News

POST TYPE

ARTICLE

တောင်တန်းပေါ်က စံပြကျောင်း
26-Jul-2018



ကိုလံဘီယာနိုင်ငံ ပေ ၉၀၀၀ အမြင့်ပေါ်ရှိ အင်းဒီးစ်တောင်တန်းကြီးပေါ်မှ ကျောင်းလေးမှာ အစက်အပြောက်လေးသာ ဖြစ်ပေလိမ့်မည်။ လိမ္မော်ရောင်ကျောင်းလေးကို ဘိုယာဆာနယ် တောင်စောင်းလေးတွင် တည်ဆောက်ထားသည်။ တစ်ကျောင်းတည်း တစ်ခန်းတည်းသာရှိသော ကျောင်းလေးတစ်ကျောင်းဖြစ်သည်။

ကျောင်းတွင် ကျောင်းသား ၃၃ ယောက်သာ ရှိသည်။ သူတို့အားလုံးမှာ အသက် ၄ နှစ်မှ ၁၁ အရွယ်တွေလည်း ဖြစ်ကြသည်။ ဤကျောင်းလေးကို တက်ရန်အတွက် သူတို့လယ်ယာခြံမြေတွေက တစ်နာရီလောက် လမ်းလျှောက်လာရသူတွေပင်ရှိသည်။ ကျောင်းသားတွေက လာရောက်လေ့လာသည့် သတင်းထောက်တွေကို အင်္ဂလိပ်လို နှုတ်ခွန်းဆက်လိုက်သည်။ စပိန်လို ကြိုဆိုပါသည်ဆိုသော သီချင်းကိုလည်းဆိုကာ ကြိုဆိုကြသည်။

အစိမ်းရောင်ကျောင်းဝတ်စုံကို ဝတ်ထားသည့် အသက် ၈ နှစ်အရွယ်ကလေးတစ်ယောက်က မျက်နှာတွင် ငှက်မွေးနှင့် ပြုလုပ်ထားသည့် မျက်နှာဖုံးကိုတပ်ဆင်ပြီး ကြောက်စရာကောင်းသော ဆေးလိပ်သောက်သည့် မကောင်းဆိုးဝါးကြီး မိုဟန်အကြောင်း ပုံပြင်ကို ပြောပြနေသည်။ ကလေး၏ ပုံပြောနေသည့် ပုံစံက မာန်အပြည့်ဖြစ်သည်။ သူက မည်မျှပုံပြင်နှင့် ပတ်သက်ပြီး အတွေ့အကြုံရှိထားကြောင်းကို ဖော်ပြနေသည်။ စတိတ်စင်ပေါ်တက်ပြီး ဤသို့ပြောရန်ဆိုသည်မှာ တော်ရုံကလေးတစ်ယောက်မဖြစ်နိုင်ပေ။

သို့သော် ဤကျောင်းတွင် ကလေးတွေအတွက် မဖြစ်နိုင်သည်မှာမရှိ။ အဘယ်ကြောင့်ဆိုသော် တောင်ပေါ်ခေါင်လှသည့် ဤကျောင်းတွင် Escuela Nueva ဆိုသည့် နိုင်ငံတကာ ပညာရေးလှုပ်ရှားမှု အစီအစဉ်ဖြင့် သင်ကြားပေးနေသောကြောင့်ဖြစ်သည်။ အနာဂတ်တွင် အလေးထားစရာ ပညာရေးစနစ်တစ်မျိုးဖြစ်သည်။ အက်စ်ကော်လာ နွေဗာဆိုသည်မှာ “ကျောင်းသစ်” ဆိုသည့် အဓိပ္ပာယ်ရသည်။ ကိုလံဘီယာနိုင်ငံတွင် တီထွင်အသုံးပြုနေကြသည့် ပညာရေးစနစ်တစ်မျိုးဖြစ်ပြီး ကျောင်းသားတစ်ဦးချင်းစီကို အလွတ်ကျက်ရွတ်ဆိုပြခြင်းအား ပညာတတ်ပြီဟု ပိုင်းဖြတ်ခြင်းထက်၊ တစ်ဦးချင်းအရည်အသွေးကို ပိုင်းဖြတ်ပြီး ကျွမ်းကျင်အောင် လေ့ကျင့်သင်ကြားပေးသည့် ပညာရေးစနစ်သစ်ဖြစ်သည်။

