News

POST TYPE

ARTICLE

ဒေါ်အောင်ဆန်းစုကြည် ထိန်းချုပ်ရန်ခက်ခဲလာသည့် မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်
23-Jul-2018


မြန်မာခေါင်းဆောင်၏ ၂၁ ရာစုပင်လုံ ငြိမ်းချမ်းရေးလှုပ်ရှားမှုကို စစ်ဘက်က ကိုယ့်နည်းကိုယ့်ဟန်ဖြင့် အသုံးချနေပြီး တရုတ်က ချည့်နဲ့အားလျော့စေသလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အများစုကလည်း လက်မခံနိုင်ဖြစ်နေကြသည်။

မြန်မာနိုင်ငံ၏ ဆယ်စုနှစ်များစွာ ကြာမြင့်ပြီဖြစ်သော ပြည်တွင်းစစ်ကိုအဆုံးသတ်ရန် ရည်မှန်းထားသော တတိယအကြိမ် ၂၁ ရာစုပင်လုံငြိမ်းချမ်း ရေးဆွေးနွေးပွဲမှာ ဇူလိုင်လ ၁၆ ရက်နေ့တွင် မရေမရာ အဆုံးသတ်သွားခဲ့ပြန်ပြီဖြစ်သည်။

အမျိုးသားခေါင်းဆောင် လွတ်လပ်ရေးဖခင် ကြီးဗိုလ်ချုပ်အောင်ဆန်း၏သမီး၊ လက်ရှိနိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်တွင်းပဋိ ပက္ခများအဆုံးသတ်ရေး ငြိမ်းချမ်းရေးရအောင်ယူ မည်ဆိုသောမျှော်လင့်ချက်ကြီးကြီးဖြင့် ၂၀၁၆ ခုနှစ် ဧပြီလတွင် အစိုးရတာဝန်ကို လက်လွှဲရယူခဲ့သည်။

သို့သော်လည်း စစ်ဘက်က ကျားကန်ပေးခဲ့သော သမ္မတဦးသိန်းစိန်အစိုးရထံမှ သူဆက်ခံခဲ့ရသော ပြဿနာများနှင့် အထိန်းအချုပ်များ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရနေသောစစ်ဘက်အပေါ် ကွပ်ကဲနိုင်စွမ်း ကင်းမဲ့နေသည့် သူ့အစိုးရအဖွဲ့၏ ဥပဒေပိုင်းဆိုင်ရာ အကန့်အသတ်များသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဦးဆောင်သောအစိုးရ၏ အဓိကမူဝါဒအဖြစ် ရှုမြင်ခံရသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ဆန့်ကျင်ဖီလာဖြစ်လျက်ရှိနေပေသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ငြိမ်းချမ်းရေးကြိုးပမ်းမှု နှစ်နှစ်နီးပါးမျှရှိလာချိန်တွင် ဒေါ်စုကိုယ်တိုင်ပင်လျှင် တိုင်းပြည်၏ တိုက်ပွဲပြင်းထန်နေဆဲစစ်မြေပြင်များတွင် အင်အားပြနေဆဲဖြစ်သည့် တပ်မတော်၏ ဘေးသို့တွန်းပို့ခြင်းခံလာရပုံပေါ်လာသည်။

၂၀၁၆ ဩဂုတ် - စက်တင်ဘာတွင် တစ်ကြိမ်၊ ၂၀၁၇ မေတွင် တစ်ကြိမ်ကျင်းပခဲ့သော ပထမနှင့် ဒုတိယအကြိမ် ၂၁ ပင်လုံဆွေးနွေးပွဲများကဲ့သို့ပင် ယခုနှစ် ဇူလိုင်လလယ်တွင် ကျင်းပပြီးစီးခဲ့သောတတိယ ဆွေးနွေးပွဲ၌ လုပ်ငန်းစဉ်အပေါ် တပ်မတော်ကသာ ကျယ်ကျယ်ပြန့်ပြန့် စိုးမိုးထားနိုင်ဆဲဖြစ်သည်ကို တွေ့မြင်ခဲ့ရသည်။

