News

POST TYPE

ARTICLE

ကျောင်းများတွင် အမှိုက်ခွဲခြားပစ်နည်း သင်ပေးမည်
12-Jul-2018

မန္တလေး၊ ဇူလိုင် ၁၁

စွန့်ပစ်အမှိုက်များကို ခွဲခြားစွန့်ပစ်တတ်စေရန် မန္တလေးမြို့တော်ရှိ အခြေခံပညာကျောင်းများတွင် သင်ရိုးညွှန်းတမ်းတစ်ခုကဲ့သို့ သင်ကြားပေးမည်ဖြစ်ကြောင်း မြို့တော်စည်ပင်သာယာရေးကော်မတီ သန့်ရှင်းရေးဌာန ဒုဌာနမှူး ဦးစိုးတင့်အောင်က ပြောကြားသည်။

“အမှိုက်ကို ဘယ်လိုပစ်ရမလဲဆိုတာ ကျောင်းက ဆရာ၊ ဆရာမတွေကိုခေါ်ပြီး အရင်ပို့ချမယ်။ ပြီးရင် ဆရာမတွေကတစ်ဆင့် ပြန်သင်ပေးပေါ့”ဟု ၎င်းက ပြောဆိုသည်။

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီသည် ယခင်က အခြေခံပညာကျောင်းများတွင် အမှိုက်ခွဲခြားစွန့်ပစ်ရန် ပညာပေးဟောပြောမှုများ ပြုလုပ်ခဲ့ဖူးပြီး ယခုနှစ်တွင် သင်ရိုးညွှန်းတမ်းရေးဆွဲကာ သင်ကြားပေးနိုင်ရေး စီစဉ်ထားခြင်းသည်။

“အမှိုက်ကို စနစ်တကျစွန့်ပစ်ရေး ပြည်သူတွေကို ပညာပေးဖို့လိုပါတယ်။ ပိုပြီးအဓိကကျတာက အနာဂတ်ရဲ့ တိုင်းပြည်တာဝန်ထမ်းဆောင်မယ့် ကျောင်းသားတွေပါ”ဟု မန္တလေးတိုင်း၊ စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာရဲလွင်ကလည်း သူ၏လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

မန္တလေးမြို့တော် စည်ပင်နယ်နိမိတ်ရှိ အခြေခံပညာကျောင်း တစ်ကျောင်းလျှင် ဆရာ၊ ဆရာမနှစ်ဦးနှုန်းဖြင့် သင်ကြားပေးမည်ဖြစ်ကာ သင်တန်းကာလအနေနှင့် ရက်ပိုင်းမျှသာကြာမြင့်မည်ဖြစ်ကြောင်း၊ ဩဂုတ်လဆန်းပိုင်းတွင် သင်ကြားပေးနိုင်ရန် ခန့်မှန်းထားကြောင်း ဦးစိုးတင့်အောင်က ပြောဆိုသည်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စွန့်ပစ်အမှိုက်စီမံခန့်ခွဲရေး အစီအစဉ်များကို ကျောင်းသင်ခန်းစာအဖြစ် ထည့်သွင်းရေးသည် မန္တလေးမြို့တော် စွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုမဟာဗျူဟာနှင့် လုပ်ငန်းစီမံချက်၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။

“၁၀ တန်းကိုဖြတ်သင်မယ့်အစား မူလတန်း၊ အလယ်တန်းကို သင်တာပိုကောင်းတယ်။ သူတို့က အမှိုက်ကို ခွဲခြားမယ်။ အထူးသဖြင့် Recycle (ပြန်လည်အသုံးပြုလို့ရ) Non-recycle (ပြန်လည်အသုံးပြုလို့မရ) ခွဲတတ်ရင်ရပြီ”ဟု ဦးစိုးတင့်အောင်က ထပ်မံပြောဆိုသည်။

“သင်တန်းကိစ္စကို ကျောင်းကတော့မပြောသေးဘူး။ သင်တန်းပေးတာက လွယ်ပါတယ်။ ခုတော့ဆရာမတွေ ဘယ်လိုပြောပြော ဘယ်ကလေးမှ မလိုက်နာဘူး။ ကျောင်းမှာ အမှိုက်ခွဲခြားစွန့်ပစ်ဖို့ စတစ်ကာတွေနဲ့ အမှိုက်ပုံးတွေ ထောက်ပံပေးဖို့လို့တယ်”ဟု အမှတ် (၁၄) အခြေခံပညာ အထက်တန်းကျောင်းမှ ဆရာမဒေါ်ကေနွယ်ဇာခိုင်က ပြောဆိုသည်။

M-07