News

POST TYPE

ARTICLE

ရန်ကုန်မြို့ပေါ်က ရေမြုပ်နေသော သေမင်းတမန်လမ်းများအကြောင်း


မိုးတွေရွာနေသော ဇူလိုင်လ ၁၃ ရက် ရန်ကုန်မြို့၏ ရေတွေမြုပ်နေသော ကားလမ်းမတစ်ခုပေါ်ကို ကျောင်းသားလေးတစ်ယောက်ခုန်ဆင်းလိုက်စဉ် အသက်ပျောက်သွားခဲ့သည်။ အလားတူ မနှစ်က မိုးရာသီကာလကလည်း ရေတွေမြုပ်နေသည့် ဓာတ်တိုင်မှ ဓာတ်လိုက်ပြီး ရန်ကုန်မြို့လယ်တွင် လူငယ်တစ်ဦး သေဆုံးခဲ့ဖူးသည်။ ယခင့်ယခင်နှစ်များကလည်း အလားတူဖြစ်ရပ်များဖြစ်ခဲ့သည်ပင်။ ထိုဖြစ်စဉ်များအတွက် ယနေ့အထိ တာဝန်ယူမှု၊ တာဝန်ခံမှု၊ တောင်းပန်ပြောဆိုမှုမျိုး၊ ဝန်ခံပြောဆိုမှုမျိုး မတွေ့ရသေးပေ။ 

ရေလွှမ်းနေသော ကားလမ်းပေါ်မှ ဓာတ်လိုက်သေဆုံးသူ ကျောင်းသားလေး၏ အသုဘအခမ်းအနားဖြစ်သည့် တစ်ပတ်အကြာတွင် ရက်လည်ဆွမ်းသွတ်ကြပါလိမ့်မည်။ ထိုနေ့များမှလွန်သော် နောင်တွင် သေဆုံးသူအကြောင်းကို လူများက မေ့သွားကြပါလိမ့်မည်။ 

သို့ရာတွင် ထိုဖြစ်ရပ်များသည် ရန်ကုန်မြို့လမ်းများပေါ်တွင် အမှန်တကယ်ဖြစ်ပွားခဲ့သော ဖြစ်ရပ်များ ဖြစ်ပါသည်။

အယ်ဒီတာ

အနီရောင်တာပေါ်လင်စ အမိုးအုပ်ထားသည့် ပေ ၂၀ ပတ်လည်ရှိ ယာယီမဏ္ဍပ်တစ်ခုအောက်တွင် ဆယ်ကျော်သက်ကလေးငယ်အချို့အပါအဝင် လူ ၅၀ ခန့်ထိုင်နေကြသည်။ သူတို့သည်ဓာတ်လိုက်သေဆုံးခဲ့သည့် အသက် ၁၃ နှစ်အရွယ် ရှစ်တန်းကျောင်းသား မောင်မျိုးမင်းထွန်း (ခေါ်) ပေါက်စို့၏ အသုဘပို့အခမ်းအနားအတွက် ညနေ ၃ နာရီခွဲကတည်းကပင် အလုပ်များနေကြသည်။

လူအချို့က စုထည့်ထားသည့် ဂုံနီအိတ်အဖြူရောင်မှထုတ်လျက် ရေသန့်ဘူး အသေးစားနှင့် ယပ်တောင် စုထည့်ထားသည့် ပလတ်စတစ်အိတ်များကို မဏ္ဍပ်အတွင်းရှိ လူများကို တစ်ဦးလျှင် တစ်အိတ်စီ လိုက်လံဝေပေးနေသည်။

သို့သော် အားလုံးကိုယ်စီ၏ မျက်နှာပြင်တွင် စိတ်ညှိုးနွမ်းနေသည့်မျက်နှာပြင်က တူညီလျက်ရှိသည်။

အနီရောင်အင်္ကျီလက်ရှည်ကို လက်တစ်ဝက်တင်၍ အပေါ်ထပ်ကာဝတ်ထားသည့် ခေါင်းကပ်ပလတ်စတာနှစ်ခုကို နားထင်ကြောတွင်ကပ်ထားသည့် ပိန်လှီနေသော အမျိုးသမီးတစ်ဦးက ယင်းသို့ဝေငှနေသည့် အဖြစ်အပျက်ကို နေအိမ်အတွင်းမှ မျက်နှာမူ၍နေသည်။

