News

POST TYPE

ARTICLE

အသက် ၂၀ အောက် ထွန်းပေါက်ခဲ့သူများ (၂)
28-Jul-2018 tagged as

အသက် ၂၀ အောက် ထွန်းပေါက်ခဲ့သူများ (၂)

Ben Pasternak

အသက် ၁၉ နှစ်သာရှိသေးသည့် ဘင်ပက်စတာနက်သည် Flogg ဆိုသည့် အဖွဲ့အစည်းတစ်ခုကို ထူထောင်ပြီး စီးပွားရေးလုပ်ငန်း လုပ်ဆောင်နေသူတစ်ဦးဖြစ်သည်။ သူထူထောင်ထားသည့် ကွန်ရက်အတွင်း လူငယ်တို့သည် မိမိတို့ ရောင်းလိုဝယ်လိုသည့် ပစ္စည်းများကို လာတင်နိုင်သည်။ သူက အရောင်းအဝယ်ကို ကြားခံပွဲစားအဖြစ်လုပ်ပေးပြီး စီးပွားရှာရာ အောင်မြင်ခဲ့သည်။

သူ့ဘဝရည်မှန်းချက်ကို မေးကြည့်သည့်အခါ အသက် ၂၀ အရွယ်ရောက်လျှင် Apple လိုကုမ္ပဏီမျိုးကို ထူထောင်နိုင်သူတစ်ဦးဖြစ်ရမည်ဟုဆိုသည်။ သူ့အမြင်က ရှင်းရှင်းလေးဖြစ်သည်- “ကျွန်တော့်ဆရာတစ်ဦးဖြစ်တဲ့ ခရစ်စမစ်က ကျွန်တော့်ကိုပြောတယ်။ ကျောင်းထွက်ကွာ။ နယူးယောက်စီတီးကိုသွားပြီးတော့ စီးပွားရှာတော့တဲ့” သူက ဆရာပြောသည့်အတိုင်း အထက်တန်းကျောင်းကထွက်ပြီး Flogg ကိုထူထောင်ကာ ဘဝတစ်ခုကို စတင်လိုက်သည်။ ယခုတော့ Flogg ၏ CEO ဘဝနှင့် ရပ်တည်နိုင်နေပြီ။

Shubham Banerjee

ဘနာဂျီးသည် အသက် ၁၆ နှစ်သာရှိသေးသည်။ Braigo Labs ကို ထူထောင်ထားသည်။ သူက မျက်မမြင်များအတွက် တန်ဖိုးနည်းဘရေး (Braille) ပရင်တာများကို တီထွင်ထုတ်လုပ်ရောင်းချပေးနေသူ ဖြစ်သည်။ သူနောက်ဆုံး တီထွင်ထားသည့် ပရင်တာမှာ Wi-Fi နှင့် Bluetooth လည်း ချိတ်ဆက်သုံးနိုင်သည်။ အင်တာနက်မှ အကြောင်းအရာများကို မျက်မမြင်များဖတ်နိုင်သည့်စာအဖြစ် ပြန်လည်ထုတ်ပေးနိုင်သည်။

“ကျွန်တော်က နည်းပညာနဲ့ ဆေးပညာကို ပေါင်းစပ်ပြီး တီထွင်မှုတွေလုပ်ချင်တယ်။ ခွဲစိတ်မှုတွေကို စက်ရုပ်တွေနဲ့ဖြစ်အောင် လုပ်ချင်တယ်။ လူသားတွေ ကျန်းမာရေးကို အဲဒီလို ကူညီပေးချင်တဲ့စိတ် ကျွန်တော့်မှာ အမြဲရှိတယ်” ဟုဆိုသည်။ သူ၏အတွေးအမြင်က ရိုးစင်းသည်။
 
“ကျွန်တော်ကတော့ နှိမ့်ချစွာနေထိုင်တာကြိုက်တယ်။ မှန်ကန်ပြီး အကျိုးရှိတဲ့ တီထွင်မှုပဲ လုပ်ချင်တယ်။ ငွေကြောင့်မဟုတ်ဘူး” ဟု သူ့သဘောကို ပွင့်လင်းစွာပြောသည်။

Bella Tipping

ဘယ်လာတစ်ပင်းသည် ယခု အသက် ၁၅ နှစ် သာရှိသေးသည်။ သူက Kidzcationz.com ကို ထူထောင်ထားသူဖြစ်သည်။ သူက ခရီးသွားအမြင်နှင့် ဝေဖန်ချက်များကို Website ပေါ်တွင် တင်ပေးနေသူဖြစ်သည်။ ဒေသဆိုင်ရာ ဟိုတယ်များတွင် တည်းခိုခနှုန်းထားများ၊ စားသောက်နှုန်းများနှင့် အခြားလိုအပ်ချက်များကို မပြတ်တင်ပေးနေသည်။ 

သူက NGO အဖွဲ့အစည်းဖြစ်သည့် Virgin Unite တွင်လည်း ဝင်ရောက်လုပ်ကိုင်ပေးနေသည်။ လူသားတွေ ပေါင်းစုထားသည့် လူ့လောကကြီးကို တစ်ခုခုပြောင်းလဲသွားစေရန် ရည်သန်ပြီး လူမှုရေးလုပ်ငန်းများလည်း လုပ်ဆောင်နေသည်။ သူ့အတွေးက ရှင်းရှင်းလေးဖြစ်သည် - “သမီးကတော့ ကိုယ်စဉ်းစားနိုင်တာကို လုပ်နိုင်ရမယ်”ဟု ထုတ်ပြသည်။ သူတွေးနိုင်သလောက် လုပ်ဆောင်ရင်း အများကိုလည်း အကျိုးပြုကာ စီးပွားရှာနေသည်။ 