Escuela Nueva ဆိုသည့် ပညာရေးစနစ်သစ်ကို စတင်အကောင်အထည်ဖော်နေသူမှာ ကလာရာ ဗစ်တိုးရီးယားကိုးလ်ဘတ်ဖြစ်သည်။ သူ့ကို အများက ဗစ်ကီဟုခေါ်ကြသည်။ ဆရာမ၏ ဤပညာရေးစနစ်ကို တောင်ပေါ်ဒေသတွင် ၁၉၇၀ ပြည့်နှစ်လောက်ကတည်းကလာပြီး အကောင်အထည်ဖော်နေခြင်းဖြစ်သည်။ သူ့ပညာရေးသဘောတရားက ဒီမိုကရေစီပညာရေးကို အကောင်အထည်ဖော်ရန်ဖြစ်သည်။ သူနားလည်ထားသည့် ဒီမိုကရေစီပညာရေးဆိုသည်မှာ ပူးပေါင်းဆောင်ရွက်ခြင်း၊ ကိုယ်ထူကိုယ်ထလေ့လာဆည်းပူးခြင်း၊ အနုပညာကို အလေးထားကာ သင်ယူခြင်း စသည့်သဘောတရားတွေကို ပညာရေးတွင် ထည့်သွင်းသင်ကြားပေးရေးဖြစ်သည်။ အလွန်ဆင်းရဲသော ကလေးများနှင့် ကျောင်းအခက်အခဲရှိနေသည့် ဒေသများတွင် အံဝင်ခွင်ကျဖြစ်စေရန် သင်ကြားပေးနိုင်သည့် အသင့်လျော်ဆုံးပညာရေးစနစ်တစ်ခုလည်းဖြစ်သည်။ 

၁၉၈၀ ပြည့်နှစ်လောက်တွင် ဗစ်ကီသည် အတော်လေးအောင်မြင်လာသည်။ သူ့ပညာရေးစနစ်က အောက်ခြေမှ အထက်ကို အဆင့်ဆင့်တက်သွားသည့်နည်းဖြင့် သင်ကြားခြင်းဖြစ်သည်။ အမေရိကတွင် မှေးမှိန်ပျောက်ကွယ်လုနီးပါးဖြစ်နေသော ပညာရေးစနစ်ကို အကောင်အထည်ဖော်ပေးနေခြင်းဟု သူကဆိုသည်။ 

သူ့ကျောင်းတွင် ပြဋ္ဌာန်းထားသည့် စာအုပ်များသည် ကာတွန်းစာအုပ်များလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ တစ်ကျောင်းလုံးတွင် ခန်းမကြီးတစ်ခုသာရှိသည့် ကျောင်းထဲတွင် အတန်းခွဲမထား။ သို့သော် ကလေးတွေက သူတို့မည်သည့်အဆင့်တွင် တက်ရောက်နေကြောင်း နားလည်ထားပြီးသားဖြစ်သည်။ စာရေး၊ စာဖတ်၊ သင်္ချာတွက်၊ လူမှုရေးဘာသာလေ့လာခြင်းအားလုံးကို စုပေါင်းထိုင်နေစေပြီး ကိုယ့်အလုပ်ကိုယ် လုပ်နေကြရုံသာဖြစ်သည်။ ကျောင်းသုံးပြဋ္ဌာန်းချက်များ၊ လေ့ကျင့်ခန်းစာအုပ်များနှင့် ဆရာကိုင်စာအုပ်တွေကိုလည်း ဒီအတိုင်းစုပုံထားသည်။ 

