမှတ် (၅) ရပ်ကွက်၊ အကွက် (၁) ရာအိမ်မှူး ဦးအုန်းမြင့်က ပြောကြားသည်။ 

ထို့ကြောင့် ရေဘေးသင့်သူများ အရေးပေါ်ပြောင်းရွှေနေထိုင်နိုင်ရန် လတ်တလော ဘားအံမြို့နယ်အတွင်း ရေဘေးစခန်း ၁၃ ခု၊ လှိုင်းဘွဲ့၌ ရေဘေးကယ်ဆယ်ရေးစခန်း ၁၆ ခု၊ ဖာပွန်၌ ရေဘေးစခန်း ၁၀ ခု၊ ကော့ကရိတ်မြို့ နယ်အတွင်း ရေဘေးစခန်း ၄ ခု ဖွင့်လှစ်ပေးထားသော်လည်း ကြာအင်းဆိပ်ကြီး မြို့နယ်မှ ရေဘေးကြုံတွေ့နေသည့် အိမ်ထောင်စု ၂၅၇ စုမှ လူဦးရေ ၁၁၄၅ ဦးမှာမူ မိမိတို့နှင့် ရင်းနှီးရာနှင့် ဆွေမျိုးတော်စပ်ရာ အိမ်များ၌သာ ခိုလှုံနေရပြီး အစိုးရမှ ရေဘေးစခန်းအဖြစ် ဖွင့်လှစ်ပေးထားခြင်းမရှိကြောင်း ဒေသခံများထံမှ သိရသည်။

လက်ရှိ ကရင်ပြည်နယ် တစ်ခုလုံးအနေနှင့် ရေဘေးစခန်း ၄၄ ခုတွင် အိမ်ထောင်စု ၂၆၀၅ စုနှင့် လူဦးရေ ၁၃,၄၁၂ ဦး ရှိကြောင်း ကရင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနထံမှ သိရသည်။

ထို့ပြင် ရေကြီးမှုများ ဆက်လက်ဖြစ်ပေါ်နေသဖြင့် ရေဘေးရှောင်သူများ တိုးမြင့်လာခြင်းကြောင့် ဘားအံ၊ လှိုင်းဘွဲ့နှင့် ရွှေဂွန်းမြို့တို့တွင် ရေဘေးကူညီရေးစခန်းများ ထပ်မံဖွင့်လှစ်ရန် စီစဉ်နေကြောင်း ဘားအံခရိုင် အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

“ခုလောလောဆယ် ရေဘေးစခန်းထပ်ဖွင့်ဖို့ နေရာတွေကို လိုက်ကြည့်နေတယ်။ ဘားအံမှာဆိုရင်လည်း အချို့ရေဘေးစခန်းတွေကို ရေဝင်နစ်မြုပ်နေတာရှိလို့ အဲဒီရေဘေးစခန်းက လူတွေကို ပြန်လည်ရွှေ့ပြောင်းဖို့ရှိတယ်” ဟု ဘားအံခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းမော်က ပြောဆိုသည်။

ကရင်ပြည်နယ်အတွင်း မြစ်ရေများ စိုးရိမ်ရေမှတ်အထက် ကျော်လွန်နေခြင်းကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေရာ ဇူလိုင် ၂၈ ရက်နေ့အထိ မြစ်ရေ အခြေအနေများမှာ စိုးရိမ်ရေမှတ်အထက်တွင် ရှိနေကြဆဲဖြစ်သည့်အတွက် ရေကြီးရေလျှံမှုများသည်လည်း ဆက်လက်ဖြစ်ပေါ်နေရဆဲဖြစ်သည်။

ဇူလိုင် ၂၈ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့နယ်ရှိ သံလွင်မြစ်သည် စိုးရိမ်ရေမှတ်အထက် ၁၅၆ စင် တီမီတာအထိ၊ လှိုင်းဘွဲ့နှင့် ရွှေဂွန်းတို့တွင် ၂၀၂ စင်တီမီတာအထိ ကျော်လွန်လျက်ရှိသည်။

ပဲခူး

ရေကြီးရေလျှံမှုများနှင့် ကြုံတွေ့နေသော ပဲခူးတိုင်းအရှေ့ခြမ်းမြို့နယ်များအတွင်း ဇူလိုင်လ နောက်ဆုံးပတ်အထိ ရေဘေးကြုံရသူများ လူဦးရေ ၃၀,၀၀၀ ကျော်နှင့် စာသင်ကျောင်း ၇၀ ကျော်ပိတ်ထားရကြောင်း ရေဘေးကြုံနေရသည့် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များထံမှ သိရသည်။