အဓွန့်ရှည်ပြီးအဓိပ္ပာယ်ရှိသည့် ငြိမ်းချမ်းရေးအတွက် မရှိမဖြစ် လိုအပ်ချက်ဟုတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များက မှတ်ယူထားသည့် ဖက်ဒရယ် ပြည်ထောင်စုတည်ထောင်ရေးလမ်းဖွင့်ပေးရန် တပ်မတော်ကို ဧရာမအာဏာပေးထားသည့် ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးတွင် စစ်ဘက်က စိတ်ဝင်စားမှုအနည်းငယ်သာရှိသည် သို့မဟုတ် လုံးဝစိတ်မဝင်စားဆိုသည့်အချက်ကို ထပ်မံပြသခဲ့သည်။

စစ်ဘက်၏ တင်းမာသောရပ်တည်ချက်ကို ၂၁ ပင်လုံတတိယဆွေးနွေးပွဲတွင် ထင်ထင်ရှားရှား ပြသသွားခဲ့သည်။ အဖွင့်မိန့်ခွန်းတွင် တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြန်မာပြည်သူများကိုစစ်စစ်မှန်မှန် ကိုယ်စားပြုသည်မှာ မည်သည့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းမျှမဟုတ်သလို မည်သည့်နိုင်ငံရေးပါတီမျှလည်းမဟုတ်ဘဲ တပ်မတော်သာဖြစ်သည်ဟု ထည့်ပြောသွားခဲ့သည်။

“အချို့သော ဒေသမှာရှိနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများဟာ ၅၂ သန်းသော တိုင်းရင်းသားပြည်သူလူထု တစ်ရပ်လုံးကို ကိုယ်စားပြုတာမဟုတ်သလို နိုင်ငံရေးပါတီများဟာလည်း သူတို့ကို ထောက်ခံသူများကို ကိုယ်စားပြုတာ ဖြစ်ပါတယ်။ ကျွန်တော်တို့တပ်မတော်ဟာ တိုင်းရင်းသား ပြည်သူလူထုက ပေါက်ဖွားလာတဲ့ ပြည်သူ့တပ်မတော် ဖြစ်တာနဲ့အညီ နိုင်ငံတော်နဲ့ပြည်သူလူထုကို ကိုယ်စားပြုရတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်” ဟု ကာကွယ် ရေးဦးစီးချုပ်က ပြောကြားသွားခဲ့သည်။

နိုင်ငံရေးပါတီများကိုပါ ထည့်ပြောသွားသည့် ကာကွယ်ရေးဦးစီးချုပ်၏ မှတ်ချက်အပေါ် နိုင်ငံတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း အများအပြားသာမက အခြားနယ်ပယ်စုံကပါ တုံ့ပြန်ဝေဖန်ခဲ့ကြသည်။ လူ့အခွင့်အရေးလှုပ်ရှားသူများ၊ နိုင်ငံရေးသမားများ၊ ရပ်ရွာအခြေပြု လူမှုရေးလုပ်ဆောင်သူများကပါ ဖေ့စ်ဘွတ်ခ်နှင့် အခြားလူမှုကွန်ရက်များတွင် “တပ်မတော်သည် မိမိကိုကိုယ်စားမပြု” ဆိုသော သတင်းစကားများ ရေးသားမှုပင်ရှိခဲ့သည်။ 

ယင်းမှာလက်ရှိအခြေအနေအပေါ် တိုင်းပြည်တွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ရှုမြင်သုံးသပ်ပုံကိုပါ ထင်ဟပ်စေသည်။ 

