News

POST TYPE

ARTICLE

အားကျစေချင် နည်းပညာရှင်များ (၁၀)
21-Jul-2018 tagged as



မာယန်၏ ဘဝရည်မှန်းချက်

မာယန်  (Ma Yun) ခေါ် ဂျက်မာ (Jack Ma) ကို ၁၉၆၄ ခုနှစ်တွင် မွေးဖွားသည်။ ၁၉၉၅ ခုနှစ်တွင် အင်တာနက် လုပ်ငန်းကို စတင်လုပ်ကိုင်ခဲ့သည်။ ယခု အခါ တရုတ်နိုင်ငံတွင် E-commerce လုပ်ငန်းကြီးကို အောင်မြင်စွာ လုပ်ဆောင်နေသော Alibaba လုပ်ငန်းကြီး၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး စီးပွားရေးလုပ်ငန်းများကို ဦးဆောင်လှုပ်ရှားနေသူဖြစ်သည်။

၁၉၉၅ ခုနှစ်က ဂျက်မာတစ်ယောက် အင်တာနက်လုပ်ငန်းကို မထင်မှတ်ဘဲ စတင်လိုက်ခြင်းဖြစ်သည်။ လုပ်ငန်းကို စမ်းတဝါးဝါးနှင့် စတင်လိုက်သော်လည်း သူ့လုပ်ငန်းက အရှိန်နှင့် တလိမ့်လိမ့်ထိုးတက်သွားကာ အောင်မြင်သော စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ယောက် ဖြစ်လာခဲ့ရသည်။ 

Alibaba.com ဆိုသည့် လုပ်ငန်းစုကြီးသည် ၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့တွင် ဟောင်ကောင်စတော့အိတ်ချိန်းဈေးကွက်တွင် စာရင်းဝင်လုပ်ငန်းကြီးတစ်ခုဖြစ်လာသည်။ ထိုခေတ်ဈေးကွက်ပေါက်ဈေးအရ ဟောင်ကောင်ဒေါ်လာ ဘီလီယံ ၂၀၀ တန်ကြေးရှိသည့် ကုမ္ပဏီကြီးအဖြစ်လည်း သတ်မှတ်ခြင်းခံခဲ့ရသည်။

ကုမ္ပဏီကို စတင်ထူထောင်ခဲ့သည့် မာယန်သည် ၂၀၁၈ ခုနှစ် Forbes စာရင်းတွင် ကမ္ဘာ့ဩဇာအာဏာအကြီးဆုံး သူဌေးကြီးတစ်ဦးအဖြစ် သတ်မှတ်ခြင်းခံရသည်။ ၂၀၁၇ ခုနှစ်က ထုတ်ပြန်သည့် Fortune မဂ္ဂဇင်း၏ ကမ္ဘာ့အချမ်းသာဆုံး သူဌေး ၅၀ စာရင်းတွင် သူက နံပါတ် ၂ ချိတ်သည်။ 

မာယန်ကို ၁၉၆၄ ခုနှစ် စက်တင်ဘာ ၁၀ ရက် နေ့တွင် တရုတ်နိုင်ငံ၊ ဇီကျန်းနယ်၊ ဟန်ကျိုးမြို့တွင် မွေးဖွားသည်။ ငယ်စဉ်ကတည်းက အင်္ဂလိပ်စာနှင့် စကားကို စိတ်ဝင်စားသည်။ ဟန်ကျိုးရှိ နိုင်ငံတကာ ဟိုတယ်ကြီးများတွင် ငယ်စဉ်ကတည်းက လှည့်လည်သွားလာနေပြီး ကမ္ဘာလှည့်ခရီးသည်တွေကို အင်္ဂလိပ်လို လိုက်ပြောပြီး အင်္ဂလိပ်စကားပြောသင်သည်။ 

