News

POST TYPE

ARTICLE

မန္တလေးတွင် ကားအရောင်းအဝယ် ရပ်ဆိုင်း
မန္တလေး၊ ဇူလိုင် ၁၀

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနတွင် သက်တမ်းတိုးရန် ယာဉ် စစ်ဆေးရာ၌ ဖောက်စွပ်ကားများတွေ့ရှိပါက မှတ်ပုံတင်ဖျက်သိမ်း၍ ကားသိမ်းယူမှုများရှိနေခြင်းကြောင့် မန္တလေးမြို့ ပြည်ကြီးမျက်ရှင် ကားရောင်းဝယ်ရေးစခန်းအတွင်း ကားအရောင်းအဝယ်ဈေးကွက်မှာ ရပ်ဆိုင်းသွားကြောင်း အဆိုပါ ကားရောင်းဝယ်ရေးစခန်း အကျိုးတော်ဆောင်အဖွဲ့ အတွင်းရေးမှူး (၁) ဦးရဲညွန့်က ပြောကြားသည်။

“ရောင်းမယ့်သူလည်း မရောင်းရဲ၊ ဝယ်မယ့်သူကလည်း မဝယ်ရဲ၊ မစီးရဲဖြစ်ကုန်ကြပြီ”ဟု ၎င်းက ပြောဆိုသည်။ 

ကားအရောင်းအဝယ်ပြုလုပ်ရာတွင် ဆေးခွာကြည့်ပြီးဝယ်ယူ၍မရသောကြောင့် ဝယ်ယူခဲ့သောကားများ သက်တမ်းတိုးသည့်အခါ ဖောက်စွပ်ဖြစ်မည်ကို စိုးရိမ်နေကြကြောင်း ကားဝယ်ရောင်းများက ပြောဆိုသည်။

မော်တော်ယာဉ်များ၏ ဖရိန်ချက်စီ အမှတ်ကိုဖြတ်ဆက်ထားခြင်း၊ မူလမော်တော်ယာဉ်များ၏ ဖရိန်ချက်စီအမှတ်ပါ ဘောင်တစ်ခုလုံးကို အခြားယာဉ်တွင် ဖြတ်ဆက်ထားခြင်း၊ Body Coach ပြောင်းလဲထားကြောင်း စစ်ဆေးတွေ့ရှိပါက မော်တော်ယာဉ် မှတ်ပုံတင်ဖျက်သိမ်း၍ သိမ်းဆည်းအရေးယူရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ဇွန် ၆ ရက်နေ့က စာဖြင့်ညွှန်ကြားထားကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (မန္တလေး) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ 

လက်ရှိတွင် ပြည်ပကဝယ်ယူထားသည့် Used (အသုံးပြုပြီးသော) ကားများနှင့် ဈေးကွက်တွင်ရောင်းဝယ်လျက်ရှိသော ညာမောင်းကားများမှာ ယင်း ဖောက်စွပ်ပြဿနာရှိနိုင်သောကြောင့် ဝယ်ရောင်းဈေးကွက် မကောင်းနိုင်သေးဘဲ ပြည်တွင်း၌ ပြခန်းဖွင့်လှစ်ရောင်းချလျက်ရှိသော Brand New (ကားအသစ်) များအတွက် အားသာချက်တစ်ခု ဖြစ်လာနိုင်ကြောင်း မန္တလေးမြို့ခံ ကားပွဲစားများက ပြောဆိုသည်။

မန္တလေးကားဈေးကွက်အတွင်း အရောင်းအဝယ်မကောင်းသည်မှာ လေးလကျော်ကြာမြင့်ခဲ့ရာမှ ယခုအခါ ရပ်ဆိုင်းလုနီးပါး အခြေအနေနှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။  

M-08