နိုင်ငံမြောက်ပိုင်းတွင် စစ်ဘက်နှင့် တိုက်ပွဲဖြစ်နေသည့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) (မူရင်းအသုံးအနှုန်းအတိုင်း) လက်နက်ကိုင်အဖွဲ့မှ ဗိုလ်ချုပ်ဂွမ်မော်က နေပြည်တော်တွင် ကျင်းပသော ၂၁ ပင်လုံညစာစားပွဲတွင် ဘီတဲလ်စ်အဖွဲ့၏ နာမည်ကျော် Let It Be သီချင်းကိုသီဆိုပြီး သီချင်းစာသားများဖြင့် ထင်ဟပ်ဖော်ပြခဲ့သည်။ ဗိုလ်ချုပ်ဂွမ်မော်၏ သီချင်းရွေးချယ်မှုကို ပရိသတ်အများစုက သတိပြုမိကောင်းမှ ပြုမိကြမည်ဖြစ်သော်လည်း “ငါ့ရဲ့ မှောင်မိုက်နေတဲ့အချိန်တွေမှာ” (in my hour of darkness)၊ “ကြေကွဲနေကြတဲ့ပြည်သူတွေ” (the broken-hearted people) ဆိုသောသီချင်းစာသားများနှင့် ထပ်ကျော့ပါဝင်သော သီချင်းခေါင်းစဉ်လည်းဖြစ်သည့် “ရှိပါစေတော့” (Let It Be) ဆိုသော အဆုံးသတ်စာသားသည် လက်ရှိအချိန်အထိ ထိထိရောက်ရောက်မရှိလှသည့် ဆွေးနွေးပွဲအပေါ် သူနှင့် အခြားတိုင်းရင်းသားလူနည်းစု ခေါင်းဆောင်များက ယုံကြည်မှုနည်းပါးနေကြောင်းကို ဖော်ပြလျက်ရှိသည်။ 

စစ်ဗိုလ်ချုပ်ကြီးဟောင်းဦးသိန်းစိန်က ၂၀၁၁ တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပထမဆုံးစတင်ကြေညာပြီးကတည်းက တကယ်တမ်းတွင် နိုင်ငံတစ်ဝန်း တိုက်ပွဲဖြစ်ပွားမှုများသည် မငြိမ်မသက်ကာလ ၁၉၈၀ ပြည့်လွန်နှစ်များနောက်ပိုင်းမကြုံခဲ့ရဖူးသော အတိုင်းအတာအထိ ပြင်းထန်လာခဲ့သည်။ အထူးသဖြင့် KIA သည် မကြုံစဖူး လေကြောင်းတိုက်ခိုက်မှုများအပါအဝင် တပ်မတော်၏ ပြင်းထန်သော ထိုးစစ်များနှင့် ရင်ဆိုင်ခဲ့ရသည်။

KIA နှင့် သူ၏ မဟာမိတ်များထဲတွင် “ဝ” ၊ တအာင်းပလောင်၊ ကိုးကန့် ၊ ရှမ်း၊ ရခိုင်နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ လူနည်းစု တိုင်းရင်းသားလက်နက်ကိုင်အချို့ပါဝင်ပြီး အားလုံးပေါင်းလိုက်ပါက အစိုးရမဟုတ်သည့် လက်နက်ကိုင် အဖွဲ့အစည်းအင်အား၏ ၈၀ ရာခိုင်နှုန်းခန့်ကို ကိုယ်စားပြုနေသော်လည်း ထိုအဖွဲ့အစည်းများသည် ဆွေးနွေးပွဲတွင် လေ့လာသူများအဖြစ်သာ တက်ရောက်ခွင့်ရကြသည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့် ခွဲဝေပေးသော ဖက်ဒရယ်ဝါဒဆီသို့ ဦးတည်သောခိုင်မာသည့် နိုင်ငံရေးဆွေးနွေးမှု တစ်စုံတစ်ရာမစတင်မီ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ကို လက်မှတ်ထိုးရမည်ဟု တပ်မတော်ကရော ဒေါ်စုအစိုးရကပါ ဆက်လက်တောင်းဆိုနေဆဲဖြစ်သည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ဆယ်ဖွဲ့အထိ NCA လက်မှတ်ထိုးထားပြီးဟုအစိုးရက ပြောနေသော်လည်း တကယ်တမ်းတွင် ယင်းတို့အနက်မှ လေးဖွဲ့ဖြစ်သော ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ဒီမိုကရက်တစ်ကရင်အကျိုးပြုတပ်မတော် (တပ်မဟာ-၅) DKBA -5၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီနှင့် မွန်ပြည်သစ်ပါတီ (မူရင်းအသုံးအနှုန်းများအတိုင်း) တို့သာ တကယ်တမ်း လက်နက်ကိုင်အဖွဲ့ ခိုင်ခိုင်မာမာရှိသည်။ အခြားခြောက်ဖွဲ့မှာ သေးငယ်သော ပြည်သူ့စစ်အသွင် အဖွဲ့အစည်းများ သို့မဟုတ် NGO ဆန်သော အဖွဲ့အစည်းများသာဖြစ်ပြီး နိုင်ငံရေးအရအရေးပါမှု နည်းပါးသည် သို့မဟုတ် မရှိသလောက်ဖြစ်သည်။