နေအိမ်ဟုဆိုသော်လည်း အကျယ်အဝန်းမှာ ရှစ်ပေခန့်သာရှိပြီး အရှည်ပေခြောက်ဆယ်ခန့်ရှိသည့် အခန်းခွဲများဖြင့် တန်းလျားတစ်ခုဖြစ်သည်။

တန်ဖိုးကြီးပစ္စည်း တစ်စုံတစ်ရာမရှိပေ။

အသုဘအခမ်းအနားကို ဘကြီးဖြစ်သူ ဦးပြုံးချို၏နေအိမ်ရှေ့တွင် ကျင်းပရခြင်းဖြစ်ပြီး မောင်မျိုးမင်းထွန်း မိသားစုနေထိုင်သည့်အခန်းမှာ ယင်းတန်းလျား၏ နောက်ဆုံးဘက် မီးဖိုချောင်ဘက်ဖြစ်ကြောင်း ဦးပြုံးချိုကဆိုသည်။

မောင်မျိုးမင်းထွန်းတွင် မွေးချင်းခြောက်ယောက်ရှိပြီး သူသည် ငါးယောက်မြောက်ဖြစ်ကာ ၎င်း၏အောက်တွင် လေးတန်းတက်နေသည့် ညီမတစ်ယောက်ရှိကြောင်း၊ လိမ္မာ၍စာတော်သောကြောင့် မျှော်လင့်ချက်ထားရသည့် သားတစ်ဦးဖြစ်ကြောင်း ဘကြီးဖြစ်သူဦးပြုံးချိုက ပြန်လည်ပြောပြသည်။

သို့သော် သူမ ယင်းအဖြစ်အပျက်အား မျက်နှာမူနေသော်လည်း ၎င်း၏အတွေးများက မြင်ကွင်းရှိရာ အဖြစ်အပျက်များကို စိတ်က မရောက်တစ်ချက် ရောက်တစ်ချက်။ မျှော်လင့်ထားခြင်းမရှိဘဲ ရုတ်တရက် တစ်နေ့ကမှ သားဖြစ်သူသေဆုံးခဲ့သည့်အတွက် မိခင်ဖြစ်သူ ဒေါ်အေးမြင့်တစ်ယောက် စိတ်နှင့်ကိုယ်ကပ်ရန်အာရုံစုစည်း၍လည်း မရနိုင်ခဲ့ပေ။

“အခုလိုဖြစ်သွားတယ်ဆိုတာ ကျောင်းသားလေးလာပြောလို့သိရတာ၊ သဲသဲကွဲကွဲကိုသိရတာ မဟုတ်သေးဘူး။ အန်တီရဲ့သားက ဒီလိုဓာတ်လိုက်သေဆုံးဖို့အတွက် ကံပါလာလို့ ဒီလိုသေရတာပဲလို့ပဲ အန်တီမှတ်ယူထားတယ်။ ဒီကလေးက အန်တီအတွက်အချစ်ဆုံးကလေးပဲ”ဟု ဒေါ်အေးမြင့် နှုတ်မှ ငိုလျက် ဖွင့်ဟထွက်လာသည်။

ရပ်ကွက်အတွင်း အဝတ်လျှော်၊ မီးပူတိုက်၊ ထမင်းချက် စသည့် တောက်တိုမည်ရ အလုပ်များလုပ်ကိုင်၍ သားဖြစ်သူ ပညာတတ်ကြီးဖြစ်စေရန် မျှော်လင့် ချက်ထား၍ကျောင်းထားခဲ့သည့် ဒေါ်အေးမြင့်အတွက် အသည်းကွဲမတတ်ရင်နာမဆုံးဖြစ်နေသည့် မျက်နှာဖြင့် သူမ ထပ်ခါထပ်ခါ နှမြောတသဖြင့်ဆိုသည်။