သူက စက်ဘီးလေး တစ်စီးနှင့် မိုင် ၇၀ ခန့်စီးပြီး ကမ္ဘာလှည့်ခရီးသွားများကို အင်္ဂလိပ်စကားပြန်လုပ်ကာ တရုတ်နိုင်ငံအနှံ့ ၉ နှစ်ခန့်လှည့်လည်ပြီး အင်္ဂလိပ်စကားပြောကို သင်ယူခဲ့သူလည်းဖြစ်သည်။ သူ့အမည်က ခေါ်ရခက်သဖြင့် နိုင်ငံခြားသားများကို ဂျက်ဟု မိတ်ဆက်ပေးရာမှ ဂျက်မာဖြစ်လာခဲ့ရသည်။ 

ငယ်စဉ်ဘဝက ကောလိပ်တက်ရန် ခက်ခဲစွာ ရုန်းကန်ခဲ့ရသည်။ တရုတ်တက္ကသိုလ်ဝင်စာမေးပွဲက တစ်နှစ်တစ်ကြိမ်သာကျင်းပသည်။ မာတစ်ယောက် တက္ကသိုလ်ဝင်တန်းအောင်မြင်ရန် လေးနှစ်တိုင် ကြိုစားခဲ့ပြီးမှ အောင်မြင်ခဲ့သည်။ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ပြီးနောက် ဟန်ကျိုးရှိ ဆရာအတတ်သင်ကျောင်းကို တက်ရောက်ခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် B.A. ဘွဲ့ကို အင်္ဂလိပ်စာဘာသာအထူးပြုဖြင့် ရခဲ့သည်။ ဆရာ အတတ်သင်ကျောင်းတွင် တက်စဉ်က ကျောင်းကောင်စီခေါင်းဆောင်တစ်ဦးဖြစ်ခဲ့သည်။ ဘွဲ့ရပြီးနောက် Harvard Business School ကျောင်းကို တက်ရောက်ရန် ကြိုးစားခဲ့သည်။ ၁၀ ကြိမ် တိတိ ငြင်းပယ်ခြင်းခံရသည်။ 

မာသည် ဘွဲ့ရပြီးနောက် ဟန်ကျိုး Electronics Industry Institute ကျောင်းရှိ နိုင်ငံခြားဘာသာသင်ဌာနတွင် အင်္ဂလိပ်စာပြဆရာအဖြစ်ဝင်လုပ်သည်။ ၁၉၉၂ ခုနှစ်တွင် သူနှင့် မိတ်ဆွေအချို့ပူးပေါင်းပြီး Haibo ဆိုသည့် လုပ်ငန်းတစ်ခုကို ထူထောင်ခဲ့သည်။ ဟန်ကျိုးတွင် ပထမဆုံး အင်္ဂလိပ်စာနှင့် တရုတ်စာဘာသာပြန်လုပ်ငန်းတစ်ခုအဖြစ် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ သူ၏ ပထမဆုံး လုပ်ငန်းစတင်ထူထောင်လိုက်ခြင်းဖြစ်သည်။

လုပ်ငန်းအတွက် နေရာကို ငှားရမ်းရာတွင် တစ်လကို ယွမ် ၇၀၀ ပေးရသည်။ သို့သော် သူတို့ပြန်ရှာနိုင်သည့် ငွေပမာဏမှာ တစ်လမှ ယွမ် ၂၀၀ သာ ဖြစ်သဖြင့် အရှုံးပေါ်သည်။ အရင်းကျေရန်အတွက် မာသည် ယီဝူးနှင့် ကွမ်းကျိုးနယ်များသို့သွားပြီး ကမ္ဘာလှည့်ခရီးသည်များအတွက် လက်ဆောင်ပစ္စည်းလေးများနှင့် ပန်းများကို ဝယ်ရောင်းရသည်။ ထိုပစ္စည်းလေးများကို သူဖွင့်ထားသည့် ဘာသာပြန်လုပ်ငန်းဆိုင်တွင် တင်ရောင်းပြီး အသက်ဆက်ရသည်။ ထိုလုပ်ငန်းကို ခက်ခဲစွာရပ်တည်ပြီး သုံးနှစ်ခန့် လုပ်ကိုင်ခဲ့ရသည်။ 