အားအကောင်းဆုံး လက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် KIA၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နှင့် ရက္ခိုင့်တပ်မတော် (AA) တို့သာမက ရှမ်းနှင့် ကိုးကန့်တိုင်းရင်းသား လက်နက်ကိုင်မဟာမိတ်များကလည်း NCA ကို လက်မှတ်ထိုးရန် ငြင်းဆိုထားကြပြီး လက်မှတ်ထိုးလိုက်ခြင်းသည် သူတို့မျှော်မှန်းထားသောဖက်ဒရယ် ပြည်ထောင်စုကြီးမထူထောင်မီလက်နက်ချ အညံ့ခံလိုက်ရာရောက်သည်ဟု ယူဆထားကြသည်။

အခင်းအကျင်းကိုပိုရှုပ်ထွေးစေသည်က အထူးသဖြင့် အနောက်တိုင်းမှ အထောက်အပံ့ကောင်း ကောင်းရထားသော အဖွဲ့အစည်းများတစ်ပြုံတစ်ခေါင်း ရှိနေခြင်းဖြစ်ပြီး ရန်ကုန်မှဝေဖန်သူတို့၏ အသုံး အနှုန်းအရဆိုလျှင် “ငြိမ်းချမ်းရေးစက်မှုဇုန်ကြီး” ရှိနေခြင်းဖြစ်သည်။ များသောအားဖြင့် မထိရောက်သည့် စီမံကိန်းအမြောက်အမြားတွင် အကြီးအကျယ်သုံးစွဲခြင်းအပါအဝင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ၎င်းတို့၏ ပါဝင်မှုသည် လက်ရှိအချိန်အထိတော့ ငြိမ်းချမ်းရေးတိုးတက်စေရန် မဆိုစလောက်သာ အထောက် အကူပြုသည်ဟု ဝေဖန်မှုများရှိနေသည်။ 

တစ်ဖက်တွင်လည်း တရုတ်သည် အရေးပါသည့် တစ်ဦးတည်းသော ပြင်ပမှ ပါဝင်ပတ်သက်သူအဖြစ် ရှုမြင်ခံလာရသည်။ မြန်မာနိုင်ငံ၏ အနောက်ဘက် ကမ်းရိုးတန်းမှ တရုတ်၏ ကုန်းတွင်းပိတ် တောင်ပိုင်းယူနန်နယ်အထိ သွယ်တန်းထားသော အရေးကြီးသည့် ရေနံနှင့် ဓာတ်ငွေ့ပိုင်းလိုင်း၊ တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာသို့ တံခါးဖွင့်ပေးမည့် ရေနံဆိပ်ကမ်းတို့ အပါအဝင် မြန်မာနိုင်ငံတစ်ဝန်း ပထဝီအနေအထားနှင့် မဟာဗျူဟာအရအကျိုးစီးပွားနက် နက်ရှိုင်းရှိုင်းရှိနေသည့် မြန်မာနိုင်ငံ၏ အားအကောင်းဆုံးအိမ်နီးချင်းတရုတ်အနေနှင့် အရေးပါသောအခန်း ကဏ္ဍမှရှိနေသည်မှာ အံ့ဩစရာတော့မရှိလှပေ။