အရှင်းဆုံးပြောရလျှင် ဤကျောင်းဆိုသည့် စာသင်ခန်းအတွင်း လုပ်ဆောင်နေကြသော လုပ်ငန်းမှန်သမျှသည် ပရောဂျက်ကို အခြေခံပြီး လုပ်ဆောင်ခိုင်းထားခြင်းကြောင့် အတန်းနှင့် နေရာသည်အရေးမကြီး၊ ပူးပေါင်းဆောင်ရွက်ခြင်းကသာ အရေးကြီးသည်။ ကျောင်းသင်ခန်းစာတိုင်းတွင် အကြောင်းအရာများကို ရုပ်ပုံလေးတွေ သရုပ်ဖော်ဆွဲပေးထားသည်။ သင်ခန်းစာတစ်ပုဒ်ဆုံးလျှင် မေးခွန်းတွေ မေးထားသည်။ ကျောင်းတွင်သာမက အိမ်စာအဖြစ်ပါ လေ့ကျင့်ခန်းများကို ယူသွားနိုင်သည်။ 

ကျောင်းတွင် စာသင်ခန်းသီးခြားမရှိ။ ကိုယ်ထိုင်နေသည့်နေရာက ကိုယ့်အတန်းဖြစ်သည်။ နည်းပညာနှင့်ပတ်သက်သည့် ကွန်ပျူတာတွေ ဘာတွေမရှိ။ သို့သော် စက္ကူတွေရှိသည်။ ရောင်စုံခဲတံတွေရှိသည်။ ကတ်ကြေးတွေချထားပေးသည်။ ကလေးတွေက စက္ကူဖြတ်သူဖြတ်၊ ညှပ်သူညှပ်။ 

ကလေးတွေက စားပွဲဝိုင်းကြီးတစ်ခုတွင် ဝိုင်း ထိုင်နေကြသည်။ ၄ နှစ်မှ ၁၀ နှစ်အရွယ်တွေဖြစ်သည်။ သူတို့ရှေ့တွင် မှတ်စုစာအုပ်တွေချထားသည်။ သူတို့ကို ဆရာက ညွှန်ကြားသည့်အတိုင်း လေ့ကျင့်ခန်း စာအုပ်ထဲက ရုပ်ပုံတွေကို ကတ်ကြေးနှင့် ဖြတ်နေကြသည်။ ပုံတွေကို စာအုပ်တစ်အုပ်တွင်ကပ်သည်။ အောက်တွင် စာတန်းတွေကို လိုက်ကပ်သည်။ ကြက်ပုံအောက်တွင် ကြက်ဟုဆိုသော စာတန်းကို ဖြတ်ကပ်နေကြခြင်းဖြစ်သည်။ ပုံနှင့်စာ မှန်ကန်အောင် ရွေးချယ်ယှဉ်တွဲ တတ်စေရန် သူတို့ကို လက်တွေ့ သင်ကြားပေးနေ ခြင်းဖြစ်သည်။ 

တတိယတန်းအဆင့် ကလေးတွေကသတင်းစာ စာရွက်ကြီးတစ်ရွက်ကို ရှေ့တွင်ဖြန့်ချထားသည်။ သူတို့ကို ဆရာကပေးထားသည့် အရွယ်အစားအတိုင်း ဖြတ်ရန် ပေကြိုးတွေနှင့်တိုင်းတာနေကြသည်။ အရွယ်နည်းနည်းကြီးသည့် ကလေးတစ်ယောက်က စာရွက်ဖြူပေါ်တွင် ဂရပ်ဖ်ပုံတစ်ပုံကို ဆွဲနေသည်။ သူတို့အားလုံး၏ လုပ်ဆောင်ချက်များကို ပေါင်းလိုက်လျှင် ပရောဂျက်တစ်ခု ပြီးဆုံးသွားပေလိမ့်မည်။ သူတို့ နောက်တစ်ခုကို ဆက်ကောင်းဆက်မည်။