ဇူလိုင် ၂၃ ရက်နေ့မှစတင်၍ ရွှေကျင်ချောင်းနှင့် စစ်တောင်းမြစ်ရေများ ရုတ်တရက်မြင့်တက်လာခဲ့ခြင်းကြောင့် ရွှေကျင်နှင့် မဒေါက်မြို့တို့ရှိ အနိမ့်ပိုင်းရပ်ကွက်များ ရေစဝင်ပြီး ရေဘေးကြုံခဲ့ရခြင်းဖြစ်ပြီး လက်ရှိအခြေအနေတွင် မဒေါက်မြို့ မြို့မ (၁) ရပ်ကွက်နှင့် (၂) ရပ်ကွက် နှစ်ခုပေါင်း ရေဘေးသင့်ဦးရေသည် ၁၂,၀၀၀ ခန့်ရှိကြောင်း မဒေါက်မြို့ခံ ညောင်လေးပင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညီညီထွေးက ပြောကြားသည်။

“ရွှေကျင်ကရေက ဆက်တိုးနေတယ်။ မြို့နယ်မှာ ရပ်ကွက် ၈ ခုမှာ တစ်ခုပဲရေနည်းနည်းလွတ်တယ်။ ကျွန်တော် ရွှေကျင်ရောက်တာ ၁၈ နှစ်ရှိပြီ တစ်ခါမှ ခုလိုမကြုံဖူးဘူး။ လက်ရှိ ရွှေကျင်မှာ မြို့ပေါ်ရပ်ကွက်နဲ့ အနီးက ကျေးရွာတွေကိုပါတွက်ရင် လူဦးရေ တစ်သောင်းကျော်မယ်”ဟု ရွှေကျင်ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်နေသူ ဒေါက်တာမြင့်ဦးက ပြောကြားသည်။

ရွှေကျင်မြို့ စစ်တောင်းမြစ်နှင့် ရွှေကျင်ချောင်း စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနေပြီး ဆက်သွယ်ရန်ခက်သည့် ကျေးလက်ဒေသများကို ဦးစားပေးဖြန့်ဝေပေးနေသဖြင့် မြို့ပေါ်ရပ်ကွက်များရှိ ရေဘေးရှောင်များအတွက် အရေးပေါ်စားနပ်ရိက္ခာလိုအပ်နေကြောင်း ရွှေကျင်မြို့ခံ ဦးအောင်မိုးက ပြောကြားသည်။

ကျောက်ကြီး၊ ရွှေကျင်၊ မဒေါက်၊ ကျောက်တံခါးနှင့် ဝေါမြို့များ ရေကြီးပြီးနောက် ဇူလိုင် ၂၆ ရက်နေ့သို့ အရောက်တွင် ပဲခူးမြစ်ရေသည် စိုးရိမ်ရေမှတ်အထက်သို့ ရောက်ရှိလာခြင်းကြောင့် ပဲခူးမြို့တွင်း ရေကြီးရေလျှံမှုများ စတင်တွေ့ကြုံလာခဲ့ရပြီး ယင်းမြို့နေပြည်သူများ အခက်အခဲများဖြင့် ရင်ဆိုင်ခဲ့ရသည်။

ထို့ပြင် ရန်ကုန်-မန္တလေးလမ်း ရေနစ်မြုပ်နေမှုကြောင့် ခရီးသွားများအတွက်လည်း အခက်အခဲများဖြင့် တွေ့ကြုံနေရသည်။ လက်ရှိပဲခူးမြို့အတွင်း ရေကြီးမှုများ ဆက်လက်ကြုံတွေ့နေရပြီး ရေဘေးရှောင်သူဦးရေမှာလည်း ဆက်လက်တိုးမြင့်လာကာ ဇူလိုင် ၂၆ ရက်နေ့က ရေဘေးရှောင်သူဦးရေ ၄၂၀၀ ခန့်သာ ရှိခဲ့သော်လည်း ယခုအခါ လူဦးရေ ၆၀၀၀ ကျော်သို့ ရောက်ရှိလာခဲ့သည်။

လတ်တလော ပဲခူးတိုင်းအရှေ့ဘက်ခြမ်းမြို့နယ်များဖြစ်သည့် ပဲခူး၊ ကျောက်ကြီး၊ ရွှေကျင်၊ မဒေါက်၊ ကျောက်တံခါးနှင့် ဝေါမြို့များအတွင်းရှိ ကျောက်ကြီး ချောင်း၊ ရွှေကျင်ချောင်း၊ စစ်တောင်းမြစ်နှင့် ပဲခူးမြစ်များအတွင်း စိုးရိမ်ရေမှတ်အထက်သို့ အသီးသီးရောက်ရှိခြင်းကြောင့် ရေကြီးနစ်မြုပ်မှုများကို ရင်ဆိုင်နေရသည့်အပြင် တောင်ငူမြို့မှာလည်း ဇူလိုင် ၂၈ ရက်နေ့ နံနက်အစောပိုင်းမှစတင်၍ ရေကြီးရေလျှံမှုကို စတင်ကြုံတွေ့လာခဲ့ရပြီး လူဦးရေ ၄၀၀ ကျော် ရေဘေးစကြုံနေရကြောင်း အဆိုပါဒေသခံများထံမှ သိရသည်။ 

