News

POST TYPE

ARTICLE

အပေါင်မဲ့ချေးငွေ စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်ကဏ္ဍများကို ဦးစားပေးမည်
13-Jul-2018
ရန်ကုန်၊ ဇူလိုင် ၁၂

အသေးစားနှင့်အလတ်စား စက်မှုလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ် (SMID Bank) က သွင်းကုန်အစားထိုးနှင့် ပို့ကုန်အားပေးသည့် လုပ်ငန်းများတွင် အလုပ်အကိုင်များ ဖန်တီးပေးနိုင်ရန်အတွက် အပေါင်ပစ္စည်းမဲ့ချေးငွေကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုကဏ္ဍများအတွက် ဦးစားပေးထုတ်ချေးမည်ဖြစ်ကြောင်း SMID Bank ထံမှ သိရသည်။

အာမခံအပေါင်ပစ္စည်းအပေါ်တွင် အခြေမခံသည့် ငွေသားစီးဆင်းလည်ပတ်မှုကို အကဲဖြတ်ထုတ်ချေးသည့် ချေးငွေ (SMID CFB Loan – Cash Flow- Based Loan) ကို စိုက်ပျိုးရေးကဏ္ဍရှိ စပါး၊ ပြောင်းစိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးကဏ္ဍရှိ ငါး၊ ပုစွန်၊ ကဏန်း၊ ကြက်၊ နို့စားနွားမွေးမြူရေးလုပ်ငန်းများ၊ ကုန်ထုတ်လုပ်သည့်ကဏ္ဍရှိ စားသောက်ကုန်၊ လူသုံးကုန်နှင့် အဝတ်အထည်လုပ်ငန်းများကို ဦးစားပေးထုတ်ချေးပေးမည်ဖြစ်ကြောင်း ယင်းဘဏ်ထံမှသိရသည်။

“တစ်ဧကကို ကျပ်လေးသိန်းချေးမယ်ဆိုရင် လေးသိန်းလုံးကို တစ်ခါတည်း ပေးလိုက်မှာမဟုတ်ဘူး။ ချေးငွေယူပြီးတဲ့အခါ လုပ်ငန်းထဲအကုန်မသုံးဘဲ တခြားနေရာတွေသုံးလိုက်တဲ့အခါ ပြန်ဆပ်တဲ့အချိန်မှာ အခက်အခဲတွေတွေ့ရတတ်တဲ့အတွက် လုပ်ငန်းပြီးစီးတဲ့ အဆင့်အလိုက် ထုတ်ပေးမှာပါ”ဟု SMID Bank အမှုဆောင်အရာရှိချုပ် ဒေါက်တာဇေယျာညွန့်က ပြောကြားသည်။

အဆိုပါလုပ်ငန်းများကို ထုတ်ချေးပေးရန်အတွက် SMID Bank အနေနှင့် ကျပ်ဘီလီယံ ၁၀၀ လျာထားပြီး ချေးငွေပမာဏ ကျပ်သိန်း ၅၀၀ အထိ အများဆုံး ထုတ်ချေးပေးမည်ဖြစ်ကာ တစ်လလျှင် အတိုးနှုန်း ၁ ရာခိုင်နှုန်းနှင့် သုံးနှစ်အတွင်း အကျေပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ချေးငွေလျှောက်ထားလိုသူများသည် အသက် ၂၀ နှင့် ၆၀ ကြား ရှိရမည်ဖြစ်ပြီး စီးပွားရေးနယ်ပယ်တွင် လုပ်ငန်းလုပ်သက် ၂ နှစ်နှင့်အထက် ရှိရမည်ဖြစ်ကာ တင်ပြသည့်လုပ်ငန်းသည် အနည်းဆုံး တစ်နှစ်နှင့်အထက် ဆက်တိုက်လည်ပတ်နေသည့် လုပ်ငန်းဖြစ်ရမည်ဖြစ်ပြီး SME အသင်းဝင်ကတ်နှင့် ချေးငွေလျှောက်ထားသည့် ရည်ရွယ်ချက်ကို အသေးစိတ်တင်ပြရမည်ဖြစ်ကြောင်း SMID Bank ထံမှ သိရသည်။

ချေးငွေလျှောက်လွှာများကို SME Center များတွင် စတင်ဝယ်ယူနိုင်ပြီဖြစ်ကာ ချေးငွေအကြောင်း အသေးစိတ်သိရှိလိုပါက SMID Bank ၏ SME Banking Department ဖုန်း ဝ၁- ၂၃၀၂၃၃၇ သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း ယင်းဘဏ်ထံမှသိရသည်။

J-11


  • VIA