News

POST TYPE

ARTICLE

မန္တလေးတိုင်းတွင် ကြားဖြတ်ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းအမည်စာရင်း ၁၆ ဦးတင်သွင်း
12-Jul-2018
မန္တလေး၊ ဇူလိုင် ၁၁

မန္တလေးတိုင်းအတွင်း ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် ပါတီအသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းသူ ၁၆ ဦးရှိကြောင်း မန္တလေးတိုင်းရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ဒုတိယညွန်ကြားရေးမှူး ဦးကျော်ကျော်စိုးက ပြောကြားသည်။

ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းကို ဩဂုတ်လ ၆ ရက်နေ့တွင် ကြေညာပေးမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လွှတ်တော်အသီးသီး၏မဲဆန္ဒနယ်များအတွက် လွှတ်တော်ကိုယ်စား လှယ်လောင်းအမည်စာရင်းကို ဇူလိုင်လ ၂ ရက်နေ့မှ ၁၁ ရက်နေ့အထိ တင်သွင်းနိုင်ကြောင်း ကြေညာထားသည်။

မန္တလေးတိုင်းတွင် မြင်းခြံမြို့နယ်မှ ပြည်သူ့လွှတ်တော်အတွက်တစ်နေရာ၊ သပိတ်ကျင်းမြို့နယ်မဲဆန္ဒနယ်မှ မန္တလေးတိုင်း လွှတ်တော်မဲဆန္ဒနယ် အမှတ် (၁) နေရာနှင့် မန္တလေးတိုင်းလွှတ်တော်၊ရှမ်းတိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်နေရာတို့ လစ်လပ်လျက်ရှိသည်။

ရှမ်းတိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် နေရာအတွက် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်နှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်တစ်ဦး ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်းတင်သွင်းထားသည်။

မြင်းခြံမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်တစ်နေရာအတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ လူ့ဘောင်သစ် ဒီမိုကရေစီပါတီနှင့် ပြည်သူ့အလုပ်သမားပါတီတို့မှ အမည်စာရင်းတင်သွင်းထားကာ သပိတ်ကျင်းမြို့နယ် အမှတ် (၁) မဲဆန္ဒနယ်မှ မန္တလေးတိုင်းလွှတ်တော်နေရာအတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီနှင့် ဒီမိုကရက်တစ်ပါတီ (မြန်မာ) တို့မှ ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းထားကြောင်း မန္တလေးတိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ စာရင်းများအရသိရသည်။

မြန်မာတစ်နိုင်ငံလုံးတွင် လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲကို နိုဝင်ဘာလ ၃ ရက်နေ့တွင် ကျင်းပမည်ဖြစ်သည်။ 

M-05


  • VIA