News

POST TYPE

ARTICLE

အသက် ၂၀ အောက် ထွန်းပေါက်ခဲ့သူများ
21-Jul-2018


Noa Mintz

နောမင့်ဇ်သည် Nannies by Noa ကုမ္ပဏီကို ထူထောင်ထားသူဖြစ်သည်။ အသက် ၁၈ နှစ်သာ ရှိသေးသည်။ အသက် ၁၆ နှစ်သမီးကတည်းက ကလေးစောင့်ရှောက်ရေးဝန်ဆောင်မှု လုပ်ငန်းကို ထူထောင်ထားသည်။ နယူးယောက်နှင့် ဟမ်တန်တို့တွင် ကလေးများစောင့်ရှောက်ရေးလုပ်ငန်းကို ကိုယ်တိုင်ကြီးမှူးပြီး လုပ်ကိုင်နေသည်။

“စီးပွားရေးလုပ်ငန်း လုပ်တဲ့အခါမှာ ကိုယ်စီးပွားရှာတဲ့နေရာဟာ အမှန်တကယ် အာမခံချက်ပေးနိုင်တဲ့ နေရာဖြစ်ဖို့လိုတယ်။ ဝန်ဆောင်မှုကို အပြည့်အဝ ပေးနိုင်ရမယ်။ ကျွန်မက စွန့်စားရတဲ့ စီးပွားရေးလုပ်ငန်း တစ်ခုကို လုပ်နေရတာပါ။ ပြဿနာတွေအများကြီးက ထောင်ချောက်လို စောင့်ကြိုနေတာတွေနဲ့ ရင်ဆိုင်ပြီးတော့ကို လုပ်နေရတာ” ဟု သူက ဆိုသည်။ 

ကလေးထိန်းဝန်ဆောင်မှုဆိုသည်မှာ မလွယ်သည့် ကြားက ၆ နှစ်တိုင် သူရပ်တည်နိုင်အောင်ကြိုးစား ရုန်းကန်ပြီး အောင်မြင်အောင်လုပ်ဆောင်နိုင်ခဲ့သည်။ သူက -

“ကျွန်မ အလယ်တန်းတုန်းက ကျောင်းအုပ်ကြီးက ပြောဖူးတယ်။ စောစောထမှ အချိန်မီမယ်။ အချိန်မီတယ်ဆိုတာတောင် နောက်ကျတယ်။ နောက်ကျတယ်ဆိုတာ ဘယ်လိုမှ လက်ခံစရာမဟုတ်ဘူးတဲ့”

ယင်းသည်ပင် နောမင့်ဇ်၏ ဆောင်ပုဒ်ဖြစ်လာသည်။ သူက ဘယ်တော့မှ အလုပ်နှင့်ပတ်သက်ပြီး အချိန်မီလေးဆိုသည့်စကားကိုပင် လက်မခံခဲ့သူဖြစ်သည်။



George Matus

ဂျော့မားသူးစ်သည် Teal ဆိုသည့် ကုမ္ပဏီကို ထူထောင်ထားသည့် အသက် ၂၀ အရွယ် ကောင်လေးတစ်ယောက်ဖြစ်သည်။ သူက စီးပွားဖြစ် ဒရုန်းယာဉ်လေးများကို ရောင်းချသည့် လုပ်ငန်းကို လုပ်ကိုင်နေသည်။ အစောပိုင်းက ဓာတ်ခဲဖြင့်မောင်းနှင်ရပြီး ကင်မရာ တပ်ဆင်ထားသော ဒရုန်းယာဉ်လေးများကို ထုတ်သည်။ သူ့ဒရုန်းလေးများက တစ်နာရီ မိုင် ၇၀ နှုန်း မောင်းနှင်နိုင်သည်။ 

သူ့ကို Thiel Fellow အဖွဲ့က ငွေကြေးအားဖြင့် အထောက်အပံ့ပေးခဲ့သောကြောင့် တီထွင်မှုလုပ်ငန်းများကို လုပ်ဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။ သူ့လုပ်ငန်းအတွက် ယခုဆိုလျှင် ရင်းနှီးမြှုပ်နှံထားသည်မှာ ဒေါ်လာ ၂ ဒသမ ၈ သန်းကျော်ဖြစ်သည်။ သူက -

