News

POST TYPE

ARTICLE

လဲကျလျှင်ပြန်ထ ဘဝကိုပြန်စ အောင်မြင်ခဲ့သူများ ( ၂ )
14-Jul-2018 tagged as



Chris Gardener

သူ့အကြောင်းကို ၂၀၀၆ ခုနှစ်က မင်းသားဝီလ်စမစ်နှင့်  The Pursuit of Happyness ဆိုပြီး ရုပ်ရှင်ရိုက်ခဲ့သည်။ ကမ္ဘာကျော်ဇာတ်ကားတစ်ကား ဖြစ်သွားခဲ့ရသည်။ ဂါ့ဒ်နာကိုယ်တိုင် သူ့ဘဝအခက်အခဲများအား ရင်ဆိုင်ကြိုးပမ်းခဲ့ရပုံများကို ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိအဖြစ် ထုတ်ဝေခဲ့သည်။ ထိုစာအုပ်ကတည်းက သူ့အကြောင်းကို လူတွေက စိတ်ဝင်စားခဲ့ကြသည်။

သူ့ကို ၁၉၅၄ ခုနှစ်တွင် မွေးဖွားသည်။ ငယ်စဉ်ကတည်းက ဘဝကို ခက်ခဲစွာရုန်းကန်ပြီး ကြီးပြင်းလာရသည်။ သူ့ဖခင်မရှိ။ မိခင်နှင့် သူ့မောင်နှမများသည် ပထွေးလက်ထဲတွင် အနှိပ်စက်ခံပြီး လူဖြစ်လာခဲ့ကြရသည်။ ၁၉၇၇ ခုနှစ်တွင် ဂါ့ဒ်နာသည် ရှယ်ရီဒိုင်ဆန်ဆိုသူနှင့် အိမ်ထောင်ပြုသည်။ သူတို့ သုံးလသာပေါင်းလိုက်ရသည်။ သူ့တွင် နောက်ထပ် အမျိုးသမီးတစ်ဦးနှင့် ဇာတ်ရှုပ်မိခဲ့ရာက ကိုယ်ဝန်ရှိကြောင်း သိလိုက်ရသောကြောင့် ပထမဇနီးကို ကွာရှင်းလိုက်သည်။

၁၉၈၁ ခုနှစ်တွင် သူ့သားဖြစ်သူ ခရစ္စတိုဖာဂါ့ဒ်နာ ဂျူနီယာကို မွေးဖွားသည်။ ထိုအချိန်တွင် သူက UCSF တက္ကသိုလ်တွင် သုတေသနဓာတ်ခွဲခန်းအကူအဖြစ် အလုပ်လုပ်နေသည်။ သူ့မိသားစုကို လုံးဝမထောက်ပံ့နိုင်သည့်ဝင်ငွေလေးဖြင့် လုပ်ကိုင်နေရခြင်း ဖြစ်သည်။ ထို့ကြောင့် ဆေးပစ္စည်းကိရိယာများကို လိုက်လံရောင်းချပေးရသည့်လုပ်ငန်းကို ပြောင်းလုပ်သည်။ 

ရုပ်ရှင်ထဲတွင် ဝီလ်စမစ်က သူ့ဘဝအကြောင်းကို ကောင်းစွာ ပုံဖော်ပြသွားနိုင်ခဲ့သည်။ သူ့ဘဝအခက်အခဲများကို နည်းမျိုးစုံနှင့်ကျော်ဖြတ်ပြီး သားတစ်ယောက်နှင့်အတူ တိုက်ပွဲဝင်ရသည်။ ဖာရာရီကားအနီရောင်လေးစီးလာသည့် လူတစ်ယောက်က သူ့ကိုဘဝ တစ်ခု အချိုးအကွေ့ပြောင်းသွားစေရန် ကူညီပေးလိုက်သောကြောင့် စတော့ရှယ်ယာပွဲစား ဖြစ်လာသည်။ ပွဲစားဖြစ်မှ အိမ်လည်းပျောက်၊ ထောင်လည်းကျ၊ မိန်းမကလည်း ကွာရှင်းသွားသည်။ ထားခဲ့သည့် သားတစ်ယောက်နှင့် ဘဝကို ရုန်းကန်တည်ဆောက်ကာ ပြန်မတ်ခဲ့ရသည်။



Colonel Harland Sanders

သူ့ကို ၁၈၉၀ တွင် အမေရိကန်ပြည်ထောင်စု အင်ဒီယားနား၌ မွေးဖွားခဲ့သည်။ KFC (Kentucky Fried Chicken) ဟုခေါ်သည့် ကြက်ကြော်လုပ်ငန်းကို စတင်ထူထောင်ခဲ့သည့် ဖခင်ကြီးဖြစ်ပြီး ယနေ့တိုင် ကမ္ဘာ့နိုင်ငံအသီးသီးတွင် ဆိုင်ခွဲပေါင်းများစွာ ဖွင့်လှစ်နိုင်ခဲ့သည်။