သေဆုံးသူ မောင်မျိုးမင်းထွန်းသည် ဇူလိုင် ၁၃ ရက် သောကြာနေ့တွင် ညနေကျူရှင် အတန်းချိန်တစ်ချိန်နှင့်တစ်ချိန်ကြား အနားရချိန်တွင် သူငယ်ချင်းများနှင့် မုန့်ထွက်စားရာမှ ချယ်ရီဥယျာဉ်ဘက်မှ သံသုမာလမ်းမအတိုင်း လျှောက်လာစဉ် ညနေ ၅ နာရီ တစ်မိနစ်အချိန်တွင် ရေတက်လာချိန်၌ လူမြင်ကွင်းကွယ်ပျောက်နေသော ဓာတ်ကြိုးကို မောင်မျိုးမင်းထွန် တက်နင်းမိ၍ ဓာတ်လိုက်သေဆုံးခဲ့ခြင်းဖြစ်သည်။

အဆိုပါဓာတ်ကြိုးသည် သောကြာနေ့ ညနေ ၃ နာရီခွဲက လမ်းမပေါ်တွင် ဆိုင်မျက်နှာစာပြင်ရှေ့တွင် လျှပ်စစ်ရှောခ့်ဖြစ်၍ ခွေလျက်ပြတ်ကျခဲ့ခြင်းဖြစ်ကြောင်း သေဆုံးမှုဖြစ်ပွားခဲ့သည့်နေရာကို ရိုက်ကူးထားသည့် HTET အုတ်သဲကျောက်အရောင်းဆိုင်၏ စီစီတီဗီမှတ်တမ်းများတွင် မှတ်တမ်းများရှိနေသည်။

ထိုနေ့သည် လကွယ်ရက်နီးသောကြောင့် ဒီရေအတက်အကျရှိသောနေ့ရက်များဖြစ်ပြီး တောင်ဥက္ကလာပမြို့နယ် သံသုမာလမ်းမတစ်ခြမ်းတွင် ရေလျှံခဲ့သည်။

“ကြိုးပြတ်တာက ဆိုင်မျက်နှာစာရှေ့တည့်တည့်မှာဖြစ်နေတော့ ငါကိုယ်တိုင် တောင်ဥက္ကလာ EPC ကို ဖုန်းဆက်တယ်။ ဒါပေမဲ့ ရုံးဖုန်းတွေက ဆက်မရဘူး။ မကိုင်ဘူး။ နှစ်ခါတောင်ခေါ်ခဲ့တယ်။ ဒါကြောင့် ရပ်ကွက်ထဲလာပြင်လို့ သိနေတဲ့ EPC ဝန်ထမ်းကောင်လေးကို ဖုန်းဆက်ပြီး အကြောင်းကြားခဲ့တာ”ဟု ၎င်း၏ဖုန်းအဝင်၊ အထွက်ခေါ်ဆိုမှုများကို ပြ၍ ဆိုင်ပိုင်ရှင် ဦးကျော်သင်းအောင်က ဆိုသည်။

ယင်းသို့ဖုန်းဆက်ပြီး လျှပ်စစ်ရုံးမှဝန်ထမ်းများ လာရောက်၍ အနီးရှိ ထရန်စဖော်မာများရှိရာကိုသာ လာရောက်ပြင်ဆင်ခဲ့ပြီး ညနေ ၄ နာရီအချိန်ခန့်တွင် မီးပြန်လာခဲ့သော်လည်း ယင်းပြတ်ကျဓာတ်ကြိုးကို လာရောက်ပြင်ဆင်မှုမရှိခဲ့ကြောင်း ၎င်းကဆိုသည်။

မောင်မျိုးမင်းထွန်း ဓာတ်လိုက်သေဆုံးမှုကို မျက်မြင်တွေ့ဆုံခဲ့သော်လည်း လျှပ်စစ်စီးဆင်းမှုများရှိနေသဖြင့် ဓာတ်လိုက်မှုများရှိခဲ့သောကြောင့် အနီးရှိ လူများက ချက်ချင်းဆယ်ယူ၍ မရနိုင်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါဖြစ်စဉ်ကို မြင်တွေ့ခဲ့ရသူများက ဆိုသည်။

ထို့ကြောင့်လည်း ဒေါ်အေးမြင့်တစ်ယောက်သားဖြစ်သူ ဓာတ်လိုက်သေဆုံးသည့်နေ့မှစ၍ အစားစားချင်စိတ်ပျောက်ဆုံးခဲ့ပြီး အားနည်း၍ ဗုန်းဗုန်းလဲလဲကျခဲ့သဖြင့် ရပ်ကွက်အတွင်းရှိ ဆေးခန်းတွင် အကြောဆေးသွင်းမှသာ ပြန်လည်ထထိုင်နိုင်ခဲ့ရခြင်းဖြစ်ကြောင်း အိမ်နီးနားချင်းများထံမှ သိရသည်။