လက်ရှိ တောင်ငူမြို့နယ် အမှတ် ၉ ရပ်ကွက် ကြက်သျှာစွန်း၊ အမှတ် ၁၀ ရပ်ကွက် ဝိုင်းလေးကွက်သစ်၊ အလယ်ကျွန်းကျေးရွာနှင့် စစ်တောင်းမြစ်ကမ်း ရပ်ကွက်ကျေးရွာများမှ လူနေအိမ်ခြေ ၄၀၀ ကျော်ခန့် ရေဝင်နစ်မြုပ်နေသော်လည်း ရေဘေးရှောင်စခန်းဖွင့်လှစ်ခြင်းများ မပြုသေးခြင်းကြောင့် နီးစပ်ရာနေရာများတွင် ခိုလှုံနေရကြောင်း ဒေသခံများက ပြောကြားသည်။

“အခု ဘုရားပေါ်တက်နေမယ်ဆိုတော့ ဂေါပကအဖွဲ့က ဘုရားပေါ်တက်မခံဘူး။ တဲထိုးပြီး ဘုရားဝင်းထဲနေလို့ပြောတယ်။ ရပ်ကွက်တစ်ဝက်လောက် ရေမြုပ်နေပြီ” ဟု တောင်ငူအမှတ် ၉ ရပ်ကွက် ကြက်သျှာစွန်းရပ်ကွက်တွင်နေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောဆိုသည်။

ပဲခူးတိုင်းအစိုးရ၏ ဇူလိုင် ၂၇ ရက်နေ့ ရေဘေးကြုံနေရသူများစာရင်း ထုတ်ပြန်ချက်တွင် အိမ်ခြေ ၃၃၄၉ လုံး၊ အိမ်ထောင်စု ၃၃၄၉ စု၊ လူဦးရေ ၁၆,၃၃၁ ဦးကို သက်ဆိုင်ရာ မြို့နယ်/ရပ်ကွက်များရှိ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ဓမ္မာရုံများ၊ အား/ကာခန်းမ၊ သာသနာ့ဗိမာန်တို့တွင် ရွှေ့ပြောင်းပေးထားကြောင်း ထုတ်ပြန်ထားသည်။

ထိုသို့ ရေကြီးရေလျှံမှုများကြုံတွေ့နေရသည့် ပဲခူးတိုင်းအတွင်း ဇူလိုင် ၂၇ ရက် နံနက် ၁ နာရီခန့်က မိုးသည်းထန်စွာရွာသွန်းပြီး လေဆင်နှာမောင်းတိုက်ခတ်သဖြင့် အိမ်ခြေ ၆၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ယင်းတိုင်းအစိုးရထံမှ သိရသည်။

ထို့ပြင် ပဲခူး၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်နေခြင်းကြောင့် ရန်ကုန်-မန္တလေး ပြေးဆွဲနေသည့် ရထားခရီးစဉ်များကိုလည်း ရပ်ဆိုင်းထားရကြောင်း မြန်မာ့မီးရထားလုပ်ငန်းထံမှ သိရသည်။

“ရန်ကုန်ဘက်က တောင်ငူဘက်ကို အကုန်ရပ်ထားရတယ်။ မန္တလေးဘက်ကလာတဲ့ ၁၂ အစုန်လိုဟာမျိုးကိုတော့ ပဲခူးဘုရားကြီးအထိ ပြေးဆွဲနေတယ်” ဟု တောင်ငူဘူတာကြီးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရေကြီးမှုကြောင့် ပဲခူးမြို့ ကလျာဏီအပိုင်းတွင် ဇူလိုင် ၂၇ ရက်နေ့ နံနက်ပိုင်းက အမျိုးသားတစ်ဦး အရက်မူးပြီး ရေထဲပြုတ်ကျ၍ သေဆုံးခဲ့ပြီး ယင်းနေ့က ကျွန်းသာယာရပ်ကွက်မှ အသက် ၂ နှစ်အရွယ် မိန်းကလေးတစ်ဦးမှာလည်း ရေထဲပြုတ်ကျ၍ သေဆုံးခဲ့ကြောင်း ပဲခူးရှိ လူမှုကူညီရေးအသင်းများထံမှ သိရသည်။

The Voice Daily သတင်းအဖွဲ့၊ Contributed By ဟိန်းမြတ်စိုး