သို့သော် သူ့ဘဝအစမှာ မလှမပ ခါးသီးဖွယ်ကောင်းလှသည်။ အလုပ်နှင့်ပတ်သက်ပြီး ဆုံးရှုံးမှုပေါင်းများစွာ ရင်ဆိုင်ကျော်ဖြတ်ခဲ့ရသည်။ အသက် ၅ နှစ် အရွယ်တွင် ဖခင်ကွယ်လွန်သည်။ သူ့မိခင်ကို ဖခင်က ကလေးသုံးယောက်နှင့်ထားသွားသည်။ ယင်းသုံးယောက်ထဲတွင် ဟာလန်းဆန်းဒါးစ်လည်း ပါဝင်သည်။

သူ့မိခင်ကလည်း သူတို့ကို ပစ်သွားပြန်သောကြောင့် ဟာလန်းတစ်ယောက် သူ့ညီအစ်ကို မောင်နှမများကို ချက်ပြုတ်ကျွေးမွေးရန် တာဝန်ယူခဲ့ရသည်မှာ ၇ နှစ်သားအရွယ်ကဖြစ်သည်။ အသက် ၁၀ နှစ်အရွယ်တွင် ခြံအလုပ်သမားအဖြစ် ဝင်လုပ်ရသည်။ 

၁၉၀၂ ခုနှစ်တွင် သူ့အသက် ၁၂ နှစ်သားအရွယ်၌ သူ့မိခင်က နောက်အိမ်ထောင်ပြုသည်။ သူတို့မောင်နှမတွေ ဒုက္ခတွေပတ်လည်ဝိုင်းပြီး ကြီးပြင်းခဲ့ရသည်။ အသက် ၁၄ နှစ်သားအရွယ်တွင် အင်ဒီယားနားတောင်ပိုင်းရှိ ခြံတစ်ခုတွင် အလုပ်သွားလုပ်ရသည်။ ထိုနှစ်တွင် သူအလုပ်စုံ လျှောက်လုပ်ပြီး ရပ်တည်နေရသည်။ အိုဟိုင်းအိုးမြစ်ပေါ်တွင် ပြေးဆွဲနေသော ကုတို့လှေတွင်ဝင်လုပ်သည်။ တာယာရောင်းသည်။ ကင်တပ်ကီမြောက်ပိုင်း ဓာတ်ဆီဆိုင်အနီးတွင် စားသောက်ဆိုင်လေးတစ်ဆိုင်စဖွင့်သည်။ ထိုဆိုင်တွင် ကြက်ကြော်ရောင်းသည်။ ထိုအချိန်တွင် သူ့အသက်သည် ရုန်းကန်ရင်း ၄၀ သို့ ရောက်လာပြီဖြစ်သည်။

၁၉၃၉ ခုနှစ်တွင် သူသည် မိုတယ်နှင့် စားသောက်ဆိုင်တစ်ဆိုင်ကို ပိုင်ဆိုင်လာခဲ့သည်။ ထိုဆိုင်ကလည်း လေးလခန့်ဖွင့်ပြီးချိန်တွင် မီးလောင်သွားသည်။ ၁၉၄၀ ခန့်တွင် သူ၏ကြက်ကြော်လျှို့ဝှက်ချက်များကို လူတွေသတိပြုလာမိကြသည်။ ၁၉၄၂ ခုနှစ်တွင် စစ်ဖြစ်ချိန်တွင် သူ့လုပ်ငန်းများကို ရောင်းချလိုက်သည်။ ၁၉၄၇ ခုနှစ်တွင် အိမ်ထောင်ရေးအဆင်မပြေသဖြင့် ကွာရှင်းခဲ့ရပြန်သည်။

၁၉၅၅ ခုနှစ်တွင် လမ်းဘေး၌ဖွင့်ထားသည့် စားသောက်ဆိုင်သည် လမ်းမလွတ်သောကြောင့် အဖျက်ခံရပြန်သည်။ ထိုအချိန်တွင် သူ့ထံ၌ ၁၀၅ ဒေါ်လာသာ လက်ထဲတွင် ရှိတော့သည်။ အသက်ကလည်း ၆၅ နှစ် ထဲရောက်နေပြီ။ သူက နိုင်ငံအနှံ့တွင် ကြက်ကြော်ဆိုင်များ ဖွင့်နိုင်ရေးအတွက် သူ၏ကြက်ကြော်နည်းကို စားသောက်ဆိုင်ပေါင်း ၁၀၀၉ ခုအား လိုက်လံကမ်းလှမ်းခဲ့သည်။ သူ့ကြက်ကြော်နည်းကို တစ်ဆိုင်ကသာ လက်ခံခဲ့သည်။