၁၉၉၅ ခုနှစ်တွင် မာကို တရုတ်ကုမ္ပဏီကြီးတစ်ခုက ဘာသာပြန်အဖြစ် ငှားရမ်းခဲ့သည်။ ထိုကုမ္ပဏီသည် ဆောက်လုပ်ရေး ကန်ထရိုက်လုပ်ငန်းများကို လုပ်ဆောင်နေသည့် အဖွဲ့ကြီးတစ်ခုဖြစ်ပြီး အမေရိကန်ပြည်ထောင်စုနှင့် ဆက်စပ်ပြီး လုပ်ငန်းများလုပ်ဆောင်နေသော ကုမ္ပဏီကြီးတစ်ခုလည်းဖြစ်သည်။ လုပ်ငန်းကြောင့် သူသည် အမေရိကန်ပြည်ထောင်စုကို ရောက်ခဲ့သည်။

အမေရိကန် ဆီရက်တဲတွင် ရှိနေစဉ် သူငယ်ချင်းတစ်ယောက်အိမ်တွင် သူသည် ပထမဆုံး အင်တာနက်ဆိုသည်ကို စတင်တွေ့ကြုံဖူးခဲ့သည်။ သူက ထိုအကြောင်းနှင့် ပတ်သက်ပြီး “ကျွန်တော်ကွန်ပျူတာ ကီးဘုတ်ကို ထိတောင်မထိရဲဘူး။ အဲဒီအချိန်က ကွန်ပျူတာဆိုတာ အရမ်းဈေးကြီးတာဆိုတော့ ကျွန်တော် သွားထိလိုက်ရင် ပျက်သွားမလားဆိုပြီး စိတ်ထဲထင်နေတယ်” ဟု သူကပြန်ပြောပြသည်။

မာက သူ၏ သူငယ်ချင်းဖြစ်သူ ကွန်ပျူတာနှင့် အင်တာနက်သုံးနေသည်ကို ဘေးကထိုင်ကြည့်နေသည်။ သူက သူငယ်ချင်းဖြစ်သူကို အင်တာနက်ထဲတွင် “ဘီယာ” ဆိုသည့် စာလုံးလေးကို ရိုက်ပြီး ရှာကြည့်ခိုင်းသည်။ အင်တာနက်ထဲတွင် အမေရိကနှင့် ဂျာမနီထုတ် ဘီယာတွေအများကြီးကျလာသည်။ မာက ထို အကြောင်းအရာများကို ကြည့်ရင်းက အင်တာနက်က တရုတ်လုပ်ငန်းများကို မည်သို့ အထောက်အကူပြုနိုင်မည်နည်းဟု တွေးကြည့်လိုက်သည်။ သူက အင်တာနက်ဆိုသည့် ဈေးကွက်ကြီးထဲတွင် အခြားနိုင်ငံထုတ်ကုန်များကို တွေ့ရပြီး တရုတ်ထုတ်ကုန်များကို အဘယ်ကြောင့် မတွေ့ရသနည်းဟု စဉ်းစားသည်။ တရုတ်ထုတ်ကုန်များကို အင်တာနက်ထဲရောက်အောင် မည်သို့လုပ်မည်နည်းဟုလည်း တွေးလိုက်မိသည်။ 

မာတစ်ယောက် အမေရိကမှ ပြန်ရောက်လာသည့်အခါတွင် ဟန်ကျိုးနယ်ကလည်း သူ့ကို အတော်ဆုံး လူငယ်ဆရာတစ်ဦးအဖြစ် ဘွဲ့ပေးပြီး ချီးကျူးဂုဏ်ပြုခဲ့သည်။ သို့သော် သူက ထိုအချိန်တွင် ဆရာအလုပ်ကို စွန့်လွှတ်ခဲ့ပြီးဖြစ်နေသည်။ သူ့မူလမိခင်ဌာနကို ပြန်မသွားတော့ပဲ အမေရိကန်ဒေါ်လာ ၂၀၀၀ ကို ချေးငှားပြီး သူ့စိတ်ကူးကို အကောင်အထည်ဖော်ကြည့်သည်။ 