ငြိမ်းချမ်းရေးဆောင်ရွက်မှုသည် တရုတ်က သူ့မဟာဗျူဟာ ရည်ရွယ်ချက်များအောင်မြင်စေရန် မြန်မာနိုင်ငံတွင် ကစားနေသောဖဲချပ်များအနက်မှ တစ်ချပ်သာဖြစ်သည်။ အခြားဖဲချပ်များမှာ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ အခြေခံအဆောက်အဦဖွံ့ဖြိုးမှုနှင့် မြန်မာနိုင်ငံရေးသမားများ၊ ဂျာနယ်လစ်များ၊ ပညာရှင်များကိုတရုတ်ပြည်သို့ ချစ်ကြည်ရေးခရီးများ အကုန်အကျခံ ခေါ်ဆောင်ခြင်းဟူသော ပါဝါအပျော့ သံတမန်ရေးဆောင်ရွက်မှုတို့ ဖြစ်သည်။

အနောက်တိုင်းမှ ငြိမ်းချမ်းရေးဆောင်ရွက်သူ အများအပြားယုံကြည်ထားသည်နှင့် သွေဖည်စွာပင် တရုတ်သည် မြန်မာနိုင်ငံမြောက်ပိုင်းမှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ NCA လက်မှတ်ထိုးရန် အတင်းအကျပ်ဖိအားပေးမှုမရှိလှပေ။ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များနှင့် မကြာခဏတွေ့ဆုံလေ့ရှိသောတရုတ်နိုင်ငံမှ စေ့စပ်ညှိနှိုင်းသူများသည် တရုတ်-မြန်မာနယ်စပ်တွင် တိုက်ခိုက်မှုများ မလုပ်ကြရန်သာ တိုက်တွန်းလေ့ရှိသည်။

NCA ၏ အားနည်းချက်အများအပြားထဲတွင် ယင်းအချက်ကို ထည့်စဉ်းစားရမည်ဖြစ်ပြီး တရုတ်ဘက်မှ စေ့စပ်ညှိနှိုင်းသူများသည် အချို့သောလက်နက်ကိုင်အဖွဲ့များကို တစ်ဖွဲ့ချင်းအလိုက် အစိုးရနှင့် ငြိမ်းချမ်းရေးသဘောတူစာချုပ်များ ချုပ်ဆိုရေးအပါအဝင် ဗဟိုအစိုးရအာဏာပိုင်များနှင့် NCA မဟုတ်သည့် အခြားသောသဘောတူစာချုပ်များ ချုပ်ဆိုနိုင်ရေးကိုသာ လှုံ့ဆော်တိုက်တွန်းပေးနေသည်။ 

တစ်ချိန်တည်းတွင်ပင် တရုတ်ကနှစ်ဖက်ချွန် ကစားပွဲကိုလည်း ကစားနေသည်။ အဆင့်မြင့် တရုတ်လက်နက်များ “ဝ” တပ်ဖွဲ့ (UWSA) ထံ ရောင်းစားနေသည်။ ထိုလက်နက်အချို့သည် “ဝ” တပ်ဖွဲ့ထံမှ အခြားတိုင်းရင်းသားလက်နက်ကိုင်များထံ ရောက်ရှိခြင်းဖြစ်သည်။ အားကောင်းပြီး လက်နက်တောင့်တင်းသော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များသည်သာ တပ်မတော်၏ ပြောင်းလွယ်ပြင်လွယ်မရှိသော၊ သဘောထားတင်းမာသည့် ရပ်တည်ချက်ကို ပြန်လည်စဉ်းစားအောင် တွန်းအားပေးနိုင်မည်ဟူသော တရုတ်၏ရှုမြင်ချက်ကို ယင်းသို့ လက်နက်များ လက်သိပ်ထိုး ရောင်းချခြင်းက ဖော်ပြနေသည်ဟု လေ့လာသူတို့က သုံးသပ်ထားသည်။