“တီထွင်တယ်ဆိုတာ ခေတ်ရှေ့ပြေးနေတဲ့ တီထွင်မှုတွေ ဖြစ်ဖို့လိုတယ်။ ကျွန်တော်ကတော့ တီထွင်ဖို့သာမက ငါ အသက် ၂၀ ရောက်ရင် ကုမ္ပဏီတစ်ခုပိုင်ရမယ်ဆို ပြီးတော့ကိုလုပ်နေတာ” ဟုဆိုသည်။ ဤသို့ဖြင့် သူသည် Teal ဆိုသည့်ကုမ္ပဏီတစ်ခုကို ပိုင်ဆိုင်နိုင်ခဲ့သည်။ 

“ကျွန်တော်ငယ်ငယ်ကတည်းက ကျွန်တော့်မိဘတွေက ကျွန်တော်လုပ်ချင်တာကို လုပ်ဆိုပြီး အားပေးခဲ့လို့ အောင်မြင်ခဲ့တာပါ”ဟု ဆိုသည်။ 



Mikaila Ulmer

အူလ်မာသည် အသက် ၁၃ နှစ်သာရှိသေးသည် Me & the Bees Lemonade ဆိုသည့် လုပ်ငန်းကို ထူထောင်ထားနိုင်ခဲ့ပြီဖြစ်သည်။ Me & the Bees သည်လင်မနစ်ခေါ် ဖျော်ရည်ရောင်းသည့် လုပ်ငန်းဖြစ်သည်။ အချိုရည်အဖြစ် ပြည်တွင်းထွက် ပျားရည်ကိုသာ အသုံးပြုသည်။ ထို့ကြောင့် ကုန်စုံဆိုင်ကြီးများတွင် အရောင်းရတွင်ကျယ်သည့် ဖျော်ရည်ဖြစ်လာသည်။ ပျားရည်ကိုသာ အသုံးပြုထားသဖြင့် သူ့ဖျော်ရည်က ကြာကြာအထားခံပြီး လူကြိုက်လည်းပိုများလာရသည်။ သူက -

“သမီးကတော့ လူမှုရေး စွန့်ဦးလုပ်ငန်းရှင်ကြီး တစ်ဦးဖြစ်ချင်ပါတယ်။ သမီးဘွဲ့တစ်ခုခုရအောင်ယူမယ်။ ပြီးရင် မိသားစုတွေ ကလေးတွေကို စီးပွားရေးဘယ်လို လုပ်နိုင်တယ်ဆိုတာ ပြန်သင်ပေးမယ်။ ပျားတွေရဲ့ အသက်တွေကိုလည်း ကယ်တင်ပြီးတော့ သူတို့မှာ ဖြစ်နေတဲ့ အခက်အခဲဒုက္ခတွေကို ကူညီဖြေရှင်းပေးသွားမှာပါ”ဟု ဆိုသည်။

“သမီး မိဘတွေက သမီးကို အကြီးကြီး စိတ်ကူးယဉ်ခိုင်းတယ်။ ဘာလုပ်လုပ် အကြီးကြီးတွေးလို့ပြောတယ်။ ဒါကြောင့်လည်း ဒီလုပ်ငန်းပေါ်ပေါက်ခဲ့ရတာပါ” ဟု သူက အရွယ်နှင့်မလိုက်အောင်ပြောခဲ့သည်။



Mihir Garimella

ဂရီမယ်လာသည် အသက် ၁၉ နှစ်သာရှိသေးသည်။ Firefly ဆိုသည့် ကုမ္ပဏီကို ထူထောင်ထားသည်။ သူ့လုပ်ငန်းက တန်ဖိုးနည်း ဒရုန်းယာဉ်လေးများကို ထုတ်လုပ်သည်။ လူတွေ အခက်အခဲနှင့် ဒုက္ခရောက်နေချိန်တွင် ကယ်တင်နိုင်ရန်အတွက် သူ့ဒရုန်းယာဉ်လေးများက အသုံးဝင်သည်။ ဥပမာ - ချောက်ထဲကျ နေသည့်သူများ၊ ရေတွင်းထဲကျနေသူများကို ကယ်ဆယ်ရေးလုပ်ငန်းများအတွက် အသုံးဝင်သည်။ သူထုတ်လုပ်နေသည့် ဒရုန်းလေးများမှာ တန်ဖိုးနည်းသည့်အပြင် အသုံးလည်းတည့်သည်။ 

“ကျွန်တော်က သေသေချာချာ ဈေးကွက်ကို သုတေသနလုပ်ပြီးတော့မှ ထုတ်ထားတာပါ။ ကျွန်တော် ဘာလုပ်မယ်ဆိုတာတော့ တိတိကျကျ မပြောနိုင်သေးဘူး။ ဒါပေမဲ့ ကျွန်တော့်အနာဂတ်ကတော့ လှနေပါတယ်။ ကျွန်တော် ကွန်ပျူတာသိပ္ပံနှင့် စက်ရုပ်လုပ်တဲ့ အတတ်ပညာတွေကို သင်ဖို့လိုဦးမယ်”ဟု သူက ဆိုသည်။