“အသုဘ လူစည်တယ်ဆိုတာက အန်တီ့ကို ရပ်ကွက်ထဲမှာ မသိတဲ့သူမရှိ၊ ကိုယ်က စေတနာထား ပြီးလုပ်တော့ ရပ်ကွက်ထဲကလူတိုင်း အလုပ်တစ်ခုခုရှိရင် အန်တီ့ကိုအကြောင်းကြားတယ်။ ဒီရတဲ့ငွေလေးနဲ့ အန်တီ့သားလေးကို ပညာတတ်ကြီးဖြစ်ဖို့ ကျောင်းထားခဲ့တာ”ဟုလည်း မိခင်ဖြစ်သူ ဒေါ်အေးမြင့်က ဆိုခဲ့သည်။ 

ဓာတ်လိုက်မှုဖြစ်စဉ်နှင့်ပတ်သက်၍ အကြောင်းကြားခဲ့သော်လည်း ရုံးဖုန်းဝင်မှုမရှိခြင်းသည် လိုင်းမအား၍ ဖြစ်ဖွယ်ရှိကြောင်းနှင့် ယင်းသို့ဓာတ်ကြိုးပြတ်ကျမှုများအတွက် သတင်းပို့မှုမရခဲ့ကြောင်း မြို့နယ်လျှပ်စစ်ရုံး တာဝန်ရှိသူများက မီဒီယာများ၏မေးမြန်းမှုအပေါ် ပြန်လည်ချေပပြောဆိုမှုများ ရှိခဲ့သည်။

“ဓာတ်လိုက်လို့ လူသေတာတောင် ဆယ်ဖို့အတွက် EPC ကို ဖုန်းဆက်တာတောင်မှ ချက်ချင်း မီးဖြတ်ပေးတာ မဟုတ်ဘူး။ ရှစ်မိနစ်လောက်ကြာတယ်။ အစောကတည်းက ဖုန်းဆက်လို့ဝင်ခဲ့ရင် ဒီလိုဖြစ်လာစရာအကြောင်းမရှိဘူး”ဟု ဦးကျော်သင်းအောင်က ဆိုသည်။

ယင်းသို့ ဓာတ်လိုက်သေဆုံးမှုအတွက် မိသားစုအတွက် ကူညီငွေ ၂၇ သိန်းကျပ်ကို မြို့နယ်လျှပ်စစ်ရုံးက မိသားစုများထံ ထောက်ပံ့ထားပြီး၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တိုင်းဒေသကြီးလျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က မိသားစုနေအိမ်သို့ လာရောက်၍ အားပေးပြောဆိုမှုများ ရှိခဲ့သည်။

မောင်မျိုးမင်းထွန်း၏ ဖြစ်ရပ်နှင့်ပတ်သက်၍ သက်ဆိုင်ရာဌာနများက တာဝန်ယူမှု၊ တာဝန်ခံမှု အားနည်းကြောင်း ပြည်သူများ၏ဝေဖန်မှုများ ပိုမိုကျယ်လောင်မှုများလည်း ရှိလာသည်။

“ဌာနဆိုင်ရာကို ဖြစ်ရပ်တစ်ခုခုအတွက် ဖုန်းဆက်တိုင်း အမြဲစက်ပိတ်ထားတယ်။ မြို့နယ်အရာရှိတို့၊ လျှပ်စစ်အင်ဂျင်နီယာတွေကို လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်က အကြောင်းကြားရင်တောင် စက်ပိတ်ထားတာတွေ အများကြီးကြုံရတယ်။ ပြည်သူကတော့ တာဝန်ကျေတယ်။ ပြည်သူတစ်ယောက်က အန္တရာယ်ဖြစ်မှာကို အကြောင်းကြားတယ်။ ဒါပေမဲ့ သက်ဆိုင်ရာက အချိန်မီပြင်ဆင်ခဲ့ရင် ဒီကြယ်ပွင့်လေးဆုံးရှုံးမှာမဟုတ်ဘူး”ဟု တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အမှတ် (၂) မှ ဦးမိုးမြင့်က ဆိုသည်။

