News

POST TYPE

ARTICLE

အားကျစေချင် နည်းပညာရှင်များ (၉)
14-Jul-2018



စတိဂျော့၏ ငယ်ဘဝအကြောင်း

စတိဂျော့ (Steve Jobs) ဆိုသည့်ကောင်လေးသည် ကျောင်းမတက်မီကတည်းက ပညာများကို သူ့ဘာသာသူ လေ့လာခဲ့သူတစ်ယောက်ဖြစ်သည်။ သူက ဖခင်ဖြစ်သူနှင့်အတူ ကားဂိုဒေါင်အတွင်းရှိ အလုပ်စားပွဲပေါ်တွင် အလုပ်လုပ်ကိုင်ခဲ့ရသူဖြစ်သည်။ သူနေထိုင်ရသည့် မောင်းတိန်းဗျူးဝန်းကျင်တွင်လည်း အိမ်နီးချင်းတွေက အင်ဂျင်နီယာတွေဖြစ်နေခြင်းမှာ စတိဂျော့အတွက် ကံကောင်းခြင်းဖြစ်သည်။ ပတ်ဝန်းကျင်ရေခံမြေခံကောင်းခဲ့သောကြောင့်လည်း စတိဂျော့တစ်ယောက် အီလက်ထရွန်နစ်ပညာကို စိတ်ဝင်စားခဲ့ခြင်းဖြစ်သည်ဟု ဆိုရမည်။

စတိဂျော့က သူငယ်စဉ်ကလေးဘဝက သစ်သီးပင်တွေ ဝန်းရံနေသော ခြံတွေထဲကအိမ်ကို သုခဘုံတစ်ခုအဖြစ် ထင်မှတ်နေခဲ့သူဖြစ်သည်။ လေကောင်းလေသန့်တွေရသည့် တစ်နေရာမှကြည့်လိုက်လျှင် အခြားတစ်နေရာကို ကောင်းစွာလှမ်းမြင်နိုင်သည့် နေရာမျိုးကို သူသဘောကျသည်။ 

သူ့ဖခင်သည် သူ့အတွက် လက်ဦးဆရာဖြစ်သည်။ စက်များကို စိတ်ဝင်စားရန်၊ ပြင်ဆင်တတ်စေရန် ပထမဆုံး လေ့ကျင့်ပျိုးထောင်ပေးသူတစ်ယောက်လည်းဖြစ်သည်။ စတိဂျော့သည် ငယ်စဉ်ကတည်းကလည်း ထူးချွန်ကြောင်း ဖော်ထုတ်ပြသနိုင်ခဲ့သူတစ်ဦးဖြစ်သည်။ သူ ၅ နှစ်သားအရွယ်ကတည်းက ဖခင်၏ ကားဂိုဒေါင်ထဲတွင် စက်ပစ္စည်းလေးများကို တီထွင်ထုတ်နေသည်။ သူက ကျောင်းတက်ရခြင်းထက် အိမ်တွင်း ကားဂိုဒေါင်ကို ပိုမက်သည်။ သူက ကာလီဖိုးနီးယားပြည်နယ်၊ မောင်းတိန်းဗျူး အရပ်ရှိ မွန်တာလိုမာမူလတန်းကျောင်းတွင် ကျောင်းတက်ရသည်။ သူ့အတွက် ကျောင်းတက်ရသည်မှာ စိတ်ပျက်စရာတွေဖြစ်နေရသည်။

ဂျော့က တစ်ချိန်ကပြောဖူးသည်။ ကျောင်းဆိုတာ သူ့အတွက် အစပိုင်းတွင် ခက်ခဲကြောင်းထုတ်ဖော်ပြောခဲ့သည်။ သူကစာဖတ်တတ်သည်။ ကိုယ်တိုင်စာဖတ်ပြီး ရေဒီယိုတွေပြင်သည်။ အိမ်နီးချင်း သူငယ်ချင်းလာရီလန်းနှင့်အတူ ကျောင်းပိတ်ရက်များတွင် ဖခင်၏ကားကို ဝိုင်းပြင်ပေးရခြင်းအား သဘောကျသည်။ ကလေးဘဝကတည်းက စာဖတ်ခြင်းကို မြတ်နိုးသည်။ အပြင်ကိုထွက်ပြီး လိပ်ပြာလေးတွေကို လိုက်ဖမ်းချင်သည်။