Curtis Jackson

ကားတစ် ဂျက်ဆန်ကို ၁၉၇၅ ခုနှစ်တွင် နယူးယောက်၌ မွေးဖွားသည်။ သူ့ကို 50-Cent ဟူ၍လည်း လူသိများသည်။ သူ့ငယ်စဉ်ဘဝက ဝရုန်းသုန်းကား ဖြစ်လောက်အောင် ဘဝနာခဲ့သူဖြစ်သည်။ တကယ့် အပေအတေဘဝနှင့် ဝန်းကျင်တွင်ကြီးပြင်းခဲ့ရသည်။ သူကြီးပြင်းရသည့် ဝန်းကျင်မှာ မူးယစ်ဆေးနှင့် ရာဇဝတ်မှုများကြားတွင်ဖြစ်သည်။ သူ့မွေးမိခင် ဆာဘရီနာ ကိုယ်တိုင်ကပင် မူးယစ်ဆေးရောင်းဝယ်သူတစ်ဦး ဖြစ်နေသည်။ 

အသက် ၈ နှစ်သားအရွယ်တွင် သူ့မိခင်သည် သေနတ်အပစ်ခံရပြီး ကွယ်လွန်သွားခဲ့သည်။ မည်သူက မည်သည့်အတွက် ပစ်သတ်သွားကြောင်း မသိခဲ့ပေ။ သူ့ဖခင်ကလည်း သူ့ကို စွန့်ပစ်သွားသည်။ သူသည် အဘွားဖြစ်သူကြောင့် ရှင်သန်ခွင့်ရခဲ့ခြင်းဖြစ်သည်။ အသက် ၁၂ နှစ်သားအရွယ်တွင် မူးယစ်ဆေးအရောင်းအဝယ်စလုပ်သည်။ ၁၉၈၀ ပြည့်နှစ် မူးယစ်ဆေးတိုက်ဖျက်မှု အရှိန်မြှင့်နေချိန်မှာပင် သူသည် လှုပ်ရှားပြီး သူ့ဘဝကို သူရပ်တည်နေခြင်းဖြစ်သည်။

၁၉၉၄ ခုနှစ် အသက် ၁၉ နှစ်အရွယ်တွင် သူနေထိုင်သည့်နေရာကို ရဲတပ်ဖွဲ့ကဝင်စီးပြီး ရှာဖွေရာ မူးယစ်ဆေး၊ လက်နက်များနှင့်အတူ ဖမ်းမိသွားသည်။ ထောင်ဒဏ် ၃ နှစ်မှ ၉ နှစ်ဟု အမိန့်ချမှတ်ခြင်းခံရသည်။ သူ့ကို ပြန်လည်ပြုပြင်ထိန်းသိမ်းရေးစခန်းသို့အပို့ခံရပြီး ၆ လခန့်နေထိုင်ခဲ့ရသည်။ ပညာပြန်လည်သင်ကြားပြီး ဘဝကို ပြန်လည်ကောင်းအောင် နေထိုင်ပါမည်ဆိုသည့် အစီအစဉ်ဖြင့် လွတ်လာခြင်းဖြစ်သည်။ 

သူထောင်က လွတ်လာပြီးချိန်တွင် နာမည်ကိုလည်း ဆင့် ၅၀ ဟု ပြောင်းလိုက်သည်။ သူက အမည်သစ်ဖြင့် ဘဝကို စတင်ရန်ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ သူဆင့် ၅၀ ဆိုသည့်အမည်ကို ရွေးချယ်လိုက်ရခြင်းမှာ အဓိပ္ပာယ်အမျိုးမျိုးကြောင့်ဖြစ်သည်ဟု သူက ဆိုသည်။

၂၀၀၀ ပြည့်နှစ်တွင် သူ့အဘွားအိမ်ကအထွက် အပြင်တွင် သေနတ်နှင့် ၉ ချက်အပစ်ခံလိုက်ရသည်။ သူ့ကိုသေပြီဟုပင် ထင်ကြသည်။ သို့သော် ဆေးရုံရောက်ပြီး ကံကောင်းစွာ ရှင်နေချိန်တွင် ကိုလမ်ဘီယာကုမ္ပဏီနှင့် စာချုပ်လက်မှတ်ထိုးလိုက်ရသည်။ သူ၏သီချင်းဖြစ်သည့် Ghetto Qu’ran ကြောင့် ပြဿနာတွေတက်ကာ အမည်ပျက်စာရင်းလည်း အသွင်းခံရသည်။ ကနေဒါကိုထွက်ပြီး သီချင်းအပုဒ် ၃၀ ကို သွင်းကာ ဓာတ်ပြားထုတ်ခဲ့ရသည်။