သူက “China Yellow Pages” ဆိုသည့် website တစ်ခုကို ထူထောင်လိုက်သည်။ တရုတ်နိုင်ငံမှာ လုပ်ငန်းအားလုံးကို အမြန်ဆုံး လမ်းညွှန်ပေးနိုင်သည့် နေရာတစ်နေရာအဖြစ် ဖန်တီးကြည့်ခြင်းဖြစ်သည်။ အင်တာနက်ထဲသို့ တရုတ်နိုင်ငံ၏ လုပ်ငန်းများကို စတင်ထည့်သွင်းပြီး ကမ္ဘာကသိအောင် သူစတင်ကြံဆောင်ခဲ့ခြင်းဖြစ်သည်။ 

သုံးနှစ်ခန့်ကြာသည့်အခါတွင် သူ့ Website သည် တရုတ်ယွမ် ၇ သန်းတန် လုပ်ငန်းကြီးတစ်ခုဖြစ်လာသည်။ သို့သော် သူ့တွင် ပြိုင်ဘက်ကပေါ်လာသည်။ Hangzhou Telecom က မှတ်ပုံတင်လိုက်ပြီးနောက် ယွမ်သန်း ၃၀၀ ခန့်တန်သည့် လုပ်ငန်းကြီးတစ်ခုအဖြစ် သူ့ကိုယှဉ်ပြိုင်လာတော့သည်။ 

မာက သူပိုင်သည့် China Yellow Pages ကို ပြိုင်ဘက်ဖြစ်လာသည့် Hangzhou Telecom ကို ယွမ် ၁ ဒသမ ၄ သန်းဖြင့် ရောင်းချလိုက်သည်။ သူနှင့် အဖွဲ့သည် ဘေဂျင်းကိုသွားပြီး နိုင်ငံခြားရေးဝန်ကြီးဌာန ကုန်သွယ်ရေးနှင့် စီးပွားရေးကော်ပိုရေးရှင်းတွင် သွားရောက်လုပ်ကိုင်ကြသည်။ သူတို့က ဝန်ကြီးဌာနများတွင် Website များထူထောင်ရန်အတွက် သွားရောက်လုပ်ဆောင်ပေးကြခြင်းဖြစ်သည်။ ၁၉၉၉ ခုနှစ်တွင် မာသည် မိမိဇာတိမြေကိုပြန်ရန် ဆုံးဖြတ်လိုက်သည်။ သူက E-commerce Website တစ်ခုကို ကိုယ်ပိုင်လုပ်ငန်းတစ်ခုအဖြစ် ထူထောင်ရန် ဆုံးဖြတ်ပြီး ပြန်လာခဲ့ခြင်းဖြစ်သည်။ သူက အသေးစားလုပ်ငန်းလေးတစ်ခုအနေနှင့် စတင်ထူထောင်ခဲ့ခြင်းလည်းဖြစ်သည်။

“အင်တာနက်က ကျွန်တော်တို့ကို အခွင့်အလမ်းတွေ အများကြီးပေးပါတယ်။ ကျွန်တော်တို့ခေတ်ကျမှ ရတဲ့အခွင့်အလမ်းတွေပါ။ တကယ်လို့သာ အခွင့်အရေးပေးခိုက်ကို ကျွန်တော်မယူနိုင်ရင် စိတ်မကောင်းဖြစ်မိမှာ အမှန်ပဲ”ဟု သူကဆိုသည်။

မာက Ali Baba ဆိုသည့် ဒိုမိန်းအမည်ဖြင့် Website တစ်ခုကို စတင်ဝယ်လိုက်ပြီး လုပ်ငန်းကို အစပျိုးလိုက်သည်။ ယွမ် ၅ သိန်းဖြင့် အရင်းအနှီးကို မှတ်ပုံတင်ပြီး စတင်လိုက်သည့် Alibaba လုပ်ငန်းကို မာသည် ဝန်ထမ်း ၁၈ ဦးဖြင့် စတင်ခဲ့သည်။ ထိုဝန်ထမ်းများထဲတွင် သူ၏ ဇနီးဖြစ်သူလည်း ပါဝင်သည်။ ထို့ပြင် သူဆရာအတတ်သင်တွင် ဆရာလုပ်စဉ်က တပည့်များနှင့် သူငယ်ချင်းများကိုလည်း ခေါ်ထည့်ထားရသည်။ 