သူက သိပ္ပံနှင့် သင်္ချာကို စိတ်ဝင်စားပြီး ယင်းပညာရပ်ဆိုင်ရာ စာအုပ်များကို ဖတ်တတ်သည်။ အိုင်စတိုင်း၊ ချာချီ၊ ဘားနတ်ရှောစသူတို့အကြောင်းများကို ဖတ်ရသည့်အခါတွင် ထိုပုဂ္ဂိုလ်ကျော်များသည် ကျောင်းပြီးအောင်မနေခဲ့ရသည့် ကျောင်းတက်ရခြင်း၌ ပြဿနာဖြစ်ခဲ့သူများဟု ကောင်းစွာသိရှိခဲ့သည်။ သူ့စိတ်ထဲတွင် ကျောင်းမပြီးဘဲ နိုဘယ်လ်ဆုရသူများအကြောင်း စွဲကောင်းစွဲနေနိုင်သည်။ 

ဂျော့သည် ဉာဏ်ရည်ထက်မြက်သူတစ်ယောက်ဖြစ်သော်လည်း ဆရာတွေကို စိန်ခေါ်တတ်သူတစ်ဦးမဟုတ်ပေ။ သူက ဉာဏ်ကောင်းသော်လည်း ပျင်းတတ်သဖြင့် ကျောင်းတွင်ပြဿနာတက်ရသည်။ သူသုံးတန်းတွင် ရစ်ဖာရန်တီနိုဆိုသည့် ကောင်လေးတစ်ယောက်နှင့် အပေါင်းအသင်းသွားဖြစ်သည်။ ထိုကောင်လေးက လူတိုင်းကို ဒုက္ခလိုက်ပေးသည်။ ရပ်ကွက်ထဲတွင် စက်ဘီးတွေကိုထားသည့် နေရာတစ်နေရာရှိသည်။ ထိုနေရာမှ စက်ဘီးများကို သူတို့ နှစ်ယောက် ညကတည်းက သော့တွေဖြုတ်ပြီး လိုက်ပြောင်းထားသည်။ နောက်တစ်နေ့ စက်ဘီးလာယူသူများ ဒုက္ခတွေ့နေရသည်ကို သူတို့ပျော်ကြသည်။ ထို့ပြင် ကျောင်းရှိ ဆရာများ၏ စားပွဲကို ထပေါက်ကွဲအောင်လုပ်သဖြင့်လည်း သူတို့ကို မကြာခဏ ကျောင်းထုတ်ခြင်းခံခဲ့ရသည်။

လူဆိုးလေးတွေနှင့်ပေါင်းပြီး ဗရုတ်လေးဖြစ်နေသည့် စတိဂျော့တစ်ယောက် ဆရာမကောင်းတစ်ယောက်ကို သွားကြုံလိုက်ရသည်။ ဆရာမအမည်က မစ္စဟေးဖြစ်ပြီး မွန်တာနာလိုမာကျောင်းတွင် စတုတ္ထတန်းကိုသင်သည်။ ဂျော့က ထိုဆရာမအား မိမိဘဝ၏သူတော်စင်ဟု တင်စားသတ်မှတ်ခဲ့သည်။ 

သူ၏ မကြာခဏပြဿနာရှာနေမှုများကြောင့် နောက်ဆုံးတွင် ဆရာမဟေး၏ အတန်းကို ဂျော့ရောက်လာရသည်။ ကျောင်းအုပ်ကြီးက ဒုက္ခပေးနေသည့် ဖာရန်တီနိုနှင့် ဂျော့တစ်ယောက်ယောက်ကို ဆရာမအား ရွေးခိုင်းလိုက်သည်။ ဆရာမက ဂျော့ကို သူ့စတုတ္ထတန်းတွင် ထားမည်ဟု ရွေးလိုက်သည်။