ကျောင်းတွင်သင်ကြားရန် ပြဋ္ဌာန်းထားချက်များက အလွန်အဆင့်မြင့်သည်။ သို့သော်လက်တွေ့ လုပ်ဆောင်ရမှုကို ဦးစားပေးထည့်သွင်းထားသဖြင့် သင်ယူရလွယ်ကူပြီး မြန်မြန်ဆန်ဆန်တတ်စေသည်။ သင်တန်းမတက်ရသေးသည့် ဆရာများအနေနှင့်လည်း အခက်အခဲမရှိ လမ်းညွှန်ပြနိုင်သည်။

ဗစ်ကီသည် သူတီထွင်ထားသည့် ပညာရေးကို နိုင်ငံအတွင်းရှိ ကော်ဖီစိုက်ပျိုးသူ တောင်သူလယ်သမားများ၏ သားသမီးများအတွက် ရည်စူးကာ တီထွင်ခဲ့ခြင်းဖြစ်သည်။ ကျောင်းများတွင် ကျောင်းတက်နေကြသည့် ကျောင်းသားအများစုမှာ ကော်ဖီသီးဆွတ်ခူးသည့် ရာသီရောက်လျှင် ကျောင်းထွက်သွားကြသည်။ ကော်ဖီခူးချိန်ပြီးမှ ကျောင်းပြန်လာသည်။ သူတို့ ကျောင်းထွက်သွားစဉ်က ရပ်ခဲ့သည့်စာနေရာက စသင်ကြသည်။ ယင်းနည်းနှင့် ကိုက်ညီမည့် ပညာရေးမျိုးကို ဗစ်ကီက တီထွင်ရန် စိတ်ကူးရခဲ့ခြင်းဖြစ်သည်။ 

သူတို့အတွက် သင်ကြားမှုတွင် အထူးလမ်းညွှန်ချက်များ၊ နားလည်မှုများ လိုအပ်သည်။ Escuela Nueva ပညာရေးတွင် အိမ်စာပေးလိုက်သည်ဆိုလျှင်ပင် သာမန်အိမ်စာသဘောမျိုးမဟုတ်။ လက်တွေ့နှင့်ပြဿနာကို ဖြေရှင်းပေးရမည့် အိမ်စာမျိုးဖြစ်စေရန် အားထုတ်ကြကြောင်းတွေ့ရသည်။ 

ကျောင်းကပေးလိုက်သည့် အိမ်စာတွေကလည်း ထူးဆန်းသည်။ ကာကွယ်ဆေးထိုးခြင်းအကြောင်း၊ အာဟာရပြည့်ဝသည့်အစားအစာအကြောင်း၊ ဆောင်းရာသီတွင် အဘယ်ကြောင့် အသက်ရှူရခက်သနည်း စသည့်အကြောင်းအချက်များကို အိမ်ရှိမိဘများနှင့် ဆွေးနွေးစေပြီး သိလာသည့် အကြောင်းများကို ပြန်လည်ရေးသားလာခြင်းမျိုးဖြစ်သည်။ သူက အီဂျစ်နိုင်ငံ၏ အရှည်ဆုံးမြစ်သည် မည်သည့်မြစ်ဖြစ်သနည်းဆိုသည့် မေးခွန်းမျိုးကို မေးမည့်အစား “ဝမ်းရောဂါဖြစ်နေသည့် ညီမလေးအတွက် မည်သို့ကြိုတင် ကာကွယ်မည်နည်း” ဆိုသည့် မေးခွန်းမျိုးကိုသာ မေးလေ့ရှိသည်။ 

ဗစ်ကီ (ကိုးလ်ဘတ်) သည် ကိုလံဘီယာမှ ကျောင်းဆရာတစ်ဦး၏ သမီးဖြစ်သည်။ သူ့ဖခင်က ဆရာအတတ်သင်ကောလိပ်မှ ကျောင်းဆရာတစ်ဦးဖြစ်သလို အမေရိကန်ရေတပ်တွင်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်သည်။ ဗစ်ကီကိုယ်တိုင် အမေရိကန်စတန်းဖို့ဒ်တက္ကသိုလ်တွင် လူမှုဗေဒပညာရပ်ကို သင်ကြားခဲ့ပြီးမှ ကိုလံဘီယာကို ပြန်လာခဲ့သည်။ 