၂၀၀၂ ခုနှစ်တွင် စတင်ပြီးနာမည်ရလာသည်။ အမေရိက၏ နာမည်ကျော်ရပ်ပါ၊ သရုပ်ဆောင်၊ လုပ်ငန်းရှင်၊ ရင်းနှီးမြှုပ်နှံသူတစ်ယောက်ဖြစ်လာသည်။ သုညဘဝမှ သူ၏အဆင့်ဆင့် ရုန်းကန်လာရပုံများ၊ ဘဝပျက်နေပြီး သေလုမြောပါးဖြစ်နေသော်လည်း ဘဝကို ကုန်းရုန်းထနိုင်ခဲ့ပုံများမှာ စံပြုလောက်စရာဖြစ်သည်။ 



Dr. Seuss

ဒေါက်တာဇုစ်ကို ၁၉၀၄ ခုနှစ်တွင် မွေးဖွားသည်။ သူ့အမည်ရင်းမှာ သီအိုဒို ဇုစ်ဂိုင်ဆဲ (Theodor Seuss Geisel)ဖြစ်သည်။ ဒေါက်တာဇုစ်ဆိုသည့် အမည်ကို ၁၉၂၇ ခုနှစ်လောက်ကမှ ရလာခဲ့ခြင်းဖြစ်သည်။ အောက်စ်ဖို့ဒ်၊ ဒါးမောက်နှင့် လင်ကွန်းကောလိပ်တွင် တက်ရောက်ပညာသင်ကြားခဲ့ပြီး အင်္ဂလိပ်ဘာသာစာပေကို ဒေါက်တာဘွဲ့အတွက် ရယူခဲ့ပြီးနောက် ဒေါက်တာဇုစ်ဖြစ်လာရခြင်းပင်။

ကျောင်းဆရာလုပ်နေစဉ် သူ့ကို အလုပ်ထွက်ခိုင်းသူမှာ ဟယ်လင်ပန်ဖြစ်သည်။ ဟယ်လင်နှင့် သူသည် ကောလိပ်ကျောင်းသားဘဝတွင် တွေ့ခဲ့ကြခြင်းဖြစ်သည်။ သူ့ကို ဆရာလုပ်မည့်အစား ပန်းချီဆွဲရန် တိုက်တွန်းအားပေးခဲ့သူလည်း ဖြစ်သည်။ 

၁၉၂၈ ခုနှစ်တွင် သူတို့နှစ်ယောက် လက်ထပ်ခဲ့ကြသည်။ သူက ကြော်ငြာပန်းချီကားများဆွဲပြီး ရပ်တည်နိုင်ရန် ကြိုးစားသည်။ NBC, Standard Oil, General Electric စသည့် ကုမ္ပဏီကြီးများ၏ ကြော်ငြာများကို ရေးဆွဲပေးခဲ့ရသည်။ ၁၉၃၇ ခုနှစ်တွင် သူတို့ လက်ထပ်ပြီး သက်တမ်း ၉ နှစ်ကာလ၌ သူက And to Think I Saw it on Mulberry Street ဆိုသည့် စာမူကို ပထမဆုံးအကြိမ်အဖြစ် ရေးသားခဲ့သည်။ 

သူရေးထားသည့် စာမူလေးကို ထုတ်ဝေရေးတိုက်များကို လိုက်ပြီးပြသခဲ့ရာ ၂၈ ကြိမ်တိုင် အငြင်းပယ်ခံခဲ့ရသည်။ နောက်ဆုံး Random House/ Vanguard Press က သူ့စာမူကို လက်ခံလိုက်သည်။ ထိုတိုက်ကို ဦးစီးနေသည့် ဥက္ကဋ္ဌ ဂျွန်အိုဟာရာက သူ့သက်တမ်းတွင် ဝီလျှံဖော့နာလို နာမည်ကျော်စာရေးဆရာကြီးများကို ထုတ်ဝေပေးခဲ့ရဖူးကြောင်း သူမမေ့နိုင်သည့် စာရေးဆရာတစ်ယောက်မှ ဂိုင်ဆဲဖြစ်ကြောင်း ထုတ်ဖော်ပြောကြားသည်။

ဂိုင်ဆဲသည် ၁၉၉၁ ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။ သူရေးသားခဲ့သော စာအုပ်များကို သန်း ၆၀၀ ကျော် ပုံနှိပ်ထုတ်ဝေခဲ့ရသည်။ ဘာသာပေါင်း ၂၀ ဖြင့် အခြားဘာသာများသို့ပြန်ဆိုခဲ့ရသည်။ သူ့ဘဝတွင် ၂၈ ကြိမ် အငြင်းပယ်ခံခဲ့ရသော် မလျှော့သောလုံ့လကြောင့် အောင်မြင်ခဲ့ရသူ ဖြစ်ခဲ့သည်။

E-01

  • TAGS