ဆရာမဟေး၏ ဂျော့ကို ပြုပြင်မှုသည် အလွန်ရှားပါးသည့်နည်းဖြစ်သည်။ သူ့ကို လာဘ်ထိုးနည်းဖြင့် ပြုပြင်ခြင်း ဖြစ်သည်။ ဆရာမက ဂျော့ကို နှစ်ပတ်ခန့်စောင့်ကြည့်ပြီးနောက် ခေါ်ပြောသည်။ ဆရာမက သင်္ချာလေ့ကျင့်ခန်း စာအုပ်တစ်အုပ် သူ့ကိုပေးပြီး အိမ်တွင်လုပ်ခဲ့ရန်၊ မည်သူ၏ အကူအညီကိုမှ မယူဘဲ ၈၀ ရာခိုင်နှုန်းမှန်အောင် တွက်နိုင်လျှင် ၅ ဒေါ်လာပေးမည်ဆိုပြီး စည်းရုံးခဲ့သည်။ 

ဂျော့က အံ့ဩသွားပြီး ဆရာမအား အမှန်လားဟုပင် ပြန်မေးခဲ့ရသည်။ မည်သည့်ကျောင်းသားအပေါ်တွင်မှ မပေးသည့် အခွင့်အရေးကိုပေးပြီး ဆရာမက ဂျော့ကို စည်းရုံးသိမ်းသွင်းခဲ့ခြင်းဖြစ်သည်။ 

ကျောင်းသားများကို လာဘ်ထိုးသလိုလုပ်ပြီး မက်လုံးပေးသင်ခြင်းမှာ ကောင်းသည့်လုပ်ရပ်တစ်ခုတော့ မဟုတ်ပေ။ သို့သော် ဂျော့ကို ဆရာမလုပ်လိုက်သည့် ပညာပေးမှုက အလွန်ထိရောက်သည်ဟုဆိုရမည်။ သူက ကျောင်းကို မှန်မှန်တက်ပြီး စာတွေ မှန်မှန်လုပ်လာသည်။ ဗရုတ်ကျသည့် အလုပ်တွေကိုလည်း သိပ်မလုပ်တော့ကြောင်းတွေ့ရသည်။ ဆရာမက သူ့စိတ်ဓာတ်ကို ပြုပြင်သည့်အနေနှင့် အသိတစ်ခုကို လက်ခနဲဖြစ်သွားစေရန် လုပ်ဆောင်ပြနိုင်ခြင်းအပေါ် သူကအလွန်သဘောကျပြီး တစ်သက်လုံးပြော မဆုံးနိုင်အောင်ဖြစ်ခဲ့သည်။ 

သူကတီထွင်လိုစိတ်မပျောက်သဖြင့် သူ့ကိုယ်ပိုင်ကင်မရာကို သူကိုယ်တိုင်တီထွင်သည်။ သူ့ထံတွင်မှန်ဘီလူး တွေရှိသည်။ ထိုမှန်ဘီလူးများကို အသုံးပြုပြီး ကင်မရာလုပ်ခြင်းဖြစ်သည်။ ထိုသို့လုပ်နိုင်ရန် သူကိုယ်တိုင် ရှာဖွေလေ့လာပြီး တည်ဆောက်သည်။ ကိုယ်တိုင်လေ့လာပြီး လုပ်ဆောင်နိုင်သည်ဆိုခြင်းက သူ့ဘဝတစ်ခုလုံးအပေါ် လွှမ်းမိုးသွားခဲ့သည်။

စတုတ္ထတန်းအဆင့်တွင် သူ့ထူးချွန်မှုတွေကို ပြသနိုင်ခဲ့သည်။ ထိုစဉ်က ထူးချွန်သည့်ကလေးများသည် အတန်းကို တစ်တန်း သို့မဟုတ် နှစ်တန်းကျော် တက်ခွင့်ပေးထားသည်။ ဂျော့ကလေးတန်းအောင်ပြီး နှစ်တန်း ခုန်တက်ရန်ဆုံးဖြတ်သည်။ သူ့မိဘတွေက သဘောမကျသော်လည်း သူကသဘောကျနေသည်။ သူ့အတွက် အတန်းကျော်တက်သည်ဆိုခြင်းမှာ တစ်တန်းတက်တက်၊ နှစ်တန်းတက်တက်မထူးခြားဟု လက်ခံယူဆထားသူလည်းဖြစ်သည်။ 