၁၉၇၀ ပြည့်နှစ်တွင် ကိုလံဘီယာ၌ တော်လှန်ရေးဖြစ်သည်။ M-19 ဆိုသည့် သူပုန်ပြောက်ကျားအဖွဲ့ကို ၁၉၇၄ ခုနှစ်တွင် ဖွဲ့စည်းနိုင်ခဲ့သည်။ ပြည်တွင်းအကြမ်း ဖက်မှုသည် ဆယ်စုနှစ်ပေါင်းများစွာကြာအောင် ဖြစ်ပွားခဲ့သည်။ ဗစ်ကီကို ပညာရေးဝန်ကြီးအဖြစ် ခန့်အပ်ခြင်းခံရသည်။ သူက တိုင်းပြည်၏ ပညာရေးကို ပြုပြင်ပြောင်းလဲမှရမည်ဆိုခြင်းကို ကောင်းစွာသိမြင်ထားသည်။

ထိုအချိန်ကတည်းက ကိုလံဘီယာမှ ကျောင်းအများစုမှာ စာသင်ခန်းတစ်ခန်းတည်းသာရှိသည့် ကျောင်းများဖြစ်ကြသည်။ တတိယတန်းအဆင့်အထိကို မသင်မနေရပညာရေးအဖြစ် ပြဋ္ဌာန်းထားသည်။ ဆရာတွေကလည်း အလွန်နည်းသည်။ သင်သည့် ဆရာတွေကလည်း ခေတ်စနစ်ကို မျက်ခြည်ပြတ်ပြီး ရှေးရိုးနည်းအတိုင်း ရက်စက်စွာ ပြစ်ဒဏ်ပေးကာ သင်ကြားကြသူများဖြစ်သည်။ 

ဗစ်ကီသည် ပန်ပလိုနာမြို့၌ အော်စကာ မိုဂိုလွန်ဆိုသည့် ဆရာတစ်ဦးကို သွားတွေ့သည်။ ဆရာက ကျောင်းခန်းတစ်ခုထဲတွင် အတန်းစုံကိုထားပြီး ပညာသင်ပေးနေသည်ကိုလည်း တွေ့လိုက်ရသဖြင့် အလွန်အံ့အားသင့်သွားမိသည်။ ထိုသဘောတရားသည် ဂျင်းပီယာဂျေး၊ မွန်တက်ဆိုရီ၊ ရက်ဂီယို အီမီလီယာနှင့်ဂျွန်ဒီဝေးတို့ထံမှ နည်းစနစ်များကို ပေါင်းစပ်ထားခြင်းဖြစ်ကြောင်းလည်း သိလိုက်ရသည်။

၁၉၇၆ ခုနှစ်တွင် မိုဂိုလွန်နှင့် ဗစ်ကီတို့ ပူးပေါင်းပြီး Escuela Nueva ဆိုသည့် စနစ်သစ်ကို တီထွင်ကြသည်။ ဆရာတွေကို ဦးစွာသင်တန်းပေးပြီးမှ ကျောင်းများတွင် သင်ခိုင်းခြင်းဖြစ်သည်။ ယနေ့ဆိုလျှင် သူတို့ တီထွင်ခဲ့သော Escuela Nueva ကျောင်းများတွင် ကျောင်းသားတစ်ဦး၏ စာသင်နှစ်တစ်နှစ်လုံးကို ကျောင်းသားတစ်ယောက်အတွက် ဒေါ်လာ ၃၀ သာ ကုန်ကျသည့်စနစ်တစ်ခုဖြစ်လာသည်။ ပုံမှန်အားဖြင့်ဆိုလျှင် ကိုလံဘီယာတွင် ကျောင်းသားတစ်ယောက်အတွက် အကုန်ခံနေရသည်မှာ တစ်နှစ် ဒေါ်လာ ၂၀၀၀ ဖြစ်သည်။ 