မြန်မာပြည်တွင်းစစ်ပွဲများနောက်ကွယ်မှ တရုတ်လက်မည်းကြီးကြောင့်ပင် အမျိုးသားရေးဝါဒီ တပ်မတော်က ငြိမ်းချမ်းရေးအပေါ် သံသယဖြစ်ရသည်မှာ အံ့ဩစရာမရှိလှပေ။ ထိပ်တန်းဗိုလ်ချုပ်ကြီးများသည် ငြိမ်းချမ်းရေး ရုပ်ပုံကားအတွင်းမှ ရွေးကောက်ခံအစိုးရကို အမြဲတမ်းဖယ်ထုတ်ထားနိုင်ရန် အခိုင်အမာဆုံးဖြတ်ထားကြသည်ဟု တပ်မတော် ခေါင်းဆောင်ပိုင်းနှင့် နီးစပ်သောသတင်းရင်းမြစ်များက ဆိုသည်။

နိုင်ငံရေးပါတီများသည် “၎င်းတို့ကိုထောက်ခံသော သူများကိုသာ ကိုယ်စားပြု” ပြီးတပ်မတော်က သာဦးဆောင်၊ ညီညွတ်ရေးအခန်းကဏ္ဍမှ ပါဝင်သည့် သဘောဗိုလ်ချုပ်မှူးကြီး၏ ပြောဆိုချက်ကိုအထက်ပါ အချက်က ရှင်းပြနိုင်ဖွယ်ရှိသည်။

တရုတ်၏ ချဉ်းကပ်ပုံမှာဘေးထွက်ထိုင်နေရသည့် အနောက်တိုင်းငြိမ်းချမ်းရေးဖန်တီးသူအမျာစု၏ ဗျူဟာထက် ပိုမိုသိမ်မွေ့နက်နဲသည်မှာ သံသယဖြစ်စရာမလိုပေ၊ အနောက်တိုင်းမှ ငြိမ်းချမ်းရေးလှုပ်ရှားသူအများအပြားမှာ မြန်မာနိုင်ငံ၏ ရှုပ်ထွေးသော တိုင်းရင်းသားပြဿနာများနှင့် ပဋိပက္ခများ၏ အခြေခံကိုပင် နားလည်နိုင်စွမ်းမရှိလှပေ။

ဇူလိုင် ၁၆ ညီလာခံအပိတ် မိန့်ခွန်းတွင် ဒေါ်အောင်ဆန်းစုကြည်က စိတ်ရှည်သည်းခံကြရန်၊ ငြိမ်းချမ်းရေးအတွက် မူဘောင်သစ် ထူထောင်နိုင်ရန် မဟာဗျူဟာမြောက် မျှော်မှန်းချက်တစ်ရပ် ချမှတ်နိုင်ရန် တောင်းဆိုခဲ့သော်လည်း မည်သို့သော မျှော်မှန်းချက်ဖြစ်သည်၊ မည်သို့ဖြစ်ရမည်ဆိုခြင်းကို အသေးစိတ်မပြောနိုင်ခဲ့ပြန်ရာ သူကိုယ်တိုင်လည်း ငြိမ်းချမ်းရေး မျှော်လင့်ချက်ကို ထိန်းသိမ်းနိုင်စွမ်း ဆုံးရှုံးလာဟန်ရှိနေသည်။

နိဂုံးချုပ်တွင် ဒေါ်စုကဆွေးနွေးပွဲအဆုံးမသတ်သေးသလို၊ နောက်ကြောင်းပြန်မသွားကြောင်း၊ အခက်အခဲများစွာရှိနေသော်လည်း ရှေ့ဆက်သွား နေဆဲဖြစ်ကြောင်းထက် ပိုမပြောနိုင်ခဲ့ပေ။