လုပ်ငန်းကို စတင်ထူထောင်စဖြစ်သောကြောင့် ပညာရှင်များကိုလည်း လခကောင်းကောင်းပေးပြီး ခေါ်မထည့်နိုင်ခဲ့ပေ။ သူ့တွင် တွေ့ကြုံခဲ့ဖူးသော အတွေ့အကြုံများကို အရင်းတည်ပြီး စမ်းတဝါးဝါးနှင့် စခဲ့ရခြင်းဖြစ်သည်။ ရုံးခန်းကိုလည်း သူ့အိမ်တွင်သာ ဖွင့်နိုင်သည်။ ဝန်ထမ်းများကို ထားရန်အတွက် သူ့အိမ်မှ ၅ မိနစ်ခန့် လမ်းလျှောက်သွားရသည့် နေရာတွင် တိုက်ခန်းတစ်ခန်းငှားထားရသည်။ သူတို့အားလုံး နေ့ရောညပါ မအိပ်မနေ လုပ်ကြရသည်။ 

“အင်တာနက်ဆိုတာ ပြတင်းပေါက်တစ်ခုပါ။ ထောင်ပေါင်းများစွာသော လုပ်ငန်းလေးတွေကို ကမ္ဘာနှင့် ဆက်သွယ်နိုင်အောင် ကျွန်တော်တို့ လမ်းဖွင့်ပေးဖို့ ကြိုးပမ်းကြရပါတယ်”ဟု သူကဆိုသည်။ သူ့ Website ကို ၁၈ သန်းခန့် မှတ်ပုံတင်ပြီး သုံးလာကြသည်။ Alibaba.com သည် နောက်ပိုင်းတွင် နေ့တိုင်းယွမ် သန်းချီပြီးရနေသည့် လုပ်ငန်းကြီးတစ်ခု ဖြစ်လာခဲ့ရသည်။ 

မာ၏ Alibaba က ပြိုင်ဘက်များကို ကျော်လွှားနိုင်သည့် အနေအထားကို ရောက်လာချိန်တွင် အမေရိကမှ eBay က တရုတ်နိုင်ငံဈေးကွက်ထဲကို ဝင်လာသည်။ eBay ကလည်း E-commerce လုပ်ငန်းများကို ဝန်ဆောင်မှုစတင်ပေးနေသည်။ Eachnet.com ကို eBay က ဒေါ်လာ သန်း ၁၂၀ နှင့်ဝယ်လိုက်သည်။ သို့သော် သူတို့နှင့် Alibaba.com တို့၏ ဝန်ဆောင်မှု ပေးပုံချင်းက ကွာသည်။

Alibaba B-to-B ဆိုသည့် (Business to Business) ဝန်ဆောင်မှုပေးသည့် ပုံစံဖြစ်ပြီး eBay နှင့် Eachnet.com u C-to-C (Customer to Customer) သို့ တိုက်ရိုက်ဝန်ဆောင်မှုပေးသည့် ပုံစံဖြစ်သည်။ Alibaba က လုပ်ငန်းအချင်းချင်း အဆက်အသွယ်ရစေရန် ဆောင်ရွက်ပေးပြီး eBay က တစ်ဦးချင်းအလိုက် ဝန်ဆောင်မှုကို လိုက်ပေးနေခြင်းဖြစ်သောကြောင့် မတူဟုဆိုရခြင်းဖြစ်သည်။