Nash Grier

နက်ရှ်သည် ယခု အသက် ၂၀ အရွယ်ဖြစ်သည်။ ဒစ်ဂျစ်တယ်လောကတွင် စတားတစ်ယောက်ဖြစ်ပြီး ဆိုရှယ်ကွန်ရက်တွင် ဩဇာကြီးသည့် လူငယ်တစ်ယောက်အဖြစ် ရပ်တည်နေသည်။ သူ၏ Vine ဆိုသော ဆိုရှယ် မီဒီယာပေါ်ရှိ စာမျက်နှာတွင် Follower ပေါင်း ၁၂ သန်းကျော်ရှိသူဖြစ်သည်။ သူက ဗီဒီယိုကြော်ငြာများ ရိုက်သည်။ စာအုပ်၊ ခေါင်းစွပ်၊ ချွေးခံအင်္ကျီနှင့် ခြေအိတ်များကို ကြော်ငြာပေးသလို သူ့ Website ကလည်း ရောင်းချပေးခြင်းဖြင့် စီးပွားဖြစ်နေသည်။ 

“ကျွန်တော်ကတော့ ကိုယ်ရွေးချယ်တဲ့အလုပ်မှာ ကျွမ်းကျင်အောင်ကြိုးစားမှာပဲ။ ကျွန်တော့်အသံ၊ ကျွန်တော့်ဉာဏ်နဲ့ မပေါက်သေးတဲ့ ပစ္စည်းတွေကို ပေါက်အောင်လုပ်ပေးမှာပဲ။ ကိုယ်လုပ်သင့်တာလုပ်မယ်။ ဘယ်သူ့မှ ကြောက်စရာမလိုပါဘူး” ဟု သူက သူ့ခံယူချက်ကို ပြောပြသည်။ လူငယ်ပီပီ ပြောလိုက်သည့်စကားတစ်ခွန်းက “ဘဝမှာ အဓိကကျတာ အချစ်ပါ” ဟူ၏။

Haile Thomas

ဟေလီသောမတ်စ်သည် အသက် ၁၇ နှစ်အရွယ်သာ ရှိသေးသည်။ Healthy Active Positive Purposeful Youth (HAPPY) ဆိုသည့် အဖွဲ့ကို ထူထောင်ထားသည်။ HAPPY  အဖွဲ့သည် ကလေးများ၏ ကျန်းမာရေးနှင့် အခြားဝန်ဆောင်မှုလုပ်ငန်းများကို လုပ်ဆောင်ပေးနေသည်။ ကလေးများကို အာဟာရပြည့်ဝအောင် မည်သို့ချက်ပြုကျွေးမွေးရမည်၊ ကျန်းမာသန်စွမ်းအောင် မည်သို့လေ့ကျင့်ပေးရမည်ဆိုသည်တို့ကို ရုပ်သံများတွင် တင်ဆက်ပြီး ပညာပေးနေသည်။

သူ၏ ရုပ်သံဖျော်ဖြေမှုနှင့် ပညာပေးအစီအစဉ်တွင် အာဟာရပြည့်ဝသည့် အစားအစာများ၊ ချက်ပြုတ်နည်းများ၊ အစားအစာတို့၏ တစ်ခုချင်း တန်ဖိုးများကို ထုတ်ဖော်တင်ပြပြီး တစ်ကမ္ဘာလုံးကို ပညာပေးနေခြင်း ဖြစ်သည်။ လူငယ်များကိုလည်း စိတ်ခံစားချက်ရှိသည့်အတိုင်း ဖော်ထုတ်လုပ်ဆောင်နိုင်ရေးတို့ကို သူက ပညာပေးသေးသည်။ သူ့ဝါဒကရှင်းသည်- “ခေါင်းဆောင်ဖြစ်အောင်လုပ်၊ နောက်လိုက်မလုပ်နဲ့” ဖြစ်သည်။

Cory Nieves

ကော်ရီသည် ယခုမှ ၁၄ နှစ်သာရှိသေးသည်။ သူက Mr. Cory’s Cookies ဆိုသည့် Website ကို ထူထောင်ထားပြီး အာဟာရပြည့်ဝသည့် မုန့်ဖုတ်နည်းများကို ပြသကာ နာမည်ကျော်လာသူဖြစ်သည်။ ယခုဆိုလျှင် သူ၏လုပ်ငန်းတွင် CEO အဖြစ် ငယ်ငယ်ရွယ်ရွယ်နှင့် တာဝန်ယူထားသည်။ 

သူက မုန့်များကိုလည်း Website ကတစ်ဆင့် ကြေညာပြီးရောင်းသည်။ Macy’s, Aetna, Citibank ဆိုသည့် အဖွဲ့အစည်းများနှင့်ပင် ချိတ်ဆက်လုပ်ဆောင်နေသူဖြစ်သည်။ ယခုဆိုလျှင် သူထူထောင်ထားသည့် Mr. Cory’s Cookies သည် ဘီလီယံချီကာတန်ကြေးရှိသည့် အမှတ်တံဆိပ်ဖြစ်နေပြီ။ သူက ချက်ပြုတ်ရသည့်အလုပ်ကိုသာ ဝါသနာပါသည်ဟုဆိုသည်။ သူ့ဝါဒကလည်း ရှင်းရှင်းလေးဖြစ်သည် - “နှိမ့်ချစွာနေမယ်။ ဘယ်တော့မှ လက်မလျှော့ဘူး။ ဖြစ်နိုင်တဲ့ စိတ်ကူးခြောက်ခုကို အမြဲတွေးမယ်” ဟူ၍ ဖြစ်သည်။ 

E-01
(Ref: Fortune)

  • TAGS