သူ၏ ဘဝအတွက် စကားလေးတစ်ခွန်းကလည်း အလွန်ချစ်စရာကောင်းသည်။

“ကိုယ်သိထားတာ ကြုံတွေ့ထားတာတွေနဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်အောင် ကျွန်တော်ကြိုးစားပါတယ်”



Moziah

မိုဇီသည် Mo’s Bows ဆိုသည့် လုပ်ငန်းကို ထူထောင်ထားသူဖြစ်သည်။ အမျိုးသားသုံး အသေးစား လည်စည်းလေးများကို သူက အရောင်အသွေးစုံ၊ ဒီဇိုင်းစုံထုတ်လုပ်ပေးသည်။ အိမ်တွင်း လက်ဖြစ်လုပ်ငန်းလေးကို ထူထောင်ပြီးအောင်မြင်လာသည်။ တစ်နိုင်ငံလုံးရှိ အရောင်းဆိုင်များတွင် Mo’s Bows အမှတ်တံဆိပ်လည်စည်းပြားလေးတွေ ရောင်းသည်။ Blooming Dale နှင့် Neiman Marcus ကုမ္ပဏီကြီးများနှင့်လည်း မိတ်ဖက်အဖြစ် လုပ်ငန်းများ တွဲထားသည်။

“ကျွန်တော်က အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးတွေအတွက် အဝတ်အထည်တွေကို ရောင်းချပေးတဲ့ ကုမ္ပဏီကြီးတစ်ခုကိုထူထောင်ချင်ပါတယ်”ဟုဆိုသည်။ 

“ကျွန်တော့်ဆရာက ကျွန်တော့်ကို ကိုယ့်အမှတ်တံဆိပ်ကို မှန်ကန်အောင် ဂရုစိုက်ပါလို့ ဆိုခဲ့ပါတယ်။ ကျွန်တော်အဲဒီစကားကို အမြဲအမှတ်ရနေပါတယ်။ ကျွန်တော့်ဆီကို အခွင့်အလမ်းတွေ အများကြီး ရောက်လာပါတယ်။ ဒါပေမဲ့ ကျွန်တော့်အမှတ်တံဆိပ်ကိုပဲ အကောင်းဆုံးဖြစ်အောင် ကျွန်တော်လုပ်ဆောင်ခဲ့ပါတယ်”ဟု သူက ဆိုသည်။ အရွယ်နှင့်မလိုက်အောင် ပြောတတ်သူဖြစ်သည်။



Rachel Zietz

ရစ်ချယ်သည် Gladiator Lacrosse လုပ်ငန်းကို ထူထောင်ထားသူဖြစ်သည်။ သူ့အသက်က ယခုမှ ၁၈ နှစ်သာ ရှိသေးသည်။ သူ့လုပ်ငန်းက Lacrosse ကစားနည်းပစ္စည်းများကို ရောင်းချသည့်လုပ်ငန်းဖြစ်သည်။ ယင်းအားကစားပစ္စည်းများကို ကွင်းထဲတွင် အသုံးပြုသည့် ပစ္စည်းများကအစ ထုတ်လုပ်သည်။ ၂၀၁၆ ခုနှစ်တွင် သူ့လုပ်ငန်းမှ ဝင်ငွေမှာ ဒေါ်လာ ၂ သန်းဖြစ်သည်။ 

“ကျွန်မကတော့ ဒီအားကစားပစ္စည်း ထုတ်လုပ်တဲ့ လုပ်ငန်းကိုပဲ ဇောက်ချပြီးလုပ်ကိုင်သွားမှာပါ” ဟု ဆိုသည်။ သူ့ကို လုပ်ငန်းနှင့် ပတ်သက်သည့် အကြံပြုချက်ကိုမေးကြည့်ရာတွင်လည်း “ကျွန်မကတော့ ကိုယ်လုပ်ချင်တာကိုပဲ အမြဲတမ်းဆုံးဖြတ်ချက်နဲ့ လုပ်ဖို့စိတ်ဆုံးဖြတ်ထားတယ်” ဟုဆိုသည်။ စိတ်ဓာတ်ဖြင့် ဘဝကိုတိုးတက်အောင် လုပ်ဆောင်နိုင်ခဲ့သူဖြစ်သည်။

E-01

(Ref: Fortune)