ဌာနဆိုင်ရာများသို့ ပြည်သူများအနေနှင့် တာဝန်အသိဖြင့် အကြောင်းကြားမှုများရှိခဲ့သော်လည်း လက်တွေ့တွင် ဆက်သွယ်ရန် ပေးထားသည့်ဖုန်းများသည် ဆက်သွယ်၍မရသည်ကပိုများပြီး၊ ဌာနများအနေဖြင့်တာဝန်ယူကာ ဆောင်ရွက်မှုအားနည်းနေကြောင်း ၎င်းက ဆက်ဆိုသည်။

“ကလေးသေဆုံးခဲ့တဲ့အတွက် ကိုယ့်သားသမီးတစ်ယောက် ဆုံးရှုံးသလိုခံစားရတာပဲ၊ ဘယ်စိတ်ကောင်းနိုင်မလဲကွယ်။ ဘယ်သူမှတော့ ဓာတ်လိုက်ပြီး သေစေချင်ခဲ့တာ မဟုတ်ပါဘူး။ ဒါပေမဲ့ မြေပြင်အခြေအနေမှာ ဝန်ထမ်းအင်အားနဲ့ ဖြစ်စဉ်တိုင်းအတွက်တော့ အချိန်မီလိုက်ပြင်နိုင်ဖို့မလွယ်ကူဘူး၊ တကယ်စိတ်မကောင်းပါဘူး”ဟု အရှေ့ပိုင်းခရိုင် လျှပ်စစ်ဌာနမှူးက ဆိုသည်။

သေဆုံးခဲ့သည့် မောင်မျိုးမင်းထွန်၏ မိသားစုဝင်များထံ ငွေကျပ် ၂၇ သိန်းကို ကူညီငွေအဖြစ်ပေးထားပြီး လက်ရှိတွင် ယင်းဖြစ်စဉ်အတွက် ခုံရုံးဖွဲ့၍ စစ်ဆေးနေကြောင်း အရှေ့ပိုင်းခရိုင်လျှပ်စစ်ဌာနမှူးက ဆိုသည်။

ရန်ကုန်မြို့တွင် ဓာတ်ကြိုးပြတ်ကျသဖြင့် ၂၀၁၄ ခုနှစ်မှစ၍ လက်ရှိအချိန် လူဆယ်ဦးခန့်အထိ သေဆုံးမှုရှိခဲ့သည်။ 

ဓာတ်လိုက်သေဆုံးခဲ့သည့် ရှစ်တန်းကျောင်းသား၏နေအိမ်မှ ကျန်ရစ်သည့်မိသားစုကို တိုင်းအစိုးရအဖွဲ့က ကူညီပေးနေပြီး ဇူလိုင်လ ၁၅ ရက်နံနက်က ရန်ကုန်တိုင်း လျှပ်စစ်စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်လာရောက်၍ မိသားစုဝင်များ တောင်းဆိုသည့်အတိုင်း လိုက်လျောဆောင်ရွက်ပေးမည်ဟု ပြောကြားခဲ့ကြောင်း တောင်ဥက္ကလာပမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သစ်သစ်မြင့်က ပြောကြားသည်။

ယင်းဖြစ်စဉ်များသည် ယခုကဲ့သို့ မိုးဦးရာသီတွင် ဖြစ်ပွားခဲ့ခြင်းလည်းဖြစ်သည်။

“သားတစ်ယောက်လုံး သေခဲ့ရတဲ့ လျှပ်စစ်ကို အခုကိုင်ရမှာ အရမ်းလန့်နေပြီ၊ အများပြောနေသလို ဖုန်းဆက်သည်ဖြစ်စေ မဆက်သည်ဖြစ်စေ၊ ဘယ်သူ့ကိုမှ အပြစ်မတင်လိုပေမယ့် ကျွန်မသားလေးလို နောက်လူတွေကို မဖြစ်စေချင်တော့ဘူး”ဟု သေဆုံးသူ၏မိခင် ဒေါ်အေးမြင့်က မျက်ရည်သုတ်၍ နောက်ဆုံးပြောလိုက်သည်။

ဇေယျာဟိန်း