ဒေါ်စု၏ ၂၁ ပင်လုံသည် ၁၉၄၈ တွင် ဗြိတိန်လက်အောက်မှ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးယူရန် အုတ်မြစ်ချပေးခဲ့သော၊ ဖြစ်မလာခဲ့သော ဖက်ဒရယ်ပြည်ထောင်စုကြီး၏ အုတ်မြစ်ဖြစ်လာရန် မျှော်မှန်းခဲ့သော ၁၉၄၆-၄၇ ရှမ်းပြည်နယ်ပင်လုံမြို့၌ ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားလူမျိုးစု ခေါင်းဆောင်အများအပြား တက်ရောက်ခဲ့ကြသော ဆွေးနွေးပွဲများကို ၂၁ ရာစုပုံစံဖြင့် ပြန်လည်ကျင်းပခြင်းကို ရည်ညွှန်းရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။ 

အားကောင်းလှသော အမျိုးသားရေးနောက်ခံ သမိုင်းကြောင်းရှိသော်လည်း ဒေါ်စုကို ၁၅ နှစ်ကျော်ကြာ နေအိမ်အကျယ်ချုပ်ချထားခဲ့ပြီး သူ၏ NLD ပါတီဝင်များကို နှိပ်ကွပ်ခဲ့သောစစ်အစိုးရများ၏ ဆက်ခံသူတပ်မတော်သည် ဒေါ်စုကိုဆယ်စုနှစ်များစွာ ကြာမြင့်ပြီဖြစ်သော ပြည်တွင်းစစ်ကို အဆုံးသတ်ပြီး ငြိမ်းချမ်းရေး ယူဆောင်ပေးမည့်သူအဖြစ် လက်ခံလိုဟန်မရှိပေ။

ကာကွယ်ရေးဦးစီးချုပ်၏ မိန့်ခွန်းတွင် စင်စစ်အားဖြင့် ရောင်ပြန်ဟပ်နေသည့် အချက်မှာပိုမိုကျယ်ပြန့်သော ပထဝီနိုင်ငံရေးကစားပွဲတစ်ခုတွင် NCA လက်မှတ်မထိုးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကို နယ်ရုပ်ကလေးများပမာ အသုံးချနေသည့် တပ်မတော်နှင့် တရုတ်တို့အကြား အားပြိုင်ပွဲအဖြစ် တဖြည်းဖြည်းကူးပြောင်းလာသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အနောက်တိုင်းမှ ငြိမ်းချမ်းရေး ဆောင်ရွက်သူများသာမက ဒေါ်စုကိုယ်တိုင်ပင်လျှင် သက်ဆိုင်ပတ်သက်ခြင်းမရှိဟူ၍ ဖြစ်သည်။

သပွတ်အူပမာ အရှုပ်အထွေး၏ အလယ်ကြားညပ်နေသည်ကတော့ နိုင်ငံမြောက်ပိုင်းရှိ ပြင်းထန်သောတိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသော၊ အိုးအိမ်တို့ကိုဆုံးရှုံးခဲ့ရသော ပြည်သူတစ်သိန်းကျော်ပင်ဖြစ်သည်။ သို့သော်လည်း ယင်းကိစ္စမှာလည်း တပ်မတော်ကိုရော တရုတ်ကိုပါ ပူပန်စေဖွယ်မရှိသလို၊ ဒေါ်စုက သင်္ကေတအထိမ်းအမှတ်သဘောအရ အကောင်းဆုံးပုံစံနှင့် အူလှိုက်သည်းလှိုက် အားထုတ်သည့်တိုင် တိုင်းပြည်၏ ကြိုမြင်နိုင်သော အနာဂတ်မိုးကုပ်စက်ဝိုင်းတွင် ထပ်ဟပ်နေသည်က ငြိမ်းချမ်းရေးမဟုတ်ဘဲ စစ်ပွဲသာ ဖြစ်နေဆဲဖြစ်သည်။

ဇေဝင်းနောင်

Ref : Asia Times , Suu Kyi loses control of once hopeful peace process by Bertil Lintner