အတန်းကျော်တက်ရခြင်းမှာ အသက်အရွယ်အပိုင်းအခြားအရ ကွာဟသဖြင့် သိပ်ပြီးမလွယ်သော စွန့်စားမှု တစ်ခုလည်းဖြစ်သည်။ အတန်းထဲတွင် အသက်ကြီးသည့် သူများကို အပေါင်းအသင်းလုပ်ရမည်မှာ သိပ်တော့ မလွယ်ကူလှပေ။ ၆ တန်းကို တက်ရမည်ဖြစ်သောကြောင့် ဤကျောင်းတွင် ဆက်နေ၍မဖြစ်နိုင်တော့။ ခရစ်တင်ဒန် အလယ်တန်းကျောင်းကို ပြောင်းရွှေ့ရပေလိမ့်မည်။ ခရစ်တင်ဒန်ကျောင်းသည် လူဆိုးလေးတွေ ကျောင်းအဖြစ်နာမည်ကျော်သည်။ ကျောင်းကို ဓားတွေယူလာကြသည်။ ရေချိုးခန်းထဲတွင်လည်း မကြာခဏ ရန်ပွဲတွေ ဆင်နွှဲလေ့ရှိကြသည်။ အရွယ်မမျှသည့် ဂျော့တစ်ယောက်ရင်ဆိုင်ရမည့် ပြဿနာမှာ ကျောင်းသားကြီးများ၏ အနိုင်ကျင့် ဗိုလ်ကျမှုဖြစ်သည်။ 

ဂျော့သည် ဆဋ္ဌမတန်းကို ကျော်ဖြတ်နိုင်ခဲ့သည်။ သတ္တမတန်းနှစ်ဝက်လောက်တွင် သူက ထိုကျောင်းကို စိတ်ပျက်ပြီး မသွားချင်တော့ကြောင်း မိဘများကို ပြောကြားခဲ့သည်။ သူ့ကို အခြားကျောင်း တစ်ကျောင်းကို ပြောင်းပေးရန် မိဘများအားတောင်းပန်သည်။ သူက မပြောင်းပေးလျှင် ကျောင်းမသွားတော့ကြောင်း မိဘတွေကိုပြောသဖြင့် သူ့ကို ကျောင်းပြောင်းပေးလိုက်ရသည်။

၁၉၆၇ ခုနှစ်တွင် ဂျော့တို့မိသားစုသည် ကာလီဖိုးနီးယားရှိ ဆန်နီးဗေးလ်ကို ပြောင်းရွှေ့ကြသည်။ ထိုမြို့တွင် ဂျော့တက်ခွင့်ရသည့်ကျောင်းမှာ ကူပါတီနိုဂျူနီယာအထက်တန်းကျောင်းဖြစ်သည်။ ထိုဒေသတွင် အကောင်းဆုံး အစိုးရကျောင်းတစ်ကျောင်းဖြစ် သည်။ သူ့ဘဝတွင် ထိုမြို့ကို မိဘများနှင့်အတူ ပြောင်းရွှေ့လာနိုင်ခဲ့ခြင်းမှာ ကြီးစွာသော အပြောင်းအလဲကြီး တစ်ခုကို ဖြစ်ပေါ်လာစေခဲ့သည်။ 

ဂျော့သည် ဆန်နီဗီးလ်သို့ရောက်လာသော်လည်း သူငယ်ချင်းလာရီလန်းနှင့် အဆက်အသွယ် မပြတ်သူဖြစ်သည်။ ဂျော့က လာရီအိမ်သို့လာလည်ပြီး ကားဂိုဒေါင်ထဲတွင် သူငယ်ချင်းနှစ်ယောက်အလုပ်ရှုပ်နေကြသည်။ သူတို့က Heatkits ဆိုသည့် ပစ္စည်းတစ်မျိုးကို ပူးပေါင်းတီထွင်နေကြခြင်းဖြစ်သည်။ လာရီက ဂျော့ကို Hewlett-Packard Explorers ကလပ်သို့ခေါ်သွားပြီး အဖွဲ့ဝင်ခိုင်းသည်။