Escuela Nueva ပညာရေး၏ အားသာချက်မှာ ဆင်းရဲသည့် ဒေသများနှင့် ကျောင်းစာသင်ခန်းမရှိသည့် ကျောင်းများအတွက် အလွန်တွက်ခြေကိုက်သည်။ ထိုကျောင်းများ၏ ပညာသင်ကြားရေး ဦးတည်ချက်မှာ “ပျော်ရွှင်ရေး၊ ပေါင်းသင်းဆက်ဆံမှု ကောင်းရေး၊ နွေးထွေးမှုရှိရေး” ဖြစ်သည်။ အနုပညာကို ဦးတည်ချက်ထားသဖြင့်လည်း ပြဇာတ်၊ ရုပ်သေး၊ သီချင်းဆိုပညာများကိုပါ ကောင်းစွာသင်ပေးခြင်းကြောင့် စိတ်ဝင်စားစရာကောင်းသည့် ပညာရေးဟုဆိုနိုင်သည်။ 

ကျောင်းနံရံများပေါ်တွင် ကလေးတွေ တီထွင်ရေးဆွဲထားသည့် ပန်းချီကားများ၊ စပ်ဆိုထားသည့် ကဗျာစာရွက်များနှင့် ပြည့်နေသည်။ ရွှံ့တွေနှင့်လည်း ကလေးတွေလွတ်လပ်စွာဆော့ကစားရင်းက ပန်းပုရုပ်တွေကို ထုလုပ်ထားသည်လည်း တွေ့နိုင်သည်။ 

“ကျွန်မအနေနဲ့ ကလေးတွေကို ပေးနိုင်တာ ကြင်နာမှုပဲ။ သူတို့ကို ကြင်နာတတ်အောင် သင်ကြားပေးရေး၊ ကြင်နာစွာနဲ့ အတူလက်တွဲနေနိုင်ရေးကို ဦးစားပေးသင်ပေးတယ်” ဟုဆိုသည်။ ထို့ကြောင့်လည်း ကျောင်းနံရံပေါ်တွင် “စိတ်မပျက်နဲ့ သူငယ်ချင်း” ဆိုသည့် စာသားလေးများကိုပါ တစ်ဦးချင်း အားပေးထားသည်များ တွေ့ရမည်ဖြစ်သည်။ 

ဗစ်ကီသည် ၁၉၈၀ ပြည့်နှစ်တွင် ပညာရေး ဝန်ကြီးတာဝန်မှ အငြိမ်းစားယူသည်။ သို့သော် လက်တင်အမေရိက နိုင်ငံ ၁၇ နိုင်ငံတွင် Escuela Nueva ပညာရေးစနစ် ထွန်းကားအောင် သူလိုက်လုပ်ပေးနေသည်။ UNESCO ကလည်း ၁၉၉၀ ပြည့်နှစ်ကစပြီး ကျေးလက်ပညာရေးအတွက် Escuela Nueva စနစ်သည် အကောင်းဆုံး ပညာရေးစနစ်တစ်ခုဖြစ်ကြောင်း ထောက်ခံထားသည်။ ဗစ်ကီက

“ကျွန်မတို့မှာ ဘာဖြစ်နေသလဲဆိုတော့ ဆင်းရဲတဲ့သူတွေ ပညာသင်ကြားနိုင်ရေးအတွက် လိုက်လုပ်နေတယ်။ အစိုးရက ဆရာတွေကိုလျှော့ချနေတယ်။ ဘာနဲ့တူနေသလဲဆိုတော့ ဆင်ဒရဲလားပုံပြင်လိုဖြစ်နေတယ်။ ဖိနပ်နဲ့ ခြေထောက်မတော်တာကို ခြေထောက်ဖြတ်ခိုင်းနေသလိုပဲ” ဟု ထောက်ပြဝေဖန် လိုက်သည်။

(Ref: The One-Room Schoolhouse, National Public Radio)