သူတို့ပြိုင်ဘက်အဖွဲ့ကြီးနှစ်ခု၏ မတူညီသော လုပ်ဆောင်နေမှုများက အင်တာနက်ဝန်ဆောင်မှု လုပ်ငန်းချင်းတွင် တူညီနေကြသည်။ အွန်လိုင်းပေါ်တွင် ပြီးပြည့်စုံသည့် ဝန်ဆောင်မှုများကို ရရှိစေရန် အားထုတ်ကြပုံချင်းလည်း တူညီကြသည်။ eBay သည် အမေရိကန်ပြည်ထောင်စုတွင် လုပ်ငန်းကြီးတစ်ခုအဖြစ် အောင်မြင်နေသည်။ Eachnet.com ကို ဝယ်ပြီး တရုတ်နိုင်ငံကို နယ်မြေချဲ့လာနိုင်ခြင်းကြောင့်လည်း တရုတ်တွင် နံပါတ် ၁ အဆင့်လောက် ကို ရောက်သွားလောက်အောင်ပင် အောင်မြင်သွားသည်ဟုဆိုရမည်။ မာတစ်ယောက် စဉ်းစားနေရပြီဖြစ်သည်။ eBay ၏ အောင်မြင်လာမှုသည် သူ့လုပ်ငန်းကို ကောင်းကောင်း ခြိမ်းခြောက်လာနေပြီဟု တွေးပြီး သူသွေးပျက်လာသည်။

၂၀၀၃ ခုနှစ် ဧပြီလက တရုတ်နိုင်ငံတွင် SARS ဆိုသည့် ကပ်ဘေးတစ်ခုသင့်သည်။ Alibaba.com သည် ဆက်လက်ပြီး ရပ်တည်နိုင်အောင် ကြိုးစားခဲ့သည်။ တစ်နေ့တွင် မာက ကုမ္ပဏီမှ နည်းပညာပိုင်းတွင် ကျွမ်းကျင်သည့် ဝန်ထမ်း ၇ ဦးကို အစည်းအဝေးခန်းထဲသို့ ခေါ်လိုက်သည်။ လူငယ် ၇ ယောက် ကုမ္ပဏီ ဒုဥက္ကဋ္ဌအဖြစ်တာဝန်ယူထားသည့် ဂျက်မာ အခန်းကို ရောက်လာကြသည်။ မာက -

“မင်းတို့ကို အရေးကြီးတဲ့ကိစ္စတစ်ခုကို လုပ်ဖို့ပြောချင်တယ်။ မင်းတို့ ဟန်ကျိုးကနေရော Alibaba.com ကပါ ထွက်သွားရမယ်။ ပြီးတော့ မင်းတို့လျှောက်ပြောရမယ်။ မင်းတို့ မိတ်ဆွေတွေ မိသားစုဝင်တွေ အားလုံးပါမကျန် ပြောရမယ်”

သူ့စကားကို အားလုံးက နားစိုက်ထောင်နေကြသည်။

“မင်းတို့နဲ့ငါ သဘောတူညီမှုတစ်ခု လက်မှတ်ရေးထိုးရမယ်။ မင်းတို့ Alibaba.com ကထွက်သွား ပြီး အခြားကုမ္ပဏီလုပ်ငန်းတစ်ခုကို စတင်လုပ်ကြရမယ်။ နောက် ၁၀ လအတွင်း မင်းတို့လုပ်နေတာကို လျှို့ဝှက်ထားရမယ်”

ဂျက်မာတစ်ယောက် ဗျူဟာကို စတင်ခင်းပြီ ဖြစ်သည်။ သူတို့ ၇ ဦးကို Alibaba.com က ထွက်သွားပြီဟုပြောပြီး တစ်နေရာတွင် သူတို့ကို လျှို့ဝှက်ပြီး Website တစ်ခုကို ထူထောင်ခိုင်းထားသည်။ ထိုလုပ်ငန်းကလည်း အွန်လိုင်း ကုန်သွယ်မှုဆိုင်ရာ လုပ်ငန်းတစ်ခု ဖြစ်သည်။ တစ်နှစ်ခန့်အကြာတွင် Taobao ဆိုသည့် Website အသစ်တစ်ခုကို မွေးဖွားနိုင်ခဲ့သည်။ မာတစ်ယောက် တိုက်ပွဲကိုစတင်ခဲ့ပြီ။ 

E-01

(Ref: Dream Which Have Come True,  Xue Hong)

  • TAGS