သူတို့တစ်ပတ်တစ်ကြိမ် ကလပ်ကိုသွားကြသည်။ ကုမ္ပဏီမှ အင်ဂျင်နီယာတစ်ဦးဖြစ်သည့် ဟျူးလက်ပက်ကတ်က ထိုကလပ်ကိုလာပြီး သူတို့ကို ကုမ္ပဏီက လိုအပ်နေသည့် နောက်ဆုံးပေါ်ပစ္စည်းများ တီထွင်နိုင်ရန် သင်တန်းလာပေးသည်။ သူတို့နှစ်ယောက် ဟျူးလက်ပက်ကတ်ကုမ္ပဏီ၏ ပရောဂျက်များကို စိတ်ဝင်စားခဲ့ကြသည်။

သူတို့သည် ထိုအချိန်မှ Hewlett Packard ကုမ္ပဏီက ထုတ်လုပ်ထားသည့် ကွန်ပျူတာကို တွေ့ဖူးကြခြင်း ဖြစ်သည်။ ယင်းကွန်ပျူတာကို 9100A ဟု အမည်ပေးထားသည်။ ဂဏန်းပေါင်းစက်အဆင့်ကို ပြန်ပြီး အဆင့်မြှင့်မွမ်းမံထားသော ကွန်ပျူတာဖြစ်သည်။ ပေါင် ၄၀ ခန့်လေးသည့် ကွန်ပျူတာဖြစ်ကာ သူတို့မျက်စိထဲတွင် အလွန်လှပသော ထူးဆန်းသည့် ပစ္စည်းကြီးတစ်ခုအနေနှင့် ရှုမြင်မိတော့သည်။

သူတို့နှစ်ယောက် ကလပ်တွင် ပရောဂျက်များကို လွတ်လပ်စွာ လုပ်ဆောင်ခွင့်ရခဲ့သည်။ ဂျော့က ဖရီကွင်စီများကို တိုင်းတာသည့် Frequency Counter ကို တီထွင်ရန် ဆုံးဖြတ်သည်။ အီလက်ထရွန်နစ် signal ကို တိုင်းတာပေးနိုင်သည့်စက်ဖြစ်သည်။ သူတီထွင်မည့်စက်၏ အစိတ်အပိုင်းများကို ထုတ်လုပ်ထားသည်ကလည်း Hewlett Packard ကုမ္ပဏီကဖြစ်သည်။ သူက ကုမ္ပဏီနှင့် အကြိမ်ကြိမ်ဆက်သွယ်ပြီး ဘီလ်ဟျူးလက်နှင့်အတူ ပစ္စည်းတွေကိုဆင်ကြသည်။ သူ့ကို သဘောကျသဖြင့် Hewlett Packard  ကုမ္ပဏီက အလုပ်ပေးသည်။ ထို့ကြောင့် ဂျော့တစ်ယောက် အထက်တန်းကျောင်းတွင် ကျောင်းတက်နေသည်ဆိုသော်လည်း ဝန်ထမ်းတစ်ပိုင်းဖြစ်နေရုံမက ကလပ်တွင်လည်း ပရောဂျက်များကို သွားလုပ်နေသူ ဖြစ်လာသည်။

သူသည် ငယ်စဉ်ကတည်းက ဉာဏ်ရည်လည်းထက်၊ သူ့ကိုယ်သူလည်း ယုံကြည်မှုအပြည့်ရှိပြီး စူးစမ်းလေ့လာမှုကို အားသန်သူဖြစ်သည်။ သူသည် အခွင့်အလမ်းကို ဆုပ်ကိုင်တတ်သည်။ Hewlett Packard ကုမ္ပဏီကြီးနှင့် ဆက်သွယ်လုပ်ဆောင်ခွင့်ရချိန်တွင် သူ့အတွက် အနာဂတ်လမ်းကြောင်းကို ချမှတ်ထားပြီးသား ဖြစ်သည်။ စွန့်ဦးတီထွင် လုပ်ငန်းရှင်ဘဝကို သူကစိတ်ကူးထားပြီး အကောင်အထည်ဖော်နေသည်။ သူက Hewlett Packard ထံတွင် တပည့်ခံပြီး သင်ယူနေသော်လည်း တစ်နေ့တွင် သူသည် နည်းပညာလောက၏ တီထွင်မှုပါရဂူဆရာကြီးတစ်ဆူ ဖြစ်လာစေရန် ကြိုးစားနေသူလည်းဖြစ်သည်။

E-01

(Ref: Steve Jobs, American Genius)