News

POST TYPE

ARTICLE

မန္တလေးတွင် မတ်ပဲဈေး အနိမ့်ဆုံးရောက်
12-Jul-2018


မန္တလေး၊ ဇူလိုင် ၁၁

မန္တလေးကုန်စည်ဒိုင်၏ မတ်ပဲဈေးနှုန်းသည် ယမန်နှစ်ကနည်းတူ အနိမ့်ဆုံးဈေးသို့ ပြန်လည်ရောက်ရှိလာကြောင်း ယင်းကုန်စည်ဒိုင်သို့လာရောက်သော ပဲ၊ နှမ်းကုန်သည်များက ပြောကြားသည်။

ယမန်နှစ်က အိန္ဒိယနိုင်ငံဘက်မှ ပဲတီစိမ်း၊ ပဲစင်းငုံ၊ မတ်ပဲ ဝယ်ယူမှု ပိတ်သိမ်းခဲ့ပြီးနောက် သုံးတင်းဝင် မတ်ပဲတစ်အိတ်၏ ဈေးသည် ၃၇,၀၀၀ ကျပ်အထိ ကျဆင်းခဲ့ခြင်းနှင့်နှိုင်းယှဉ်၍ ၎င်းတို့က ပြောဆိုကြခြင်းဖြစ်သည်။

လက်ရှိအချိန်၌ သုံးတင်းဝင်မတ်ပဲ တစ်အိတ်လျှင် ကျပ် ၃၇,၀၀၀ နှင့် ၃၈,၀၀၀ ကြားဖြင့်သာ အရောင်းအဝယ်ရှိကြောင်း မန္တလေးမြို့ရှိ အောင်ကြည်ဝင်း ပွဲရုံပိုင်ရှင် ဦးရဲမိုးအောင်က ပြောကြားသည်။

“ပြည်တွင်းက သုံးနေတာတောင် မတ်ပဲက ဈေးတအားကျနေတယ်။ ဈေးကွက်ပျက်ပြီး ပရမ်းပတာဖြစ်နေတဲ့ပဲကို ပြပါဆိုရင်မတ်ပဲပဲဗျ”ဟု ၎င်းက ပြောဆိုသည်။

အပင်ဖောက်သမားများ ဝယ်ယူသည့် မတ်ပဲအမျိုးအစားသာ သုံးတင်းဝင် တစ်အိတ်လျှင် ကျပ် ၄၅,၀၀၀ မှ ၅၀,၀၀၀ ကျပ်အထိ ဈေးရကြောင်း ဦးရဲမိုးအောင်က ရှင်းပြသည်။

ယခုအခါ အိန္ဒိယနိုင်ငံက မတ်ပဲနှင့် ပဲတီစိမ်းများကို ပြန်လည်ဝယ်ယူခဲ့သော်လည်း ဝယ်ယူသည့်ပမာဏမှာ ပြည်တွင်းထွက်နှုန်း၏ ပမာဏအနည်းငယ်သာရှိကြောင်း မန္တလေးမြို့ခံ ပဲ၊ နှမ်း ကုန်သည်အချို့က ပြောကြားသည်။

ယခုနှစ် မတ်ပဲအစိုက်နည်းသည်ဟု ဆိုသော်လည်း ဒေသစုံကထွက်ရှိလာနိုင်သည့် ပဲပမာဏနှင့် ရန်ကုန်ရှိကုန်သည်များထံတွင် ကျန်နေသေးသော မတ်ပဲပမာဏကြောင့် ပြည်တွင်း၌မတ်ပဲတန်ချိန်များစွာ ကျန်ရှိနေသေးကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ 

M-08



  • VIA